Tuesday 30 June 2020

ဟာလဝါ မွှေးမွှေးစိမ့်စိမ့်လေး










ဒီနေ့တော့ ကျောင်းကိုပြန်ရမဲ့ သမီးငယ်လေးအတွက် ဟာလဝါလေး လုပ်ပေးဖြစ်ပါတယ် အတန်းထဲက သူငယ်ချင်းတွေကို မြန်မာမုန့်လေးတွေ ကျွေးချင်လို့ပါဆိုတော့ ထမနဲလေးလဲ ထိုးလိုက်ပါသေးတယ်။

အခုလုပ်ထားတဲ့ အချိုးအစားက လူ၇ယောက်လောက် ကောင်းကောင်းစားနိုင်သလို မုန့်လုပ်စဉ် ပြန်ထွက်လာတဲ့ ဆီထဲမှာ ပြန်ပြီးစိမ်ထားပါက တစ်ပါတ်ကျော်ကျော် ထားလို့ရပါတယ်။

မုန့်လုပ်တဲ့အခါမှာ မုန့်သားကျက်ကာနီး အိုးထဲမှ ရေပွက်ပွက်များ ကုန်တဲ့အထိ မွှေပေးပြီး မုန့်ထဲမှ ဆီပြန်ထွက်လာတဲ့အထိ စိတ်ရှည်ရှည် ကျိုပေးစေချင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဟာလဝါ အလွယ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ပေါင်းအိုးဆန်ချင်ဗူး သုံးဗူး
  2. ဆန်မှုန့် - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ပေါင်းအိုးဆန်ချင်ဗူး ငါးဗူးသာသာ (ကြံသကာနှင့် သကြားကျိုရန်)
  4. ကြံသကာခဲ - 454 g
  5. သကြားအညို - 50 g
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အုန်းနို့ - ပေါင်းအိုးဆန်ချင်ဗူး ငါးဗူး (ready made ဗူးကိုသုံးပါတယ်)
  8. ဘိန်းစေ့ - ထမင်းစားဇွန်း ရှစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ဆယ့်ခြောက်ဇွန်း
  10. ထောပါတ် - ထမင်းစားဇွန်း ဆယ့်ခြောက်ဇွန်း
  11. မုန့်ထည့်ရန် အပူခံ ကော်ဗူး - တစ်ဗူး
  12. ဇောက်နက်ပြီး မကပ်သောအိုး - တစ်လုံး (မုန့်ကျိုရန်)
  13. သစ်သားယောင်းမ - အရှည်တစ်ချောင်း
ပြင်ဆင်ပုံ
  • မုန့်ကျိုမည့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • မုန့်ထည့်မည့် အပူခံသည့် ကော်ဗူးကို ဆီသုတ်ထားပါ
  • ဘိန်းစေ့ကို ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးပြီး အအေးခံထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ သကြားအညို  ကြံသကာနှင့် ရေတို့ကိုထည့်ပြီး ကျိုပေးပါ
  • ကြံသကာများ အရည်ပျော် သွားပါက မီးဖိုပေါ်မှ ဖယ်ပေးပြီး အမှိုက်များ စစ်ပေးထားပါ
  • ဇောက်နက်ပြီး မကပ်သော အိုးထဲမှာ ဆား ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်တို့ကို သမအောင် မွှေပေးပါ
  • အားလုံး အရသာ သမသွားတာနဲ့ ကြံသကာရည်နှင့် အုန်းနို့ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မုန့်ကျိုမည့်အိုးကို မီးဖိုပေါ်တင်ပြီး မီးအနေတော်နှင့် ကျိုပေးပါ
  • မီးဖိုပေါ် မုန့်ရည်အိုး အိုးစပြီး တင်ကတည်းက သစ်သားယောင်းမဖြင့် အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်းက ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်များ ပျစ်လာပါက ဆီနှင့် ထောပါတ်တို့ကို ထည့်မွှေပေးပါ
  • ဆီနှင့် ထောပါတ် ထည့်ပြီးတာနဲ့ အဆက်မပြတ် မွှေပေးပါ
  • ဆီနှင့်ထောပါတ် ထည့်မွှေပြီးတာနဲ့ မုန့်သားတွေ ကွဲလာတတ်ပါတယ်
  • မုန့်သားတွေ ကွဲလာတာနဲ့ ထောပါတ်များ ပျော်လာအောင် အဆက်မပြတ် မွှေပေးပါ
  • အဆက်မွှေရင်းက ကောက်ညှင်းသား သေလာလေလေ မုန့်သားက ပျစ်လာလေမို့လို့ ခပ်နာနာ မွှေပေးပါ
  • ထောပါတ်ဆီနှင့် မုန့်သား တစ်သားထဲ ကျလာလေလေ မွှေရတာ လွယ်လာလေမို့လို့ အိုးမကပ်စေရန် ဆက်တိုက် မွှေပေးပါ
  • ပြီးတာနဲ့ ဘိန်းစေ့များကို ထည့်ပေးပြီး ဆက်မွှေပေးပါ
  • မုန့်သားပြစ်လာပြီး မွှေနေချိန်မှာ ဆီများပြန်ထွက်လာပြီး မုန့်ထဲမှ ရေပွက်တာတွေ ပျောက်လာပါလိမ့မယ်
  • မုန့်သားနပ်လာကာ ဆီနှင့်မုန့်သား ကွဲသွားပြီး မုန့်သားအရောင် တက်လာပါက ဟာလဝါ မွှေးမွှေးစိမ့်စိမ့်လေး ရပါပြီ
  • အဆင်သင့် ဆီသုတ်ပြီး ပြင်ထားသော ဗူးထဲကို မုန့်သားများ လောင်းထည့်ပြီး အပြင်မှာဘဲ အအေးခံပါ
  • မုန့်သားအေးသွားတဲ့ အခါမှာ မုန့်သားထဲမှ ပြန်ထွက်လာသော ဆီများနှင့် မုန့်ကိုတာရှည် အထားခံနိုင်အောင် ထိုဆီထဲမှာ စိမ်ထားပေးပါ။

Thursday 25 June 2020

ဆန်ပြား ခေါက်ဆွဲလိတ်



ဒီနေ့တော့ ဆန်ခေါက်ဆွဲပြားလေးတွေ လုပ်ဖြစ်တာနဲ့ မုန့်ဟင်းရည်နဲ့ စားလို့ပိုတာလေးတွေကို ငရုတ်သီးကြော် စပ်စပ်လေးနဲ့ တွဲဖက်ပြီး ဆီနီကြော်လေးဆမ်းကာ စားဖြစ်တဲ့အတွက် အရသာ တစ်မျိုးလေး ရစေတာမို့လို့ ဆန်ပြားခေါက်ဆွဲလိတ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ဆန်ပြားခေါက်ဆွဲ လုပ်နည်းကိုတော့ မာမာ့ရဲ့  ဒီ blog လေးက ဒီလင့် https://marmarskitchen.blogspot.com/2019/02/blog-post_21.html မှာ ကြည့်လို့ ရပါတယ်ရှင်။

ပါဝင်ပစ္စည်းများ 
  1. ဆန်ပြားခေါက်ဆွဲ - မိမိနှစ်သက်သလောက်
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ်မွှာ
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း လေးဇွန်း
  6. ဆား- လက်ဖပ်ရည်ဇွန်း တစ်ဝက်
  7. နံနံပင် - နှစ်သက်သလောက်
ဆီနီဆီချက်ချက်ရန်
  1. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  2. ငရုတ်သီး လုံးခြမ်းကွဲနှင့် ဆားတို့ကို အပူခံနိုင်သော ကြွေဇလုံထဲမှာ ထည့်ပေးပြီး အဆင်သင့် ပြင်ထားပါ
  3. ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တိုကို့ ထည့်ပေးပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  5. ကြက်သွန်ကြော် ကြော်နေစဉ် အကျက်ညီစေရန် မွှေမွှေပေးပါ
  6. ကြက်သွန်ဖြူ များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ပေးကာ အအေးခံ ပေးထားပါ
  7. ကြက်သွန်ဖြူ  ကြော်ထားသော ဆီပူပူကို ငရုတ်သီး ထည့်ထားသော ဇလုံထဲကို လောင်းထည့်ပေးပါ
  8. ငရုတ်သီးများ အကျက်ညီစေရန် ဇွန်းရှည်ရှည်နှင့် မွှေပေးပြီး အအေးခံထားပါ
  9. ငရုတ်သီး ဆီနီဆီချက် အေးသွားတာနဲ့ အအေးခံထားသော ကြက်သွန်ဖြူကြော်ကို ရောပြီးမွှေပေးပါ
ပြင်ဆင်ပုံ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ဆန်ပြားဖတ်နှင့် ဆီနီဆီချက်ကို ပြင်ထားပါ
  • ဆန်ပြားဖတ်ကို အနေတော် အလိတ်လေးတွေ လိတ်ပေးထားပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ ဆန်ပြားခေါက်ဆွဲလိတ်လေးတွေကို စီပြီးထည့်ပေးပါ
