Tuesday 14 April 2020

မန္တလေး ပဲကြော်





ဒီနေ့တော့ သင်္ကြန်ချိန်ခါလေးလဲ ရောက်နေချိန် COVID 19 ကြောင့်မို့လို့ အိမ်ထဲမှာ နေနေကြတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် မြန်မာမုန့်လေးတွေ တစ်နေ့တစ်မျိုး လုပ်စားဖြစ်ပြန်ပါတယ်။

မြန်မာရိုးရာ မုန့်လေးတစ်မျိုးဖြစ်ပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့  မန္တလေး ပဲကြော် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ပြုပ်ပြီးသား Red  Kidney  Beans - 240 g တစ်ဗူး
  4. ချင်း - တစ်လက်မခန့်
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  6. ဆီ -  လိုသလောက် သုံးပေးပါ
  7. မန်ကျည်းသီးမှည့် အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  9. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  11. နံနံပင် - အပင်ကြီးကြီး နှစ်ပင်
  12. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  14. ရေခပ်နွေးနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်ကို ထည့်ထားပါ
  • ပြုပ်ပြီးသား ပဲများကို အရည်များ ဖယ်ထားပါ
  • အရည်ဖယ်ထားသောပဲကို ဇလုံတစ်ခုထဲမှာထည့်ပြီး မညက်တစ်ညက် ချေထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ကောက်ညှင်းမှုန့်ထည့်ထားသော ဇလုံထဲမှာ ချေထားသောပဲ ထောင်းထားသော ချင်း ထောင်းထားသော ကြက်သွန်ဖြူ  ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပေးပါ
  • ပဲဗူးထဲမှ ဖယ်ထားသော ပဲပြုပ်အရည်ကိုလဲ ကောက်ညှင်းထည့်ထားသော ဇလုံထဲသို့ နည်းနည်းချင်း ထည့်ပေးကာ သမသွားအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန် အပျော့အမာပေါ် မူတည်ပြီး ပဲပြုပ်အရည်ကို လိုတိုးပိုလျှော့ လုပ်ပြီး ထည့်နယ်ပါ
  • မုန်းသား ပျော့ပြီး စေးလာပါက နှစ်နာရီလောက် နှပ်ထားပါ
  • မုန့်သားနှပ်ထားချိန် ပြည့်တော့မှ ကြော်ပေးပါက ကြော်နေစဉ် ကောက်ညှင်းသား ဆီမပေါက်မှာ ဖြစ်ပါတယ်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးကိုအနေတော်လောက်အထိ လျှော့ပေးပါ
  • ပြီးတာနဲ့ မုန့်သားကို ထမင်းစားဇွန်း တစ်ဇွန်းခွဲစာယူပြီး အရင်ဆုံး လက်နဲ့ဆုတ်ပြီး လုံးပေးပါ 
  • ပြီးမှ လက်ဝါးပေါ်တင်ပြီး ထူထူပြားပြားလေးလုပ်ကာ ဆီအိုးထဲထည့်ပြီး  ကြော်ပေးပါ
  • အိုးဆန့်သလောက် ထည့်ကြော်ပေးပြီး တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး မုန့်သားကျက်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
အချဉ်စပ်နည်း
  • မကျီးသီးမှည့် အနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးနွေးလေးနဲ့ဖျော်ပါ
  • ငရုတ်သီးအလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး ၃မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပြီးထည့်ပါ
  • ငရုတ်သီးစိမ်း စားနိုင်သလောက်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထည့်ပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထည့်ပါ
  • သကြား ထမင်းစားဇွန်း တစ်ဇွန်းထည့်ပါ
  • ရေနွေးနွေးလေး လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာနှင့် ရောပြီးဖျော်ပေးပါ
  • ချိုချဉ်ငံစပ် အရသာ ကောင်းလှသော အချဉ်လေးရပါပြီ
မှတ်ချက် ။ ။ Ready made ပဲဗူးမရှိပါက ပဲကတီပါပြုပ် ပြုပ်ပြီးသား ဆယ့်ငါးကျပ်သားကို သုံးပေးပါ
ဗူးထဲမှာပါသော ပဲပြုပ်ရည်အစား ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးအစား ရေကိုနည်းနည်းချင်းထည့်ပေးကာ ကောက်ညှင်းမှုန့်နှင့် ရောနယ်ပေးပါ
မန္တလေး ပဲကြော်နှင့် တွဲဖက်ကာ ချိုချဉ်ငံစပ် အရသာကောင်းလှသော အချဉ်လေးနှင့် မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment