Thursday 30 April 2020

ခရမ်းချဉ်သီး ကြက်ဥကြော်





ဒီနေ့တော့ ကြက်ဥကို အအီပြေအောင်လို့ ခရမ်းချဉ်သီးနဲ့ ကြော်ထားပါတယ် ထမင်းပူပူလေးနဲ့ အရမ်းဘဲ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဥ - သုံးလုံး
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး 
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ကြက်ဥကို ဆား အရသာမှုန့်တို့ထည့်ပြီး ခလောက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်ဥခလောက်ထားသော ပန်းကန်ထဲကို လှီးထားသော ခရမ်းချဉ်သီးများထည့်ပြီး မွှေပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့် အနည်းငယ် ထည့်ပေးပါ
  • ဆီအငွေ့တက်လာပါက ကြက်သွန်နီကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ခလောက်ထားသော ကြက်ဥကို ထည့်မွှေကာ ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ နွမ်းသွားပါက  ကြက်ဥမွှေကြော်ကို နောက်တစ်ဖက်လှန်ပြီး ကြော်ပေးပါ
  • ကြက်ဥနှင့်ခရမ်းချဉ်သီးများ ကျက်လာလျှင် ဟင်းပွဲပြင်ရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးကာ သုံဆောင်နိုင်ပါပြီ။

Wednesday 29 April 2020

ပုဇွန်ထုတ် ငါးပိရည်ဖျော်


ဒီနေ့တော့ ပုဇွန်ထုတ်တွေ ဝယ်လာပြီး အမျိုးစုံအောင် ကြိုးခုံရပါတော့မယ် ဒီတစ်ခါတော့ ပုဇွန်ထုတ်တွေကို အခွံခွာပြီး ငါးပိရည်နဲ့ရောပြီး ချက်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက ဇကာစိတ်စိတ်လေးခံပြီး အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ဆယ်ကောင်ခန့်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် (အနီရောင်နှင့် အစိမ်းရောင် ရောပြီးသုံးပါ)
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  6. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံမခွာဘဲ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ အခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ပုဇွန်ကိုလဲ ရေဆေးကာ အခွံ ခေါင်းနှင့် ကျောဘက်မှခွဲကာ အမည်းကြောင်းကို ထုတ်ပေးထားပါ
  • ငရုတ်သီးစိမ်းများကိုလဲ  အညှာများချွေ ပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်းများကို မညက်တစ်ညက် ထောင်းပေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုလဲ ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပုဇွန်မှလွဲပြီး ပါဝင်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ပုဇွန်ထုတ်ကို သုံးမိနစ်ခန့် ထည့်ပြီး ကြော်ပေးပါ
  • ပုဇွန်ကြော်လို့ ပြီးတာနဲ့ အရသာ စပ်ထားသော ငါးပိရည်အဖျော်ကို ပုဇွန်ကြော်ထဲ လောင်းထည့်ပေးကာ ပွက်ပွက်ဆူအောင် ကျိုပေးပါ
  • ပြီးတာနဲ့ အအေးခံပြီး တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လိုအပ်တဲ့အချိန် ယူသုံးနိုင်အောင် လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာ ရှိလှတဲ့ ပုဇွန်ထုတ် ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Tuesday 28 April 2020

BUFFALO CHICKEN WINGS



















ဒီနေ့တော့ ကြက်သားကို ချက်လိုက် ပြုပ်လိုက် ရိုးရိုးကြော်လိုက်နဲ့ ရိုးသလို ဖြစ်လာတဲ့အတွက် Buffalo chicken wings ကြော်လေး ကြော်လိုက်ပါတယ် စားလို့အရမ်း ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ကြက်သားအရသာနယ်ရန်

  1. ကြက်တောင်ပံ - ကီလိုဝက်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. သံပုယိုသီး အရည် - ထမင်းစားဇွန်း နှစ်ဇွန်း
ဂျုံမှုန့် အရသာနယ်ရန်
  1. ဂျုံမှုန့် - ခွက်တစ်ဝက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  2. ပြောင်းကော်မှုန့် - ခွက်တစ်ဝက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  3. Baking powder - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. Garlic powder - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဟင်းချက်ရန် ပါဝင်
  1. ထောပါတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  3. Ketchup - ခွက်တစ်ဝက် (မုန့်လုပ်ရာတွင် ချင်သောခွက်)
  4. ငရုတ်ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  5. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်သား ဆား ငရုတ်ကောင်းမှုန့်နှင့် သံပုယိုသီး အရည်တို့ကို ရောပြီး အရသာဝင်အောင် နယ်ပေးထားပါ
  • နောက်ထပ် ဇလုံတစ်လုံးထဲမှာ ဂျုံမှုန့် ပြောင်းကော်မှုန့် baking powder ဆား ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူမှုန့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောမွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အရသာ နယ်ထားသော ကြက်သားကို အရသာ နယ်ထားသော ဂျုံမှုန့်ထဲမှာ တစ်ခုချင်း လူးပေးပါ
  • ကြက်သားမှာ ဂျုံမှုန့်များ လူးပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအလယ်လောက်ထိ လျှော့ပေးပြီးမှ ကြက်သားတုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြက်သားကြော်နေစဉ် ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  • ဆီစစ်သလောက် ဖြစ်တာနဲ့ နောက်တစ်ခါ ဆီအိုးပူပူထဲမှာ ထည့်ပြီးကြော်ပေးပါ
  • ကြက်ကြော်များ ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီး နောက်တစ်ကြိမ် ဆီစစ်ပေးပါ
  • ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးပေးထားပါ
  • နောက်ထပ်ဒယ်အိုးတစ်လုံကို အပူပေးပြီး အိုးထဲမှာ ထောပါတ်ကိုထည့်ပြီး ပျော်သွားအောင် မွှေပေးပါ
  • ထောပါတ်ပျော်သွားတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူနံ့ သင်းလာတာနဲ့ ketchup ငရုတ်သီး အရောင်တင်မှုန့် သကြားနှင့် ပဲငံပြာရည်တို့ ထည့်ပြီး အရသာ သမအောင် မွှေပေးပါ
  • အရသာ သမသွားတာနဲ့ ကြော်ပြီးဆီစစ်ထားသော ကြက်သားများကို ထည့်မွှေပေးပါ
  • အနှစ်များ တော်တော်လေး ခမ်းလာတာနဲ့ မီးပိတ်ပေးပြီး သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Monday 27 April 2020

ကြက်ဟင်းခါးသီးကြော်ချက်



ဒီနေ့တော့ ကြက်ဟင်းခါးသီး အခါးသီးလေးတွေ ဝယ်လာဖြစ်တာနဲ့ အခါးကြိုက်တဲ့ အိမ်သားတွေအတွက် ကြော်ဖြစ်ပါတယ် ကြက်ဟင်းခါးသီးက ထိုင်ဝမ်သီး ခပ်ပွပွကြီးတွေဆို အခါးပေါ့ပြီး အခုလို မြန်မာသီး ခပ်ကျစ်ကျစ်နဲ့ ဘို့တွေအများကြီးပါတဲ့ အသီးဆိုရင်တော့ အခါးအရသာက လေးလေးပင်ပင် ရှိလွန်းလှပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဟင်းခါးသီး - အနေတော် ငါးလုံး
  2. ပုဇွန်ခြောက် - အကောင် နှစ်ဆယ်ခန့်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ

  1. ကြက်ဟင်းခါးသီးကို ထိပ်နှစ်ဖက်မှ ဖြတ်ကာ ဇွန်းအရိုး ခပ်ရှည်ရှည်ဖြင့် အထဲမှ အစေ့များကို ကလော်ထုတ်ပေးပါ
  2. အစေ့များဖယ်ပြီးပါက ခပ်ထူထူ အနေအထားလေးတွေ အကွင်းလိုက် လှီးပေးပါ
  3. အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  4. ဖယ်ထားသော အစေ့များကို အသုံးမလိုတဲ့အတွက် ဖယ်ထားလိုက်ပါ
  5. ပုဇွန်ခြောက်ကို ရေမြုပ်အောင်ထဲ့ပြီး ရေစိမ်ထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
  7. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စဉ်းထားပါ
  8. ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ရေစိမ်ထားသော ပုဇွန်ခြောက်များကို ရေစစ်ကာထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  9. အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထဲ့ပြီး ဆီကိုအပူပေးပါ
  10. ဆီပူလာတာနဲ့ ပုဇွန်ခြောက်ထောင်းကို ထဲ့ကြော်ပေးပါ
  11. ပြီးတာနဲ့ပုဇွန်ခြောက်ထောင်းထဲမှာပါတဲ့ ကြက်သွန်များကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
  12. ကြက်သွန်နံ့ သင်းလာတာနဲ့ ငံပြာရည် ထည့်မွှေပေးပါ
  13. ပြီးတာနဲ့ ကြက်ဟင်းခါးသီးများကို ထည့်ကြော်ပေးပါ
  14. ဆား အရသာမှုန့်တို့ ထည့်မွှေပြီး အားလုံးကို သမအောင်မွှေကာ ကြော်ပေးပါ
  15. ကြော်နေစဉ်မှာ ဟင်းအိုး အိုးမကပ်စေရန် ကြက်ဟင်းခါးသီးများကို မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  16. ကြက်ဟင်းခါးသီးများ နွမ်းလာပြီး ဆီသံကြား လာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  17. မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့  ကြက်ဟင်းခါးသီးဟင်း ကြော်ချက်လေးကို စားသုံးဖို့ပြင်ဆင်ပေးနိုင်ပါပြီ။

Saturday 25 April 2020

အသီးအရွက် အစိမ်းကြော်


ဒီနေ့တော့ အသီးအရွက်လေးတွေ ဝယ်လာပြီး အချိုလေးကြော်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းလို့ ကြော်စားချင်ရင် ကြော်စားနိုင်အောင် မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲပင်ပေါက် - 225 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. Lettuce leaves - အနေတော် တစ်စိတ်
  5. ဘေဘီမုန့်ညှင်း - အနေတော် ၃ခက်
  6. ပဲတောင့်ရှည် - ၅တောင့်
  7. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း 
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
  3. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
  • Lettuce leaves ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • ဘေဘီမုန့်ညှင်းကို ရေဆေးပြီး လက်နှစ်လုံးလောက် အထူလေးတွေ လှီးထားပါ
  • ပဲပင်ပေါက်ကို ရေစစ်ပြီး ရေစစ်ထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူနံ့ သင်းလာတာနဲ့ မုံလာဥနီ ပဲသီး ဘေဘီမုန့်ညှင်းတို့ကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • အရင်ဆုံး ထည့်ကြော်ထားသော အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ပဲပင်ပေါက်နှင့် lettuce leaves တို့ကိုထည့်ပြီး ကြော်ပေးပါ
  • မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ တရုတ်နံနံထဲ့ပေးပြီး အရသာမြည်းပြီကား လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသီးအရွက် အစိမ်းကြော်လေး ရပါပြီ။

ပါဝင်ပစ္စည်းများ
  1. ပဲပင်ပေါက် - 225 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. Lettuce leaves - အနေတော် တစ်စိတ်
  5. ဘေဘီမုန့်ညှင်း - အနေတော် ၃ခက်
  6. ပဲတောင့်ရှည် - ၅တောင့်
  7. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း 
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
  3. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
  • Lettuce leaves ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • ဘေဘီမုန့်ညှင်းကို ရေဆေးပြီး လက်နှစ်လုံးလောက် အထူလေးတွေ လှီးထားပါ
  • ပဲပင်ပေါက်ကို ရေစစ်ပြီး ရေစစ်ထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူနံ့ သင်းလာတာနဲ့ မုံလာဥနီ ပဲသီး ဘေဘီမုန့်ညှင်းတို့ကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • အရင်ဆုံး ထည့်ကြော်ထားသော အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ပဲပင်ပေါက်နှင့် lettuce leaves တို့ကိုထည့်ပြီး ကြော်ပေးပါ
  • မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ တရုတ်နံနံထဲ့ပေးပြီး အရသာမြည်းပြီကား လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသီးအရွက် အစိမ်းကြော်လေး ရပါပြီ။

Friday 24 April 2020

ချဉ်ငံစပ် ဂွေးသီးသုပ်


ဒီနေ့တော့ ဂွေးသီးလေးတွေ ဝယ်လာပြီး ချဉ်ချဉ်ငံငံ စပ်စပ်လေး သုပ်စားပါတယ် ရောဂါဗယတွေ ထူပျောနေတဲ့အချိန် အိမ်ထဲက အိမ်ပြင်ထွက်ဖို့ရာ တော်တော်လေး စဉ်းစားနေရသလို မစားဘဲလဲ မနေနိုင်တော့ ဈေးခနသွားရင်း မောမောပန်းပန်းနဲ့ ပြန်ရောက်ရောက်ချင်းဘဲ ဂွေးသီးသုတ်လေး သုပ်စားဖြစ်လို့ သုပ်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်​ပစ္စည်းများ

  1. ဂွေးသီးစိမ်း - အလုံး နှစ်ဆယ်ခန့်
  2. အရသာမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်သီး အလှော်မှုန့် -  စားနိုင်သလောက်
  4. ဂေါ်ဖီ -  အနေတော် တစ်စိတ်
  5. ပုဇွန်ခြောက်ထောင်း - လက်ဖက်ရည်ဇွန်း သုံးဇွန်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီး အလှော်မှုန့်  - ထမင်းစားဇွန်း တစ်ဇွန်း
  8. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဂွေးသီးစိမ်းကို အညှာဖက်မှလှီးပြီး အခွံခွာကာ ရေနိုင်နိုင်ဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးပါ
  • ပုဇွန်ခြောက်ကို မညက်တစ်ညက် ထောင်းပးပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့် ဆီချက် အရသာမှုန့် ငါးငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်​ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ်ပေးပါ
  • ပြီးလျှင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ။

Wednesday 22 April 2020

မြိတ်မုန့်ဟင်းခါး


ဒီနေ့တော့ အွန်လိုင်းကနေ ကြည့်ပြီးတော့ မြိတ်မုန့်ဟင်းခါး ချက်ပါတယ် ပဲအကျက်မှုန့်နဲ့ ဆန်လှော်မှုန့် နှစ်မျိုး ပါတဲ့အတွက် အရသာကတော့ စားနေကျ မုန့်ဟင်းခါး အရသာတွေနဲ့ အနည်းငယ် ကွာသလိုဘဲ ခံစားရပါတယ်။

ငါးကိုလဲ ဆီမသပ်ဘဲ ချက်တဲ့အတွက် အရသာက တစ်မျိုးလေး ဆန်းနေတယ်လို့ ထင်မိပါတယ် အပြင်မှာလဲ မစားဖူးသလို အမြင်နဲ့ အရသာကိုဘဲ တွေးမိကာ အွန်လိုင်းက ကြည့်ပြီးချက်တဲ့အတွက် အမှားအယွင်းနဲ့ အလွဲလေးတွေလဲ ပါနိုင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ 
  1. မုန့်ဖတ် - တစ်ကီလို
  2. ငါးခူ - သုံးဆယ်သား
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်နီ - အလုံးသေး ၁၅လုံး
  7. ကြက်သွန်ဖြူ - တစ်ဆယ်သား
  8. ငှက်ပျောအူ - မိမိနှစ်သက်သလောက် 
  9. ဘဲဥ - ၇လုံး
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  11. ငါးငံပြာရည်- ထမင်းစားဇွန်း လေးဇွန်း
  12. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ငရုတ်ကောင်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  14. ဆန်လှော်မှုန့် - ထမင်းစားဇွန်း လေးဇွန်း
  15. ပဲအကျက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  16. နံနံပင် - မိမိနှစ်သက်သလောက်
  17. ပဲသီး - မိမိနှစ်သက်သလောက်
  18. ပူစီနံ - မိမိနှစ်သက်သလောက်
  19. ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
  20. ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
  21. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  22. သံပုရာသီး - မိမိနှစ်သက်သလောက်
  23. ရေ - ၂၀ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ဟင်းရည်ချက်ရန်
  24. ရေ ၂ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ငါးပြုပ်ရန်
  25. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂၀မွှာ (ဆီချက်ချက်ရန်)
  26. ဆီ - မုန့်လုပ်ရာတွင် ချင်သောခွက် သုံးဗူးစာ (ဆီချက်ချက်ရန်)
  27. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီချက်ချက်ရန်)
ငါးပြုပ်ရန်
  1. ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
  2. ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  3. ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင် ဆေးပေးပါ
  4. စပါးလင် နှစ်ပင်ကို ရေဆေးပြီး ထုပြီးအထုံးလေး ထုံးပေးပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေ စပါးလင်နှင့် ကြက်သွန်ဖြူတို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  7. ရေပွက်ပွက် ဆူလာတာနဲ့ ရေဆေးထားသော ငါးခူ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆီ ထမင်းစားဇွန်း နှစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့်  စပါးလင်တို့ထည့်ပြီး ပြုပ်ပေးပါ
  8. ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သတ်သတ်စီ ထွင်ပေးထားပါ
  9. အသားထွင်တဲ့အခါ ငါးအသား အမြှောင်းလေးတွေ ရအောင် ထွင်ပေးပါ
  10. အသားထွင်ထားသော ငါးအရိုများးနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းတို့ကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားကာ ငါးပြုပ်ရည်ထဲမှာ ပြန်ရောပေးထာပါ။
ငှက်ပျောအူလှီးရန်
  1. ဇလုံတစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုထည့်ပြီး ဖျော်ထားပါ
  2. ငှက်ပျောအူကို အဖတ်လေးတွေ ခွာပေးပြီး အကျောသင်ပေးပါ
  3. အကျောသင်ပြီးတာနဲ့ မထူမပါးလေးတွေလှီးပြီး နနွင်းဖျော်ထားသော ဇလုံထဲမှာထည့်ပြီး စိမ်ထားပါ
ဘဲဥပြုပ်ရန်
  1. အိုးတစ်လုံးထဲမှာ ဘဲဥများကို ရေမြုပ်အောင်ထည့်ပြီး ၁၀မိနစ်လောက် ပွက်ပွက်ဆူအောင် ပြုပ်ပေးပါ
  2. ဘဲဥကျက်သွားတာနဲ့ အအေးခံပြီး အခွံခွာထားပါ
    ဟင်းရည်အိုးတည်ရန်
    • ငရုတ်ကောင်းကို မွှေးလာအောင် လှော်ပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
    • အသားထွင်ထားသော ငါးအသားများကို ပြင်ထားပါ
    • ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့်နှင့် ငါးငံပြာရည်တို့ကို ပြင်ထားပါ
    • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
    • ဘဲဥ နှစ်လုံးကို ခပ်ပါးပါး လှီးထားပါ
    • ပဲအကျက်မှုန့်ကို ဇလုံတစ်လုံးထဲမှာ ထည့်ပြီး ရေဖျော်ထားပါ
    • ဆန်လှော်မှုန့်ကို ဇလုံတစ်လုံးထဲမှာထည့်ပြိး ရေဖျော်ထားပါ
    • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးပြုပ်ရည်နှင့် ရေ ဆား ငါးငံပြာရည် အချိုမှုန့် ငါးအသားတို့ကို ထဲ့ပေးပြီး မီးဖိုပေါ်တင်ပြီး တည်ပေးပါ
    • ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက အရိုးထွင်ထားသော ငါးအသားများ ငှက်ပျောအူနှင့် ကြက်သွန်နီတို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
    • ငှက်ပျောအူများ နူးလာပါက ဆန်လှော်မှုန့် အရည်ဖျော်နှင့် ပဲအကျက်မှုန့် အရည်ဖျော်တို့ကို ထည့်မွှေပေးပါ
    • ဟင်းရည်အိုးကို မွှေပြီးတာနဲ့  လှီးထားသော ကြက်ဥများနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပါ
    • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာ ရလာအောင် ပြင်ပေးပါ
    • အရသာ ပြင်ပေးပြီးတာနဲ့ မီးကိုပိတ်လိုက်ပြီး လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ တင်ထားပေးပါ။
    • ငှက်ပျောအူ မရှိပါက ကြာစွယ်ထည့်ပြီး ချက်နိုင်သလို ထဲ့မချက်လဲ ရပါတယ်
      မုန့်ပွဲပြင်ဆင်ရန်
      • မုန့်ဖတ်နှင့် ဟင်းရည်တို့ကို ပြင်ထားပါ
      • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
      • ပူစီနံကို ရေဆေးပြီး ပြင်ထားပါ
      • သံပုရာသီးကို ရေဆေးပြီး စိတ်ထားပေးပါ
      • ပဲသီးကို ရေဆေးပြီး အနေတော် လှီးပေးထားပါ
      • ဘဲဥကို အခွံခွာပြီး ထက်ဝက်ခြမ်း ထားပေးပါ
      • မိမိနှစ်သက်ရာ အကြော်တို့ကို ပြင်ထားပေးပါ
      • ငရုတ်သီး အလှော်မှုန့်ကို ပြင်ထားပါ
      • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်တစ်ခုထဲမှာ မုန့်ဖတ်နှင့်အတူ မိမိနှစ်သက်ရာတို့ကို အနည်းငယ်စီ ထဲ့ပေးပြီး မုန့်ဟင်းရည်ဆမ်းကာ မြိတ်မုန့်ဟင်းခါး ဟင်းရည်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။
      မှတ်ချက် ။ ။ အငံအရသာကိုတော့ မိမိတို့စိတ်ကြိုက် ထဲ့ပေးနိုင်ပါတယ် မာမာကတော့ အငံအရသာ ခပ်ပေါ့ပေါ့ စားတဲ့အတွက် အငံအရသာကို လျှော့ပေးပြီး ချက်ထားပါတယ်။

      Sunday 19 April 2020

      သတ်သတ်လွတ် ကန်စွန်းဥ ခေါက်ဆွဲကြော်


      ဒီနေ့တော့ သတ်သတ်လွတ် ကန်စွန်းဥ ခေါက်ဆွဲလေး ကြော်ပါတယ် အသားမပါပေမဲ့ ကန်စွန်းဥ ခေါက်ဆွဲရဲ့  တထုတ်ထုတ် အရသာလေးကြောင့် စားလို့အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ခေါက်ဆွဲကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

      ပါဝင်ပစ္စည်းများ

      1. ကန်စွန်ဥခေါက်ဆွဲခွေ - ၃ခွေ
      2. မုန့်ညှင်းဖြူ  - ငါးရွက်
      3. ဂေါ်ဖီ - တစ်စိတ်
      4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
      5. ကြက်သွန်မိတ် - နှစ်ပင်
      6. ဆီ - ထင်းစားဇွန်း ၅ဇွန်း
      7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
      8. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
      9. နှမ်းဆီ - လက်ဖက်ဇွန်း သုံးပုံတစ်ပုံ
      10. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း ၂ဇွန်း

      ပြင်ဆင်ချက်ပြုပ်ပုံ
      • လိုအပ်သော အသီးအရွက်များကို ရေစင်အောင်ဆေးပြီးမှ လိုအပ်သလို လှီးဖြတ်ကာ ရေစစ်ထားပေးပါ
      • ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက် ရေဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးပါ
      • ရေနွေး 8 cups လောက်ကို ဆူအောင်တည်ပေးပြီးမှ ခေါက်ဆွဲခွေကို ထည့်ပြုပ်ပေးပါ
      • အနေတော် အနေအထား ရပါက ဇကာထဲ သွန်ချကာ ခေါက်ဆွဲဖတ်များ အေးလာတဲ့ထိ ရေဆေးပေးပါ
      • ရေဆေးပြီးတာနဲ့ ရေစင်အောင် စစ်ထားပေးပါ
      • ရေစစ်တာနဲ့ခေါက်ဆွဲဖတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ကာ ဆား ပဲငံပြာရည်တို့နဲ့နယ်ပေးပါ
      • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
      • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
      • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
      • ကြက်သွန်ဖြူ  မွှေးလာတာနဲ့ ကြက်သွန်နီ ဂေါ်ဖီနှင့် မုန့်ညှင်းဖြူတို့ကို ထည့်ကြော်ပေးပါ
      • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
      • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ နှမ်းဆီနှင့် ကြက်သွန်မိတ်ထဲ့ပြီး တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ သတ်သတ်လွတ် ကန်စွန်းဥ ခေါက်ဆွဲကြော်လေးကို ရပါပြီ
      • အပေါ့အငံကို အရသာကို မီးဖိုပေါ်က မချခင် မြည်းပေးပြီး လိုသလို ပြင်ပေးကာ ကန်စွန်းဥ ခေါက်ဆွဲကြော် ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။

      Tuesday 14 April 2020

      မုန့်လုံးရေပေါ်



      သင်္ကြန်ချိန်ခါ ရောက်လာတာနဲ့ အရင်ဆုံး စိတ်ထဲပေါ်လာတာက ပိတောက်ပန်းနဲ့ မုန့်လုံးရေပေါ်ပါဘဲ ရာသီစာ ရိုးရာအစာလေး ဖြစ်နေတာကြောင့် ဒီနေ့တော့ မုန့်လုံးရေပေါ် အိအိလေး လုပ်စားဖြစ်လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဗဝပေးလိုက်ပါတယ်ရှင်။

      ပါဝင်ပစ္စည်းများ

      1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
      2. ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ဗူး
      3. ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး 
      4. အုန်းသီးဖတ် - မိမိနှစ်သက်သလောက်
      5. ထန်းလျှက်ခဲ - လက်သန်းတစ်ဆစ်စာလောက် အခဲ၂၀ခန့်
      6. ဆား - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ

      ပြင်ဆင်ပုံ
      • ဇလုံကျယ်ကျယ်ထဲမှာ ဆန်မှုန့် နှင့်ကောက်ညှင်းမှုန့်တို့ကိုထည့်ပြီး သမအောင် မွှေပေးပါ
      • သမသွားသော ထိုအမှုန့်ထဲကို ရေ နည်းနည်းချင်း ထည့်ပေးပြီး မုန့်သားပျော့အိလာတဲ့အထိ နယ်ပေးပါ
      • ရေကို တစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်း ထည့်ပေးပါ
      • တစ်ခါတရံ မိမိသုံးသော ကောက်ညှင်းမှုန့်အပေါ် မူတည်ပြီး ရေကို လိုတိုးပိုးလျှော့ လုပ်ရတဲ့အတွက် နည်းနည်းချင်း ထည့်ပေးရခြင်း ဖြစ်ပါတယ်
      • မုန့်သားပျော့ပြီး စေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
      • မုန့်သားပျော့လာပါက မုန့်သားကို အ၀တ်ရေစွတ်ပြီး ရေညှစ်ကာ အုပ်ထားပြီး နာရီဝက် တစ်နာရီလောက် အခန်းအပူချိန်အတိုင်း ဒီတိုင်းထားပေးပါ
      • ထန်းလျှက်ခဲကို လက်သန်းတစ်ဆစ်စာ လောက်လေးတွေ တုံးပေးထားပါ
      • အုန်းသီးဖတ်ကို ဆားထည့်ပြီး ငံမြမြလေးရအောင် ဖွဖွလေး နယ်ထားပြီး ပန်းကန်တစ်ခုထဲမှာ ထည့်ထားပေးပါ
      • မုန့်လုံးရေပေါ် ကျက်ရင်ဆယ်ပြီးထည့်ဖို့ ဇလုံတစ်လုံးထဲမှာ ရေထည့်ပြီး အဆင်သင့် ပြင်ထားပါ
      • မုန့်သားနှပ်ထားချိန် ပြည့်တာနဲ့ မုန့်သားကို ကွမ်းသီးဆံလောက် ရအောင်ယူပြီး လက်ဝါးထဲထည့်ကာ ၇ခါလောက် ဆုတ်ဆုတ်ပြီး ညှစ်ပေးပါ
      • ပြီးတာနဲ့ အလုံးလေး ဖြစ်လာအောင် လက်ဝါးနှစ်ဖက်ကြားမှာ အနည်းငယ် ဝိုက်ပြီး လုံးလိုက်ပါ
      • အလုံးလေး ဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးနှင့် ဖိလိုက်ပါ
      • ချိုင့်သွားသော နေရာထဲသို့ထန်းလျှက်ခဲ အစိတ်လေး တခုထည့်လိုက်ပါ
      • ထန်းလျှက်ခဲပေါ်သို့ မုန့်သားပြန်အုပ်ပြီး လက်ဝါးနှစ်ဖက်ကြားမှာ ဝိုက်ပြီး လုံးပေးပါ
      • ထန်းလျှက်ခဲ မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
      • ထန်းလျှက်ခဲ ပေါ်ပါက မုန့်သားကို ရေဆူဆူနှင့် ပြုပ်ချိန်မှာ ထန်းလျှက်ရည်များ အပြင်သို့ ပေါက်ထွက်ပါတယ်
      • မုန့်သားအားလုံး လုံးပြီးပါက ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
      • ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်များကို တစ်လုံးချင်း တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပါ
      • မုန့်သားကျက်ပြီး ရေပေါ် ပေါ်လာပါက မုန့်အတွင်းသားများကျက်စေရန် နှစ်မိနစ်လောက် ထားပြီးမှ ဇွန်းဇကာနှင့် ဆယ်ပေးပါ
      • ရေပေါ်လာသော မုန့်လုံးရေပေါ်များကို ဇွန်းဇကာဖြင့်ဆယ်ကာ ရေထည့်ထားသော ဇလုံထဲသို့ တန်းပြီးထည့်ပေးပါ
      • မုန့်လုံးရေပေါ် အေးသွားတာနဲ့ ရေစိမ်ထားသော မုန့်လုံးရေပေါ်များကို ဆယ်ပြီး ရေစစ်ပေးပါ
      • ရေစစ်သွားတာနဲ့ အုန်းသီးဖြူးပေးပြီး ဆွမ်းတော်ကပ်ဖို့ ဖယ်ပေးထားကာ  စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

      မန္တလေး ပဲကြော်





      ဒီနေ့တော့ သင်္ကြန်ချိန်ခါလေးလဲ ရောက်နေချိန် COVID 19 ကြောင့်မို့လို့ အိမ်ထဲမှာ နေနေကြတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် မြန်မာမုန့်လေးတွေ တစ်နေ့တစ်မျိုး လုပ်စားဖြစ်ပြန်ပါတယ်။

      မြန်မာရိုးရာ မုန့်လေးတစ်မျိုးဖြစ်ပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့  မန္တလေး ပဲကြော် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
      ပါဝင်ပစ္စည်းများ

      1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
      2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
      3. ပြုပ်ပြီးသား Red  Kidney  Beans - 240 g တစ်ဗူး
      4. ချင်း - တစ်လက်မခန့်
      5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
      6. ဆီ -  လိုသလောက် သုံးပေးပါ
      7. မန်ကျည်းသီးမှည့် အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
      8. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
      9. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
      10. ငရုတ်သီးစိမ်း - စားနိုင်သလောက်
      11. နံနံပင် - အပင်ကြီးကြီး နှစ်ပင်
      12. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
      13. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
      14. ရေခပ်နွေးနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
      ပြင်ဆင်ပုံ
      • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်ကို ထည့်ထားပါ
      • ပြုပ်ပြီးသား ပဲများကို အရည်များ ဖယ်ထားပါ
      • အရည်ဖယ်ထားသောပဲကို ဇလုံတစ်ခုထဲမှာထည့်ပြီး မညက်တစ်ညက် ချေထားပါ
      • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
      • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
      • အားလုံး အဆင်သင့်ဖြစ်ပါက ကောက်ညှင်းမှုန့်ထည့်ထားသော ဇလုံထဲမှာ ချေထားသောပဲ ထောင်းထားသော ချင်း ထောင်းထားသော ကြက်သွန်ဖြူ  ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပေးပါ
      • ပဲဗူးထဲမှ ဖယ်ထားသော ပဲပြုပ်အရည်ကိုလဲ ကောက်ညှင်းထည့်ထားသော ဇလုံထဲသို့ နည်းနည်းချင်း ထည့်ပေးကာ သမသွားအောင် နယ်ပေးပါ
      • ကောက်ညှင်းဆန် အပျော့အမာပေါ် မူတည်ပြီး ပဲပြုပ်အရည်ကို လိုတိုးပိုလျှော့ လုပ်ပြီး ထည့်နယ်ပါ
      • မုန်းသား ပျော့ပြီး စေးလာပါက နှစ်နာရီလောက် နှပ်ထားပါ
      • မုန့်သားနှပ်ထားချိန် ပြည့်တော့မှ ကြော်ပေးပါက ကြော်နေစဉ် ကောက်ညှင်းသား ဆီမပေါက်မှာ ဖြစ်ပါတယ်
      • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
      • ဆီပူလာပါက မီးကိုအနေတော်လောက်အထိ လျှော့ပေးပါ
      • ပြီးတာနဲ့ မုန့်သားကို ထမင်းစားဇွန်း တစ်ဇွန်းခွဲစာယူပြီး အရင်ဆုံး လက်နဲ့ဆုတ်ပြီး လုံးပေးပါ 
      • ပြီးမှ လက်ဝါးပေါ်တင်ပြီး ထူထူပြားပြားလေးလုပ်ကာ ဆီအိုးထဲထည့်ပြီး  ကြော်ပေးပါ
      • အိုးဆန့်သလောက် ထည့်ကြော်ပေးပြီး တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ
      • နှစ်ဖက်လုံး မုန့်သားကျက်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
      အချဉ်စပ်နည်း
      • မကျီးသီးမှည့် အနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးနွေးလေးနဲ့ဖျော်ပါ
      • ငရုတ်သီးအလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
      • ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
      • ကြက်သွန်ဖြူ  အမွှာကြီးကြီး ၃မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပြီးထည့်ပါ
      • ငရုတ်သီးစိမ်း စားနိုင်သလောက်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထည့်ပါ
      • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထည့်ပါ
      • သကြား ထမင်းစားဇွန်း တစ်ဇွန်းထည့်ပါ
      • ရေနွေးနွေးလေး လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာနှင့် ရောပြီးဖျော်ပေးပါ
      • ချိုချဉ်ငံစပ် အရသာ ကောင်းလှသော အချဉ်လေးရပါပြီ
      မှတ်ချက် ။ ။ Ready made ပဲဗူးမရှိပါက ပဲကတီပါပြုပ် ပြုပ်ပြီးသား ဆယ့်ငါးကျပ်သားကို သုံးပေးပါ
      ဗူးထဲမှာပါသော ပဲပြုပ်ရည်အစား ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးအစား ရေကိုနည်းနည်းချင်းထည့်ပေးကာ ကောက်ညှင်းမှုန့်နှင့် ရောနယ်ပေးပါ
      မန္တလေး ပဲကြော်နှင့် တွဲဖက်ကာ ချိုချဉ်ငံစပ် အရသာကောင်းလှသော အချဉ်လေးနှင့် မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။