  • ပြီးတာနဲ့ ဆန်ပြားခေါက်ဆွဲလိတ်လေးတွေ အပေါ်မှာ ဆီနီဆီချက်ကို ဆီချက်အဖတ်နှင့် ဆီချက်ဆီတို့ကို ဆမ်းပေးပါ
  • ဆီချက်ဆမ်းပြီးတာနဲ့ နံနံပင်လေးတွေ တင်ပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ
  • စိမ့်စိမ့်လေးနဲ့ စပ်စပ်မွှေးမွှေး အရသာ ရစေတဲ့ ဆန်ပြားလိတ် ခေါက်ဆွဲလိတ်ခေါက်ဆွဲကို စားသုံးနိုင်ပါပြီ။
  • ပိုနေသော ဆီနီဆီချက်များကို အသုပ်သုပ်စားရာမှာ ပြန်သုံးလို့ ရတဲ့အတွက် လေလုံပုလင်းဖြင့်ဖြင့် ထည့်ပြီးသိမ်းထားနိုင်ပါတယ်။

Wednesday 24 June 2020

ကြက်ဥသုပ် စိမ့်စိမ့်လေး


ဒီနေ့တော့ ကျောင်းတစ်ပါတ်ပိတ်လို့ ပြန်လာတဲ့ သမီးလေးက ကြက်ဥသုပ်လေး စားချင်တယ် မေမေရေ ဆိုတာနဲ့ ကြက်ဥပြုပ်ကို ပဲဆီမွှေးမွှေးလေးနဲ့ သုပ်ပေးဖြစ်ပါတယ်။

ခပ်စိမ့်စိမ့် အရသာမို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပြီး စားလို့ကောင်းလွန်းကာ လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိုင်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ကြက်ဥသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဥ - သုံးလုံး 
  2. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် မရှိတစ်ရှိ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. သံပုရာသီး - တစ်စိတ် (ကြက်ဥပြုပ်ထဲထည့်ရန်)
ပြင်ဆင်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ကြက်ဥကို ရေမြုပ်အောင် ထည့်ပေးပါ
  2. အခွံခွာရ လွယ်ကူစေရန် သံပုရာသီး တစ်စိတ် ထည့်ပြုပ်ပေးပါ
  3. ကြက်ဥကို ကျက်အောင်ပြုပ်ချိန် ဆယ်မိနစ်လောက် ရေပွက်ပွက် ဆူလာရင် ရပါပြီ
  4. ကြက်ဥပြုပ် အိုးထဲမှ ရေပူများကိုသွန်ပြီး ရေအေးနှင့် စိမ်ပေးကာ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ
  5. ဇလုံတစ်လုံးထဲမှာ ကြက်ဥ  ဆား အချိုမှုန့် နှင့် ဆီတို့ထည့်ပြီး ခပ်ဖွဖွလေး နယ်ပေးပါ
  6. အားလုံး အရသာ သမသွားပါက ကြက်ဥသုပ် မွှေးမွှေးစိမ့်စိမ့်လေးကို စားပွဲပြင်ပေးနိုင်ပါပြီ။

