Thursday 11 June 2020

ကြက်သားဆီပြန်


ဒီနေ့တော့ မနေ့က ချက်စားဖြစ်တဲ့ ပြောင်းဖူးကြက်သား ဆီပြန်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ် ဒီကြက်သား အရသာက ဗမာကြက် အရသာနဲ့ အရမ်းတူလွန်းပြီး ချက်ပြီးတဲ့ အခါမှာလဲ စားလို့ အရမ်းကောင်းလွန်းတဲ့အတွက် မာမာကတော့ ဗမာချက် ချက်နည်းလေးဘဲ ချက်စားလိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ပေါင်သား - 500 g 
  2. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  8. ကြက်သွန်နီ - အနေတော် တစ်လုံး (အနှစ်ရရန် လှီးထည့်ပါ)
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. စပါးလင် - တစ်ပင်
  11. ကုလားလေး မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  12. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ

  1. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  2. ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  4. ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  5. စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. စပါးလင်ရွက်များကို ရေဆေးပြီး ထုံးထားပါ
  7. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
  8. ကြက်သွန်နီ အနေတော် တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်နူတ်နုတ် လှီးထားပါ
ပြင်ဆင်ပုံ
  • အရသာ နယ်ထားသော ကြက်သားနှင့်ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နှင့် ငရုတ်သီးအရောင်တင်မှုန့်ထောင်းတို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ကို နှစ်မိနစ်လောက် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သား အသားများ မာကျစ်လာတဲ့ထိ ဆီသတ်ပေးပါ
  • ကြက်သား အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး အုံးအဖုံးအုပ်ကာ ကြက်သားနူးတဲ့အထိ ဆက်တည်ပေးပါ 
  • ရေခမ်းပြီး ဆီလည်ရေလည် ဖြစ်လာပါက မဆလာအုပ်ပေးပြီး သမအောင် မွှေပေးပါ
  • ရအနေတော် ဖြစ်လာပါက မွှေးလွန်းတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment