Monday 30 September 2019

ကြံမဆိုင် လုပ်နည်း















ဒီနေ့တော့ မုန့်ညှင်းစိမ်းကို ကြံမဆိုင်ထည့်ထားတာ ရသွားပြီမို့ မိမိနှစ်သက်သလို ပြင်ဆင်ပြီး လုပ်စားနိုင်ဖို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ကြံမဆိုင် ထည့်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်​ပစ္စည်းများ

  1. မုန့်ညှင်းစိမ်း - တစ်ကီလို
  2. ဆားကြမ်း - ထမင်းစားဇွန်း လေးဇွန်း
  3. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  4. ကြက်သွန်ဖြူ - မိမိနှစ်သက်သလောက်
  5. ဗနီကာ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ

  1. မုန့်ညှင်းစိမ်း အရွက်​များကို ရေစင်အောင် ဆေးပေးပြီး ရေစစ်ထားပါ
  2. ရေစစ်ပြီ ဆိုတာနဲ့ နေအရမ်းပူပါက ၃နာရီလောက် နေလှန်းပေးပါ
  3. နေပူရှိန် နည်းပါက တစ်ရက်လောက် နေလှန်းပေးပါ
  4. နေလှန်းပြီးတာနဲ့ စဉ့်နီတုန်း သန့်သန့်အပေါ် အရွက်များ တင်ပေးပြီး ဆားကြမ်းကြမ်းနှင့် နယ်ပေးပါ 
  5. ဆားနယ်တဲ့ နေရာမှာ အရွက်များထဲအထိ ဆားရည်များ စိမ့်ဝင်အောင် ခပ်နာနာ နယ်ပေးပါ
  6. အရွက်များကို ဆားနယ်ပြီးတာနဲ့ တစ်လက်မလောက် အနေအထားလေးတွေ ပိုင်းပေးပြီး ဇလုံထဲမှာထည့်ကာ သုံးနာရီလောက် နှပ်ထားပါ
  7. အရွက်များ အချဉ်တည်နေစဉ် အူလည်လည် မဖြစ်စေရန်  ဆားကို ခပ်​ငံငံ​လေး နယ်​ပေးပါ
  8. ငရုတ်သီးစိမ်းကို ရေဆေးပြီး ရေစစ်ထားပါ
  9. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ရေစစ်ထားပါ
  10. အရွက်များ နှပ်ထားချိန် သုံးနာရီ ပြည့်တာနဲ့ လက်အားသန်သန်နှင့် အရည်များကို ညှစ်ပေးပြီး အရည်များကို သွန်ပလိုက်ပါ
  11. အရည်ညှစ်ပြီးသား အရွက်များ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ပုလင်းသန့်သန့်ထဲမှာ ဖိသိပ်ပြီး ထည့်​ပေးပါ
  12. ပြီးတာနဲ့ ဗနီကာကို အရွက်များ မြုပ်တဲ့အထိ လောင်းထည့်ပေးပါ
  13. ပုလင်းကို ​လေလုံ​အောင် ​ပိတ်​ထားပြီး အခန်းအပူချိန်အတိုင်း ထားပါက ၂ရက်လောက်ဆို ရပါပြီ
  14. အရွက်များ ဗနီကာအရည်အပေါ်ကို တက်လာပါက  မြုပ်သွားအောင် ဇွန်းသန့်သန့်နှင့် ဖိဖိပေးပါ
  15. နှစ်ရက်​​လောက်​ဆို နေီကာ အရည်စိမ် ကြံမဆိုင် ရလာပြီမို့ မိမိနှစ်သက်သလို ပြင်ဆင်ချက်ပြုပ်ပြီး စားလို့ရပြီ။
မှတ်ချက်။ ။ ဗနီကာအနံ့က အချဉ်နံ့ စူးတဲ့အတွက် ဟင်းချက်ဖို့ ပြင်ပေးတိုင်း အနည်းဆုံး ရေနှင့် တစ်ထပ်လောက် ဆေးပေးပြီးမှ ချက်ပေးပါ။

Saturday 28 September 2019

ကြက်ဥ ထမင်းကြော်


အသက်လေး ရလာတော့ အသားတွေ သိပ်မစားချင်တော့တာရယ် နောက်တစ်ခု မာမာက အသားအရမ်း မစားတော့ ကြက်ဥနဲ့ပဲကိုတော့ ပိုပြီးစားဖြစ်ပါတယ် ဒါကြောင့်မို့လို့ ထမင်းကြော်တိုင်း အသားတွေနဲ့ ကြော်တာထက် ကြက်ဥနဲ့ကို ပိုပြီးကြော်ဖြစ်ပါတယ်။

တစ်ချို့ကျတော့ ထမင်းနဲ့ကြက်ဥကြော်ရင် ညှီမှာကြောက်ကြတယ် တစ်ချို့ကကျတော့ ကြက်ဥနဲ့ ထမင်းကြော်ရင် ပျစ်ခဲခဲကြီး ဖြစ်နေမှာ ကြောက်ကြတယ်။

ထမင်းနဲ့ ကြက်ဥကြော်တဲ့အခါ ကြက်ဥနံ့ မညှီအောင် ထမင်းမကြော်ခင် ကြက်သွန်ဖြူ ကြက်သွန်တို့ကို ကြော်ပြီးမှ ကြက်ဥထည့်ပြီး ခြောက်သွားအောင် မွှေကြော်ပြီးမှ မိမိနှစ်သက်ရာ အသီးအရွက်တွေထည့်ကြော် ပြီးမှ ထမင်းကို ထည့်ကြော်လိုက်ရင် ပျစ်ခဲခဲကြီး မဖြစ်သလို ညှီနံ့လဲ မရပါဘူး ဆိုတာလေးလဲ ပြောချင်ပါသေးတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်ဥနဲ့ ထမင်းကြော် ကြော်နည်းလေးကို မေးထားတဲ့သူတွေအတွက် မာမာပြင်ဆင်တဲ့ နည်းလေးမျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ထမင်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးကို ချက်ထားပါ
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  4. ကြက်ဥ - နှစ်လုံး 
  5. ကြက်သွန်နီ - အနေတော် ၁ဥ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  7. မုံလာဥနီ - အနေတော် တစ်ဥ
  8. ဘေဘီပြောင်းဖူး  - ၅ဖူး
  9. ပဲတောင့်ရှည် - ၃ တောင့် 
  10. ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တ၀က် 
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ

  • ထမင်းဖြူကို ခပ်မာမာလေးချက်ပြီး အအေးခံထားကာ ထမင်းများကို ဖွထားပါ
  • ကြက်ဥကို ပွလာတဲ့အထိ ခလောက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး မိမိနှစ်သက်သလို လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကြော်နေစဉ် ငရုတ်ကောင်းမှုန့် ထည့်ပေးပြီး ကြက်ဥကျက်ာအောင် မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ လှီးထားသောပြောင်းဖူ  မုံလာဥနီ ပဲသီးနှင့် ဆားတို့ကို ထည့်မွှေပေးပါ
  • အသီးအရွက်များ  ထည့်မွှေပေးပြီးတာနဲ့ တစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ ချက်ပြီးအအေးခံထားသော ထမင်းဖြူနှင့် အရသာမှုန့်တို့ ထည့်ပေးပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာ သမသွားပြီဆိုတာနဲ့ အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ထမင်းကြော် ရပြီဆိုတာနဲ့ကြက်ဥ ထမင်းကြော်ကို မိမိနှစ်သက်သလို ပြင်ဆင်ပေးနိုင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

Thursday 26 September 2019

မုန့်လုံးကြီး နှမ်းကပ်ကြော်

















ဒီနေ့တော့ မနေ့က လုပ်ဖြစ်တဲ့ မုန့်လုံးကြီး နှမ်းကပ်ကြော်နည်းလေး အကြောင်း ပြောချင်ပါတယ် ကောက်ညှင်းတို့ သဘာဝ ဆီနဲ့ကြော်ရင် ပွထွက်လာတာတို့ ပေါင်ထွက်သွားတာတို့ ဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ မုန့်သားစပ်ပြီးချိန်မှာ အနည်းဆုံး နှစ်နာရီလောက်တော့ နှပ်ထားပြီးမှ ကြော်စေချင်ပါတယ် မာမာကတော့ မနေ့က အချိန်မရတာနဲ့ တနာရီလောက်ဘဲ နှပ်ထားပြီး ကြော်လိုက်ပါတယ်။

မုန့်သားနှပ်ထားချိန် အနည်းငယ် လိုသွားတဲ့အတွက် ကြော်နေတုန်းမှာ မုန့်သားက နည်းနည်းလေး ရုန်းသွားတဲ့အတွက် ဝိုင်းဝိုင်းလေး မရဘဲ အနည်းငယ်ပိန်သွားတာလေးတွေ ဖြစ်သွားပါတယ်။

ဒါကြောင့်မို့လို့ ကြော်တဲ့အခါ မုန့်လှလှလေး ရချင်ရင်တော့ မုန့်သားနှပ်ချိန်လေး ပြည့်အောင်ထားပြီးမှ ကြော်ကြပါလို့ မှာရင်းနဲ့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - 100 g
  2. ကောက်ညှင်းမှုန့် - 20 g မုန့်သားစပ်ရန်
  3. ရေ - 125 g (ရေနွေးကျိုရန်)
  4. သကြား - 50 g (အချိုမကြိုက်ပါက လျှော့ထည့်ပါ)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း(မုန့်သားစပ်ရန်)
  7. ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (အရည်ဖျော်ရန်)
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (ကောက်ညှင်းမှုန့် အရည်ဖျော်ရန်)
  9. နှမ်းအဖြူ - လိုသလောက် သုံးပေးပါ 
  10. ဆီ - မုန့်ကြော်ရန်အတွက် လိုသလောက် သုံးပေးပါ

    ပြင်ဆင်ပုံ
    • ရေ သကြားနှင့်ဆားတို့ကို အိုးတလုံးထဲမှာ ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
    • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်ထည့်ပြီး ကျိုထားတဲ့ အရသာပါသော ရေနွေးကို နည်းနည်းချင်းထည့်ကာ တူနှစ်ချောင်းနှင့် နယ်ပေးပါ
    • မုန့်သားပျော့ပြီး စေးပိုင်လာပါက ကောက်ညှင်းမှုန့် 20 gကို ထပ်ထည့်ပေးပါ
    • ကောက်ညှင်းမှုန့် ရောပေးပြီးတာနဲ့ လက်နှင့်ဖိဖိပြီး မုန့်ဒိုးသား ရလာတဲ့အထိ ၅မိနစ်လောက် နယ်ပေးပါ
    • မုန့်သားပျော့လာကာ ဒိုးသားရလာပါက ပန်းကန်ပြားနှင့် အုပ်ပေးကာ အနည်းဆုံး ၂နာရီလောက် အခန်းအပူချိန်အတိုင်း ဒီတိုင်းထားပေးပါ
    • ဇလုံခပ်သေးသေးထဲမှာ ရေနှင့် ကောက်ညှင်းမှုန့် ထမင်းစားဇွန်း တစ်ဇွန်းကိုထည့်ပြီး အရည်ပျော်သွားအောင်  ဖျော်ပေးထားပါ
    • ပန်းကန်ပြား တစ်ချပ်ထဲမှာ နှမ်းစေ့များကို ထည့်ပေးထားပါ
    • မုန့်သားနှပ်ထားပြီးတာနဲ့ မုန့်သားကို ပုံပါအတိုင်း ခပ်ရှည်ရှည်လေး ရလာအောင် လှိမ့်ပေးပါ
    • ထိုလှိမ့်ထားသော မုန့်သားကို ရွယ်တူအတုံးလေးတွေ ၈တုံးရအောင် ပိုင်းပေးပါ
    • ပြီးတာနဲ့ မုန့်သားအတုံးလေး တစ်တုံးစီကိုယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပေးကာ ဝိုင်းနေအောင် လုံးပေးပါ
    • လုံးပြီးသား မုန့်လုံးများကိုတစ်လုံးချင်းယူပြီး အရည်ဖျော်ထားသော ကောက်ညှင်းရည်ထဲမှာ နှစ်ပေးကာ ချက်ချင်းပြန်ဆယ်ပေးပါ
    • ဆယ်ပြီးတာနဲ့ နှမ်းပန်းကန်ထဲမှာ ထည့်ပြီး ခပ်ဖွဖွ လှိမ့်ပေးကာ နှမ်းစေ့များ ကပ်သွားအောင် လက်နှင့်လေးငါးချက်လောက် ခပ်ဖွဖွလေး ဆုတ်ပေးပါ
    • ထိုနည်းအတိုင်း မုန့်လုံးများ ကုန်တဲ့အထိ လုပ်ပေးပါ။
    မုန့်ကြော်ရန်
    • မုန့်လုံးများအားလုံး နှမ်းထဲမှာ လှိမ့်ပေးပြီးပါက ဇောက်နက်သော အိုးထဲမှာ ဆီများများထဲ့ပြီး အငွေ့ထွက်လာအောင် တည်ပေးပါ
    • ဆီအငွေ့ တက်လာပါက မီးကိုအနေတော် လျှော့ပေးပြီး လုံးထားသော မုန့်လုံးများကို တစ်လုံးချင်း ထဲ့ကြော်ပေးပါ
    • ကြော်နေစဉ် မုန့်သားများ ပွလာပြီး အိုးကျပ်သွားတတ်တဲ့အတွက် မုန့်လုံးများကို ခပ်ကျဲကျဲ ထည့်ပေးပါ
    • မုန့်သားများ အကျက်ညီစေရန် မကြာမကြာ မုန့်လုံးကို လှည့်ပေးပါ
    • မုန့်လုံးတခုလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ထားပါ
    • ဆီစစ်သွားပြီး အေးသွားပါက နှမ်းကြော်ရနံ့ မွှေးမွှေးလေးနဲ့ မုန့်လုံးကြီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
    မှတ်ချက်။ မုန့်လုံး၈လုံးစာအတွက် အချိုးအစားတွက်ပြီး ရေးပေးထားပါတယ် ပိုလုပ်ချင်ပါက  အထက်ပါ အချိုးအစားအတိုင်းကို ပိုပြီးထည့်ပေးပါ။