Thursday 11 June 2020

ကြက်သားဆီပြန်


ဒီနေ့တော့ မနေ့က ချက်စားဖြစ်တဲ့ ပြောင်းဖူးကြက်သား ဆီပြန်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ် ဒီကြက်သား အရသာက ဗမာကြက် အရသာနဲ့ အရမ်းတူလွန်းပြီး ချက်ပြီးတဲ့ အခါမှာလဲ စားလို့ အရမ်းကောင်းလွန်းတဲ့အတွက် မာမာကတော့ ဗမာချက် ချက်နည်းလေးဘဲ ချက်စားလိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ပေါင်သား - 500 g 
  2. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  8. ကြက်သွန်နီ - အနေတော် တစ်လုံး (အနှစ်ရရန် လှီးထည့်ပါ)
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. စပါးလင် - တစ်ပင်
  11. ကုလားလေး မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  12. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ

  1. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  2. ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  4. ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  5. စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. စပါးလင်ရွက်များကို ရေဆေးပြီး ထုံးထားပါ
  7. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
  8. ကြက်သွန်နီ အနေတော် တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်နူတ်နုတ် လှီးထားပါ
ပြင်ဆင်ပုံ
  • အရသာ နယ်ထားသော ကြက်သားနှင့်ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နှင့် ငရုတ်သီးအရောင်တင်မှုန့်ထောင်းတို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ကို နှစ်မိနစ်လောက် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သား အသားများ မာကျစ်လာတဲ့ထိ ဆီသတ်ပေးပါ
  • ကြက်သား အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး အုံးအဖုံးအုပ်ကာ ကြက်သားနူးတဲ့အထိ ဆက်တည်ပေးပါ 
  • ရေခမ်းပြီး ဆီလည်ရေလည် ဖြစ်လာပါက မဆလာအုပ်ပေးပြီး သမအောင် မွှေပေးပါ
  • ရအနေတော် ဖြစ်လာပါက မွှေးလွန်းတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

Wednesday 10 June 2020

ကြက်သားပေါင်း မွှေးမွှေးလေး






ဒီနေ့တော့ ပြောင်းဖူးကြက်သားလေး ရလာတာနဲ့ ကြက်ပေါင်းလေး လုပ်ဖြစ်ပါတယ် ဒီကြက်သားလေးက မြန်မာပြည်က ဗမာကြက်သားလို အသားက မာတင်းတင်းလေးနဲ့ အဆီက နည်းပါတယ် အရသာကလဲ ပေါင်းပြီးတဲ့အခါမှာ မွှေးနေတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်သား - 400 g
  2. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ကြက်သား အသားတုံးများကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် နှင့် ဆားတို့ထဲ့ကာ နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • အပူခံနိုင်ပြီး ပေါင်းအိုးထဲမှာ ဝင်ဆန့်နိုင်မည့် ပန်းကန်လုံးထဲမှာ အရသာ နယ်ထားသော ကြက်သား ကြက်သွန်ဖြူ နှင့် ချင်းတို့ကို ထည့်ပေးပါ 
  • ပေါင်းအိုးထဲမှာ  ရေထည့်ပြီး အောက်ခံခုံအခင်းကို ထည့်ပေးပါ
  • ထိုအောက်ခံခုံပေါ်မှာ ကြက်သားပန်းကန်ကို တင်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ကြက်သားပန်းကန်ထဲ မ၀င်စေရန် ကြက်သားပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး မြုပ်ရုံရေထည့်ပေးပါ
  • ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ပေါင်းမည့်ခလုပ်ကိုနှိပ်ကာ မိနစ်နှစ်ဆယ်နှင့် အရင်ဆုံး ကြက်သားနူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ကြက်သားပေါင်းချိန် မိနစ်နှစ်ဆယ်ပြည့်ပါက ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကြက်သားပေါင်းနေစဉ် ပေါင်းဇကာ အောက်မှာ ထည့်ထားတဲ့ ရေမှာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ကြည့်ပေးကာ နည်းနေပါက ထပ်ဖြည့်ပေးပါ
  • ပြီးတာနဲ့ အရိုးထဲမှ သွေးစများ ကျက်သွားစေရန် နောက်ထပ်ငါးမိနစ် ထပ်ပေါင်းပေးပါ
  • ပေါင်းချိန် ငါးမိနစ်ပြည့်တာနဲ့ ပထမနည်းအတိုင်း အိုးထဲမှ လေကုန်အောင် ထုတ်ပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကြက်သားစပေါင်းကာစက ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ကြက်သားပေါင်းစဉ် ထွက်လာတဲ့ အရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
  • ထို ကြက်သားပေါင်း ပန်းကန်ထဲမှ ကြက်ပေါင်းရည်များကို ဟင်းချိုရည် ပြင်ဆင်ရာမှ ငရုတ်ကောင်းမှုန့်ခပ်ပြီး ပြင်ဆင်ပေးနိုင်ပါပြီ။

Sunday 7 June 2020

ကုလားပဲပေါင်း စိမ့်စိမ့်လေး


ဒီနေ့တော့ ကုလားပဲကို ပဲပေါင်းလေး ပေါင်းဖြစ်ပါတယ် ကလေးလူကြီး အရမ်းသဘောကျတဲ့ ပဲပေါင်းလေးဖြစ်သလို ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့ အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့  ပြင်ဆင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ်မွှာ
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  3. ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ကြက်သွန်ဖြူ ကို ထည့်ကြော်ပြီး ကြွတ်လာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  4. ကုလားပဲခြမ်းကို အိုးထဲမှာထည့်ပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
  5. ရေဆေးပြီးတာနဲ့ ပဲကိုရေမြုပ်အောင် ထည့်ပေးပြီး ပြုပ်ပေးပါ
  6. ရေခမ်းပြီး ပဲမနူးသေးပါက ရေထပ်ထည့်ပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
  7. ပဲမှား နူးအိလာတာနဲ့ မီးပိတ်ပေးပြီး ပဲများကျေသွားတဲ့အထိ ဇွန်းနှင့်ဖိပြီး ချေပေးထားပါ
  8. အားလုံးအဆင်သင့် ဖြစ်တာနဲ့ကြက်သွန်ကြော်လို့ ပိုတဲ့ဆီထဲမှာ ပြုပ်ပြီးချေထားသော ပဲများကို ထည့်ကြော်ပေးပါ
  9. ပဲများကို အဆက်မပြတ် မွှေပေးပြီး ဆားနှင့် အချိုမှုန့်တို့ ထည့်မွှေပေးပါ
  10. ပဲများအိလာပြီး မွှေးလာပြီ ဆိုတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  11. ပြီးတာနဲ့ ပန်းကန်ထဲ ပဲပေါင်းများထည့်ပြီး ကြော်ထားသော ကြက်သွန်ဖြူကြော်ကို ပဲပေါင်းအပေါ်မှ ဖြူး ပြီး စားသုံးနိုင်ပါပြီ။

Friday 5 June 2020

ချဉ်ငံစပ် ပုဇွန်ချဉ်ကြော်




ဆောင်းရာသီလေးရောက်လာပြန်တော့ ပုဇွန်ချဉ်လေးတွေကို ကြော်စားသုပ်စား အမျိုးမျိုး လုပ်စားချင်လာတာနဲ့ ဗီယက်နမ်ဈေးကိုသွားပြီး ပုဇွန်ဆတ်ထုတ်လေးတွေ ဝယ်လာကာ ပုဇွန်ချဉ်လေး ထည့်ဖြစ်ပြန်ပါတယ်။

