Thursday 29 August 2019

ကျိုင်းတုံ မုန့်တီ






ဒီနေ့တော့ face book မက်ဆင်ဂျာကနေ ကျိုင်းတုံမုန့်တီ ချက်နည်းလေး လာလာမေးကြတော့ မာမာကိုယ်တိုင်လဲ မြန်မာပြည်နဲ့ ဝေးနေတာ ကြာခဲ့ပြီး ကျိုင်းတုံမုန့်တီကို မစားဘူးခဲ့ပါဘူး။

ဒါကြောင့်မို့လို့ လာမေးတဲ့ သူတွေအတွက် အဆင်ပြေရလေအောင် ချက်နည်းကို အွန်လိုင်းမှာ ရှာရပါတယ် ကံကောင်းချင်တော့ ကျိုင်းတုံအစားအစာတွေ တင်တဲ့ဂရုကနေ ချက်နည်းပါ တင်ထားတဲ့အတွက် အဆင်ပြေသွားခဲ့ပါတယ်။

သူတို့ကတော့ ဝက်ရိုးနဲ့ ဝက်သားကို အဓိကထားပြီး ချက်ကြပါတယ် မာမာကတော့ အိမ်မှာဝက်သား မစားတဲ့အတွက် ကြက်သားနဲ့ ကြက်ရိုးကို အစားထိုးပြီး ချက်လိုက်ပေမဲ့ စားလို့အရမ်း ကောင်းလွန်းတဲ့အတွက် မျှဝေပေးလိုက်ခြင်းသာ ဖြစ်ပါတယ် ချက်နည်းလေး လွဲခဲ့ရင်တော့ နားလည်ပေးစေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ကိုယ်လုံးအရိုး - 500 g
  2. ကြက်ရင်ပုံသား -  500 g
  3. မုန့်တီခြောက်အထုတ် - နှစ်ထုတ်
  4. ကြက်သွန်ဖြူ ဆီချက်အဖတ် - မိမိနှစ်သက်သလောက်
  5. ငရုတ်သီး အကြမ်းဖတ်ကြော် - မိမိနှစ်သက်သလောက်
  6. နှမ်းလှော်ထောင်း - မိမိနှစ်သက်သလောက်
  7. မြေပဲလှော်ထောင်း - မိမိနှစ်သက်သလောက်
  8. ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
  9. လက်ပံပွင့်ခြောက် - မိမိနှစ်သက်သလောက်
  10. ဂေါ်ဖီ - မိမိနှစ်သက်သလောက်
  11. သံပုရာသီး - မိမိနှစ်သက်သလောက်
  12. ရှမ်းမုန့်ညှင်းချဉ် - မိမိနှစ်သက်သလောက်
  13. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  14. ဝက်ခေါက်ကြော် - မိမိနှစ်သက်သလောက်
  15. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  16. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  17.  ခရမ်းချဉ်သီး - အလုံးကြီးကြီး ၉ လုံး
  18. ပဲပုတ်ချပ် -  လေးချပ်ခန့်
  19. ဆား - လိုသလောက် ပြင်ထားပါ
  20. အရသာမှုန့် - လိုသလောက် ပြင်ထားပါ
  21. ဆီ - ထမင်းစားဇွန်း ၅ဇွန်းခန့်