    Wednesday 25 September 2019

    ပုဇန်ွဆီချက်















    အခုရက်ထဲ ပုဇွန်တွေ ဝယ်တာ များလွန်းတော့ ပုဇွန်ခေါင်းတွေ ပုဇွန်အခွံတွေ အများကြီး ထွက်လာခဲ့တယ် အမှိုက်ပုံးထဲ ထည့်လိုက်ပြန်ရင်လဲ အမှိုက်သိမ်းတဲ့ကားက အင်္ဂါနေ့မှလာမယ် အင်္ဂါနေ့ မရောက်မချင်း အနံ့တွေ တလှိုင်လှိုင်နဲ့ ဖြစ်နေမှာလဲ ဆိုးရသေးတယ် ရေခဲသေတ္တာထဲ ထည့်ထားရင်လဲ အခွံတွေက နေရာယူလို့ ထည့်မထား ချင်ပြန်ဘူး။

    အဲဒါနဲ့ဘဲ ဒီနေ့တော့ ပုဇွန်ခေါင်းတွေ ပုဇွန်ခွံတွေကို ဆီချက်လေး ချက်ပလိုက်တော့တယ် ဒီတော့လဲ ထုထောင်းကာ ပြင်ဆင်ဖြစ်ပါတယ် ပုဇွန်ဆီချက်က ချက်နည်းလေးသိရင် အရမ်းလွယ်ပါတယ် ပြင်ရဆင်ရတာလေးဘဲ အချိန်နည်းနည်း ကြာပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

    ပုဇွန်ဆီချက် ချက်နည်းလေးကို 28/3 1017 နေ့ကhttps://mmlazp.blogspot.com/2017/03/blog-post_63.html  ဒီလင့်မှာ တစ်ခါတင်ဖူးပါတယ်။