ပုဇွန်ချဉ် ထည့်နည်းတွေကိုတော့ http://mmlazp.blogspot.com/2020/06/blog-post_4.html   https://mmlazp.blogspot.com/2015/10/blog-post_271.html ,  https://mmlazp.blogspot.com/2019/11/blog-post_37.html , https://mmlazp.blogspot.com/2018/04/blog-post_8.html , https://mmlazp.blogspot.com/2015/11/blog-post_6.html ဒီလင့်လေးတွေမှာ တင်ပေးထားပါတယ် ပုဇွန်ချဉ်ထည့်နည်းတွေက အမျိုးမျိုး ရှိကြပါတယ် မိမိတို့ အဆင်ပြေမဲ့ နည်းလေးတွေနဲ့ အချဉ်ထည့်နိုင်ကြပါတယ် အခုကတော့ ပုဇွန်ချဉ် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ချဉ် - ထမင်းစားဇွန်း ငါးဇွန်းခန့်
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ငရုတ်သီးစိမ်း - ရှစ်တောင့် (ပါးပါးလှီးရန်)
  4. ငရုတ်သီးလုံးခြမ်းခွဲ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  5. ငရုတ်သီးစိမ်း - စားနိုင်သလောက် (အတောင့်လိုက် ထည့်ကြော်ရန်)
  6. နံနံပင် - မိမိနှစ်သက်သလောက်
  7. ရှမ်းနံနံ - နှစ်သက်သလောက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငံပြာရည် - အနည်းငယ်

ပြင်ဆင်ပုံ
  1. ပုဇွန်ချဉ်ထဲမှ ထမင်းများကို မစားချင်ပါက ဖယ်ထားပါ
  2. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရဆေးပြီး ခပ်ပါးပါး လှီးထားပါ
  3. ရှမ်းနံနံကို ရေဆေးပြီး ထက်ဝက်လှီးထားပါ
  4. နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  5. ငရုတ်သီးစိမ်း ရှစ်တောင့်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. ခရုတ်သီးစိမ်းကို ရေဆေးကာ အညှာခြွေထားပါ
  7. ဆီ အရသာမှုန့် ငံပြာရည် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ
  8. ဒယ်အိုးထဲကို ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ 
  9. ဆီပူလာပါက ကြက်သွန်နီကို နွမ်းရုံလေး ကြော်ပေးပါ
  10. ပြီးတာနဲ့ ငရုတ်သီး အကြမ်းမှုန့် နှင့် လှီးထားသော ငရုတ်သီးစိမ်းတို့ကို ထည့်ကြော်ပေးပါ
  11. ငရုတ်သီးနံ့ သင်းလာတာနဲ့ ပုဇွန်ချဉ်ထည့်ကာ မွှေပေးပါ
  12. ပြီးတာနဲ့ အရသာမှုန့် နှင့်ငံပြာရည်ကို ချင့်ချိန်ပြီး ထည့်ပေးပါ
  13. အရသာ သမသွားတာနဲ့ အရသာ မြည်းကာ လိုသလို ပြင်ပေးပါ
  14. ပြီးတာနဲ့ ရှမ်းနံနံ နံနံပင်နှင့် ငရုတ်သီးစိမ်း အတောင့်လိုက်တို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  15. ထမင်္ငးမြိန်ပြီး စားလို့အရမ်းကောင်းကာ အရသာ အလွန်ရှိလှသော ပုဇွန်ချဉ်ကြော် ချဉ်ငံစပ် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