    ပါဝင်ပစ္စည်းများ

    1. ပုဇွန်ခေါင်နှင့် ပုဇွန်အခွံများ - 1500 g
    2. ဆီ - ဟင်းခတ်ဇွန်းကြီး လေးဇွန်း
    3. ဆား - လက်ဖက်ရည်ဇွှန်း နှစ်ဇွန်း
    4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
    5. ရေ - သုံးလီတာ

    ပြင်ဆင်ပုံ

    1. ပုဇွန်မှ ထွက်လာသော ပုဇွန်ခေါင်းများကို အခွံခွာကာ အထဲမှ အစာအိတ်ကို ထုတ်ပေးကာ ဖယ်ပေးပါ
    2. ပုဇွန်အခွံများကို သဲများစင်သွားအောင် ရေနှစ်ထပ်လောက် ဆေးပေးကာ ရေစစ်ထားပါ
    3. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး ငရုတ်ဆုံထဲ ထည့်ပေးကာ မညက်တညက် ထောင်းပေးပါ
    4. ထောင်းထားသော ပုဇွန်ခေါင်းများကို ရေအနည်းငယ်နှင့် အရည်ကျင်ပေးပါ
    5. အရည်ကျင်ထားသော ပုဇွန်ခေါင်းဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
    6. အရည်ညှစ်ချထားသော ပုဇွန်ခေါင်းဖတ်များကို နောက်တခေါက် ညက်နေအောင် ထောင်းပါ
    7. ထောင်းထားသော ပုဇွန်ခေါင်းကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ပြီး ခေါင်းခွံများကို ထပ်ထောင်းပေးပါ
    8. အထက်ပါ နည်းအတိုင်း လေးခါလောက် ထောင်းလိုက် အရည်ကျင်လိုက် လုပ်ပေးပြီးရင် ရပါပြီ
    9. ပုဇွန်ခေါင်း ထောင်းပြီးသားများကို အရည်ကျင်ရာမှာ ရေအများကြီး မထည့်ဘဲ ကျင်ပေးပါ
    10. ပုဇွန်အခွံများကိုလဲ အထက်ပါ နည်းအတိုင်း လုပ်ပေးပါ
    11. ပုဇွန်အရည်ကျင်ရာမှာ ရေအများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်။
    12. ပုဇွန်ခေါင်းသား 500 g လောက်ဆို ရေတလီတာလောက် သုံးပေးရင် ရပါတယ်
    13. အားလုံးအဆင်သင့် ဖြစ်ပါက ပုဇွန်ခေါင်းနှင့်အခွံမှ အသုံးမလိုတော့သော ပုဇွန်အခွံ အဖတ်များကို လွှင့်ပြစ်လိုက်ပါ
    14. အရည်ကျင်ထားသော ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံ ထောင်းထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ
    15. ပုဇွန်အရည် ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
    16. ပုဇွန်ရည်များ ပြစ်လာပြီး အဖတ်လေးတွေ တက်လာပြီ ဆိုတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
    17. ဆီထည့်ပြီးတာနဲ့ ပုဇွန်ဆီများ ဥလာအောင် မီးအနေတော်လောက် လျှော့ကာ တည်ထားပေးပါ
    18. ပုဇွန်ဆီများ ပြစ်လာပြီး ဆီထဲမှာ ပုဇွန်ဆီ အဖတ်များ ဥလာပြီ ဆိုတာနဲ့ ပုဇွန်ဆီ မွှေးမွှေးလေး ရပါပြီ
    19. ပြီးတာနဲ့ မီးပိတ်ပေးပြီး အအေးခံကာ ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ
    20. ပုဇွန်ဆီ မွှေးမွှေးလေးကို ထမင်းကြော်စားရန်သော်၎င်း ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း မိမိနှစ်သက်သလောက်ထည့်ပြီး ကြော်လှော် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

    Saturday 14 September 2019

ုမုံလာဥနီ ဆနွင်းမကင်း














    ဒီတခါတော့ မုံလာဥနီလေးတွေ ဝယ်လာတာ များနေတဲ့အတွက် ဆနွင်းမကင်းလေး ဖုတ်ဖြစ်ပြန်ပါတယ် စားလွှိုအရမ်းကောင်းပြီး အချိုပွဲ ပြင်လို့လဲ အရမ်းကောင်းလွန်းတဲ့ မုန့်တမျိုးပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ

    1. မုံလာဥနီ - 1 kg
    2. ဂျုံမှုန့် - 120 g
    3. ရွှေကြည်မှုန့် - 60 g
    4. သကြား - 150 g (အချိုကြိုက်ပါက ပိုထည့်ပါ)
    5. ထောပါတ် - 150  g
    6. အုန်းနို့ - 150 g
    7. ရေ - 150 g
    8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
    9. ဘိန်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
    10. အုန်းသီးမှုန့် - မိမိနှစ်သက်သလောက်
    11. မုန့်ဖုတ်မည့်ဘန်း - တခု

    ပြင်ဆင်ပုံ


    1. မုန်လာဥနီကို အခွံခွာတဲ့ဒါးနှင့် အခွံများခွာပေးကာ ရေဆေးပြီး ရေစစ်ထားပါ
    2. ပြီးတာနဲ့ အမျှလေးများ ရလာအောင် ခြစ်ပေးပါ
    3. မုန့်ဖုတ်မည့် ဗန်းကို ထောပါတ်ဆီနှင့် သုတ်ထားပါ
    4. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
    5. ဇလုံတလုံးထဲမှာ ဘိန်းစေ့မှလွဲပြီး ကျန်တဲ့ပါဝင်ပစ္စည်းများကို ထည့်ပေးပြီး သမအောင် ရောမွှေပေးပါ
    6. ပြီးတာနဲ့ မကပ်တဲ့ အိုးတလုံးထဲမှာ ထည့်ပေးပြီး မီးအနေတော်နှင့် တည်ပေးပါ
    7. အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပြီး တည်ထားသော အိုးထဲမှာ မုံလာဥနီ မုန့်သားထဲမှ ထောပါတ်ဆီ ပြန်တက်လာတဲ့အထိ တည်ပေးပါ
    8. အိုးထဲမှာ ထောပါတ်ဆီ ပြန်တက်လာပါက မုန့်ဖုတ်မည့် ဗန်းထဲသို့ ထည့်ပေးပါ
    9. မုန့်သားထည့်နေစဉ် မုန့်သားမျက်နှာပြင်ကို ညီစေရန် လိုက်ဖိပေးပါ
    10. ပြီးတာနဲ့ မုန့်သားအပေါ်မှာ ဘိန်းစေ့များကို ဖြန့်ထည့်ပေးပါ
    11. အဆင်သင့်ဖြစ်တာနဲ့ မိုက်ခရိုဝေ့ထဲမှာ တမိနစ်စီ ၈မိနစ်လောက် ထည့်ပေးပါ
    12. မုန့်ဖုတ်တဲ့အချိန် ပြည့်တာနဲ့ မီးဖိုအပြင်ဖက် ထုတ်ပေးပြီး အအေးခံပေးပါ
    13. မုန့်သားအေးသွားတာနဲ့ မိမိနှစ်သက်သလို လှီးပေးပြီး အချိုပွဲအတွက် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
    14. မိုက်ခရိုဝေ့ မီးဖိုနဲ့ မဖုတ်ဘဲ oven နဲ့ ဖုတ်ပါက 200 c နှင့် ၁၀မိနစ်လောက် ကျိုပြီးဖွင့်ထားပြီး ၂၅မိနစ်လောက် ဖုတ်ပေးပါ
    15. မုန့်ဖုတ်ချိန် ပြည့်တာနဲ့ မီးပိတ်ပေးပြီး မီးဖိုထဲက လက်ကျန်အပူရှိန်နှင့် ၁၀မိနစ်လောက် ထည့်ထားပါ
    16. ပြီးမှ အပြင်ကို ထုတ်ပေးပြီး အအေးခံကာ မိမိနှစ်သက်သလို လှီးပေးပါ
    17. မုန့်သားကို လှီးပြီးတာနဲ့ အချိုပွဲအတွက် ပြင်ဆင်ပေးပြီး စားသုံးနိုင်ပါပြီ။