Tuesday 2 June 2020

ခရမ်းသီး မီးဖုတ်သုပ်








ဒီနေ့တော့ ခရမ်းသီးကို မီးသွေးမီးဖိုနဲ့ မဟုတ်ဘဲ မိုက်ခရိုဝေ့နဲ့ ဖုတ်ထားပြီး ခရမ်းသီး မီးဖုတ်သုပ်လေး သုပ်စားဖြစ်လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ခရမ်းသီး မီးဖုတ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းသီး - အနေတော် တစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. မြေပဲကြော် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  4. နံနံပင် - နှစ်သက်သလောက်
  5. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်ကောင်းမှုန့် - စားနိုင်သလောက်
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပဲဆီစိမ်း - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  • ခရမ်းသီးကို ရေဆေးပြီး ခရင်းဖြင့် ခပ်ကျဲကျဲ လိုက်ထိုးပေးပြီး ပန်းကန်ပြားပေါ်မှာ တင်ပေးပါ
  • ထိုပန်းကန်ကို မိုက်ခရိုဝေ့ မီးဖိုထဲမှာထည့်ပြီး အဖုံးခပ်ဟဟအုပ်ပေးကာ တစ်ဖက်ကို လေးမိနစ်ခန့် ဖုတ်ပေးပါ
  • လေးမိနစ် ပြည့်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး လေးမိနစ် ထပ်ဖုတ်ပေးပါ
  • ခရမ်းသီး အလုံးကြီးပါက မီးဖုတ်ချိန်ကို ပိုပြီးဖုတ်ပေးပါ
  • မီးဖုတ်ထားသော ခရမ်းသီးကို အပြင်ထုတ်ပေးပြီး အခွံခွာပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်ခုထဲမှာ ရေထည့်ပြီး အခွံခွာထားသော ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ 
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • မြေပဲကို ကျက်အောင်ကြော်ပြီး အခွံခွာကာ သန့်စင်ထားပါ
  • အသုပ်ထဲမှာ ပါဝင်မည့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ  ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ မျှတအောင် ခပ်ဖွဖွ နယ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ပဲဆီနံ့ သင်းပျံ့နေတဲ့ ခရမ်းသီး မီးဖုတ်သုပ် မွှေးမွှေးလေးကို သတ်သတ်လွတ် ဟင်းတစ်မယ် ပြင်ပေးနိုင်သလို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
  • မီးသွေးမီးဖိုနှင့် ခရမ်းသီးကို မီးဖုတ်ပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ
  • မီးဖုတ်လို့ ကျက်တာနဲ့ အထက်ပါ နည်းအတိုင်း ပြင်ဆင်ပေးပါ။

Monday 1 June 2020

သပွတ်သီးကြော်ချက်





ဒီနေ့တော့ သပွတ်သီးကို ပုဇွန်ဆတ်ထုတ်လေးတွေနဲ့ အရည်သောက်ဆမ်း ကြော်ချက်လေး ချက်ပါတယ် သပွတ်သီးက အရမ်းကြီးနေတော့ အရည်သောက်ဆမ်း ဟင်းတစ်ပွဲအတွက် သပွတ်သီးကို တစ်ပိုင်းပိုင်းပြီး ချက်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သပွတ်သီး - တစ်ပိုင်း
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ပုဇွန်ဆတ်ထုတ် - ဆယ့်ခွန်နှစ်ကောင်

ပြင်ဆင်ပုံ
  1. သပွတ်သီးရဲ့  အပေါ်ဖက်မှ အခွံများကို အခွံခွာဓါးဖြင့် ခွာပေးပါ
  2. အခွံများ ခွာပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ ရေဆေးပေးပါ
  3. ရေဆေးပြီးမှ ထက်ဝက်ခြမ်းကာ ခပ်စောင်းစောင်း ထူထူလေးတွေ လှီးပေးပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  5. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  6. ပုဇွန်ကို အခွံခွာပြီး ခေါင်းများဖြုတ်ပေးကာ ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ
  7. ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာပု ဆီထည့်ပြီး အပူပေးပါ
  8. ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးကာ ကြက်သွန်အဖြူ နှင့် ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  9. ကြက်သွန်များ နွမ်းသွားတာနဲ့ ပုဇွန်ကို ထည့်ကြော်ပေးပါ
  10. ပုဇွန်အရောင် ပြောင်းသွားတာနဲ့  သပွတ်သီး ဆားနှင့် အချိုမှုန့် တို့ကိုထည့်ပေးကာ ကြော်ပေးပါ
  11. အရသာ သမသွားတာနဲ့ မိမိနှစ်သက်သလောက် ရေထည့်ပြီး တည်ပေးပါ
  12. ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ သပွတ်သီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကိုဖွင့်ကာ တည်ပေးပါ
  13. သပွတ်သီး နူးလာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားပြီး သုံးဆောင်နိုင်ပါပြီ။