ဟင်းရည်ချက်ရန် ပြင်ဆင်ပုံ

  1. ကြက်ရိုးများကို ရေစင်အောင်ဆေးပြီး အနေတော် ခုတ်ပေးပါ
  2. ပဲပုတ်အချပ်များကို မိုက်ခရိုဝေ့ မီးဖိုထဲမှာ စကန့် ၃၀လောက် ထည့်ပြီး အပူပေးကာ ညက်နေအောင် ထောင်းထားပါ
  3. ခရမ်းချဉ်သီးကို အလုံးလိုက် ရေစင်အောင် ဆေးထားပါ
  4. ကြက်သားကို ရေဆေးပြီး နုတ်နုတ်စင်းကာ ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့နှင့် ရောနယ်ထားပါ
  5. ဆီ ဆားနှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  6. ဇောက်နက်သော အနေတော် အိုးထဲမှာ ကြက်ရိုများး ပဲပုတ်မှုန့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ခရမ်းချဉ်သီး အလုံးလိုက်တို့ကို ရေ မြုပ်အောင်ထည့်ပြီး တည်ပေးပါ
  7. ရေပွက်ပွက် ဆူလာပါက အပေါ်ယံသို့ တက်လာသော အမြှုပ်များကို ခပ်ပြီးသွန်သွန်ပေးပါ
  8. ကြက်ရိုးပြုပ်ထားစဉ် ခရမ်းချဉ်သီးများ အပေါ်ယံအခွံ ကွဲထွက်လာပါက ဆယ်ပြီးအအေးခံကာ အခွံများခွာပြီး နုတ်နုတ်စင်းပေးပါ
  9. ဟင်းရည်အိုးထဲမှ ကြက်ရိုးများထဲက အချိုရည်များ ထွက်လာအောင် မီးအနေတော်နှင့် အိုးအဖုံးကို အနည်းငယ်ဟပြီး ဆက်တည်ပေးထားပါ
  10. ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံထည့်ပြီး အပူပေးပါ
  11. ဆီပူလာတာနဲ့ ဒယ်အိုးကို မီးဖိုပေါ်မှ ခနဖယ်ပေးပြီး ဆီငွေ့သေအောင် ခနထားကာကာ ငရုတ်သီးအရောင်တင်မှုန့် ထည့်ပေးပါ
  12. ပြီးတာနဲ့ မီးဖိုပေါ် ပြန်တင်ပေးပြီး ငရုတ်သီးအရောင်တင်မှုန့်  မွှေးသွားအောင်  မွှေပေးပါ
  13. ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ နုတ်နုတ်စင်းထားတဲ့ ကြက်သားကို ထည့်မွှေပေးပြီး ဆီသတ်ပေးပါ
  14. ဆီသတ်ပြီးတာနဲ့ အသားအနည်းငယ် ကျက်လာပါက နုတ်နုတ်စင်းထားသော ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ဆီဆက်သတ်ပေးပါ
  15. ကြက်သားနဲ့ ခရမ်းချဉ်သီး ဆီသတ်နံ့လေး သင်းလာပါက ကြက်ရိုးပြုပ် အိုးထဲကို လောင်းထည့်ပေးပါ
  16. ပြီးတာနဲ့ ရေကို တရုတ်ဟင်းပြင်ပန်းကန် လေးလုံးစာလောက် ထပ်ထည့်ပေးပြီး ဆက်တည်ပေးထားပါ
  17. ဟင်းရည်အိုး တည်ထားစဉ် ဟင်းရည်အရသာအတွက် ဆားနှင့်အရသာမှုန့်ကို သင့်သလိုထည့်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ဟင်းရည်ပွက်ပွက် ဆူလာပြီး ကျက်သွားအောင် တည်ထားပေးပါ။
မုန့်တီဖတ်ပြုပ်ရန်
  1. ဇောက်နက်သော အနေတော် အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေပွက်ပွက် ဆူလာပါက မုန့်တီဖတ် အခြောက်ကိုထည့်ပြီး ပြုပ်ပေးပါ
  3. ပြုပ်နေစဉ် မုန့်တီဖတ်များ လုံးထွေးပြီး မကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  4. မုန့်တီဖတ်များ အရမ်းပျော့မသွားစေရန်နှင့် နေတော် ဖြစ်စေရန် ဆယ်ပြီးလက်နှင့်ဖိကာ စမ်းပေးပါ
  5. မုန့်ဖတ် အနေတော် ရပြီဆိုပါက ဇကာထဲ လောင်းချကာ ရေအေးနှင့် ဆေးပေးပြီး ရေစစ်ထားပါ
ကျိုင်းတုံမုန့်တီပွဲ ပြင်ဆင်ရန်
  1. မုန့်တီဖတ်ကို အဆင်သင့် ပြင်ထားပါ
  2. ကြက်သွန်ဖြူ ဆီချက်ကို အဆင်သင့် ပြင်ထားပါ
  3. နှမ်းလှော်ထောင်းကို အဆင်သင့်ပြင်ထားပါ
  4. မြေပဲလှော်ကို မညက်တညက် ထောင်းထားပါ
  5. ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရဆေးကာ ရေနွေးဖျောပြီး ရေအေးနှင့် ပြန်ဆေးထားပါ
  6. ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးဖျောပြီး ရေအေးနှင့် ပြန်ဆေးထားပါ
  7. လက်ပံပွင့်ခြောက်ကို ရေဆေးပြီး အနည်းငယ် ပျော့သွားအောင် ပြုပ်ထားပေးပါ
  8. ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပေးပါ
  9. သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပေးပါ
  10. ရှမ်းမုန့်ညှင်းချဉ်နှင့် ဝက်ခေါက်ကြော်ကို ပြင်ထားပေးပါ
  11. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်လုံးထဲမှာ မုန့်တီဖတ်ကို လက်တစ်ဆုတ်စာ ထည့်ပေးပါ
  12. မုန့်တီဖတ် ထည့်ပေးပြီးတာနဲ့ မြေပဲထောင်း နှမ်းထောင်း ပဲပင်ပေါက် ဂေါ်ဖီ ကြက်သွန်ဖြူဆီချက် လက်ပံပွင့်ခြောက် ကြက်သွန်မိတ်နှင့် သံပုရာရည်တို့ ထည့်ပေးပါ
  13. ပြီးတာနဲ့ ချက်ထားသော ဟင်းရည်ကို ဆမ်းပေးကာ ပါဝင်ပစ္စည်းများနှင့် တွဲဖက်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ ဝက်သားစားသူများ ဝက်သားနှင့် ချက်ပါက ပိုပြီးစားလို့ ကောင်းပါတယ် မာမာ အခုချက်ပြတဲ့အထဲမှာ လက်ပံပွင့်ခြောက် မရှိတာနဲ့ မထည့်ထားသလို ဝက်သားမစားတဲ့အတွက် ကြက်သား ကြက်ရိုးတို့နဲ့ဘဲ ချက်ထားပြီး ဝက်ခေါက်ကြော်လဲ မထည့်ထားပါဘူးရှင်။

Wednesday 28 August 2019

ပီလောပီနံပေါင်း မွှေးမွှေးလေး










ပီလောပီနံဥကြီးတွေ လတ်လတ်ဆတ်ဆတ် ရတာနဲ့ ဝယ်လာခဲ့ပြီး ဒီနေ့တော့ ပေါင်းစားပါတယ် စိတ်တော့ အတော်လေး ရှည်ရပါတယ်။

တစ်ချို့ ကလဲ ပီလောပီနံဥက အချဉ်နဲ့ မတည့်ဘူးတို့ အများကြီးစားရင် တောက်တတ်တယ်လို့ ပြောကြ ပေမဲ့ ဘာဘဲစားစား တန်ဆေးလွန်ဘေးမို့လို့ သတိထားပြီး စားသင့်ပါတယ်။

အခုဒီမုန့်လုပ်နည်းလေးမှာ အုန်းသီးမှုန့် ပါတဲ့အတွက် အုန်းနို့အစား မာမာကတော့ နွားနို့ကို ထည့်ပြီး လုပ်ထားပါတယ်။

ဒါပေမဲ့လဲ မြန်မာမုန့်လေးတွေက ငယ်ငယ်လေးထဲက အရမ်းကြိုက်ခဲ့တာမို့လို့ စိတ်ရှည်လက်ရှည်နဲ့ ပြင်ဆင်ရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပီလောပီနံဥ - 600 g
  2. သကြား - 80 g
  3. နွားနို့ - 200 ml (သို့မဟုတ်)
  4. အုန်းနို့ - 200 ml  
  5. အုန်းသီးမှုန့် - 2 cups
  6. ထောပါတ် - 2 tabs 
  7. ဆား - 1/2 teas
  8. ဘိန်းစေ့ - 1 teas
  9. မိုက်ခရိုဝေ့ သုံးလို့ရသောဗူး - တစ်ဗူး
ပြင်ဆင်ပုံ
  1. ပီလောပီနံဥကို အပေါ်ယံ အခွံများခွာပြီး ရေစင်အောင် ဆေးကာ ရေစစ်ပေးပါ
  2. ပြီးတာနဲ့ ပုံပါအတိုင်း အသီးခြစ်သောခြစ်ဖြင့် စိတ်ရှည်ရှည် ခြစ်ပေးပါ
  3. ပီလောပီနံဥ ခြစ်ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ထည့်ပေးပြီး သကြား ဆား အုန်းသီးမှုန်နှင့်နွားနို့တို့ထည့်ကာ သမအောင် မွှေပေးပါ
  4. အရသာများ သမသွားတာနဲ့ မိမိအသုံးပြုမည့် ဗူးထဲမှာ ဖိသိပ်ပြီး ထည့်ပေးပါ
  5. ဗူးထဲထည့်ပြီးတာနဲ့ အပေါ်ယံမှာ ထောပါတ်ဆီကို ဖျန်းပေးပါ
  6. ထောပါတ်ဆီ အပေါ်မှ ဘိန်းစေ့များကို ဖြူးပေးပါ
  7. ပေါင်းအိုးအောက်ခံ အိုးထဲမှာ ရေထည့်ပြီး ပေါင်းအိုးအောက်ခံခုံနှင့် ဇကာကို ထည့်ပေးပါ
  8. ဇကာအထဲမှာ ပီလောပီနံ ထည့်ထားသော ဗူးကိုထည့်ပြီး အိုးအဖုံး အုပ်ပေးပါ
  9. အိုးအဖုံးအုပ်ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကိုနှိပ်ကာ မိနစ်၂၀ကို ခလုတ်နှိပ်ပြီး အရင်ဆုံး ပေါင်းပေးပါ
  10. မိနစ်နှစ်ဆယ် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီး အိုးအဖုံးကို ဖွင့်ကာ မုန့်သားကျက်မကျက် ဒုတ်ချွန်လေးနဲ့ ထိုးကြည့်ပါ
  11. မုန့်သားမကျက်သေးပါက နောက်ထပ် ပေါင်းတဲ့ခလုတ်နဲ့ ၁၅မိနစ် ခလုတ်ကို ထပ်နှိပ်ကာ အဖုံးအုပ်ပြီး ဆက်တည်ပေးပါ
  12. ၁၅မိနစ် ထပ်ပေါင်းပြီးရင်တော့ မုန့်သားပိုပြီး နပ်သွားအောင် အိုးထဲမှာ ရှိတဲ့အပူရှိန်နဲ့ နာရီဝက်လောက် ဆက်နှပ်ထားပေးပါ
  13. ပြီးတာနဲ့ အိုးအပြင်ထုတ်ပြီး အအေးခံပေးပြီးမှ မိမိလိုချင်တဲ့ ပုံစံရအောင် လှီးပေးပါ
  14. မာမာကတော့ မုန့်သားအေးသွားတာနဲ့ ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ တစ်ညသိပ် ထည့်ထားပြီးမှ  လှီးပါတယ်
  15. စိမ့်ပြီးမွှေးနေတဲ့ ပီလောပီနံ ဥပေါင်း စိမ့်စိမ့်မွှေးမွှေးလေးကို သုံးဆောင်လို့ ရပါပြီ။

Tuesday 27 August 2019

ငါးကလေး ငါးပေါင်း










ဗီယက်နမ်ဈေးကနေ ငါးလေးတွေ လတ်လတ်ဆတ်ဆတ် ရလာတော့ ဝယ်လာခဲ့ပြီး ကြော်စားရရင် ကောင်းမလား ဆီပြန်လေး ချက်စားရင် ကောင်းမလားလို့ စဉ်းစားမိပေမဲ့ ငါးအရိုးလေးတွေက အရမ်းကို မာလွန်းပြီး ချွန်ထက်ကာ မြိနေတဲ့အတွက် ချက်စားရင်လဲ သိပ်အဆင်မပြေ နိုင်သလို ကြော်စားရင်လဲ အရိုးက မာလွန်းတဲ့အတွက် အဆင်မပြေနိုင်ပါဘူး။

ဒါကြောင့်မို့လို့ ငါးကလေးတွေကို pressure cooker နဲ့ အရိုးနူးပေါင်းပြီး ချက်ဖြစ်တဲ့အတွက် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ငါး - 400 g 
  • သံမရာသီး - အလုံးကြီးကြီး တစ်လုံးခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  • ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး (ငါးအိုးထဲထည့်ရန်)
  • ကြက်သွန်နီ - အနေတော် တလုံး (ဆီသတ်ရန်)
  • ငရုတ်သီး အရောင်တင်မှုန့် -  လက်ဖက်ရည်ဇွန်း တဇွန်း
  • ချင်း - လက်တဆစ်ခန့်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • စပါးလင်အရွက် - လက်တဆုတ်စာသာသာ
ပြင်ဆင်ပုံ
  • ငါးကို အကြေးခွံခွာပြီး အူကလီစာများထုတ်ပြီး မလိုအပ်တဲ့ ဆူးတောင်များ ရေယက်များကို ခုတ်ပေးကာ ရေစင်အောင်ဆေးပါ
  • ရေဆေးထားတဲ့ငါးကို ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်နှင် သံပုရာရည်တို့ညှစ်ကာ ဖိဖိပြီး ဆုတ်ဆုတ်နယ်ပေးပါ
  • ငါးပေါင်းမည့် အိုးရဲ့ အတွင်းအောက်ခြေမှာ စပါးလင်ကိုခင်းပြီး စပါးလင်အပေါ်မှာ ငါးများစီပြီး တင်ပေးပါ
  • ရေကို ငါးအပေါ်မြုပ်အောင်ထည့်ပြီး pressure cooker ကို အဖုံးအုပ်ကာ အရင်ဆုံး မိနစ်၂၀လောက် ပေါင်းပေးပါ
  • ငါးပေါင်းချိန် မိနစ်၂၀ပြည့်တာနဲ့ အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • အိုးထဲမှာ ငါးပြုပ်ရည် ခမ်းပါက  ရေထပ်ထပ်ထည့်ပြီး မိနစ်၂၀ ထပ်တည်ပေးပါ 
  • မိနစ်၂၀ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင်ထုတ်ပြီး အိုးအဖုံးကိုဖွင့်ကာ နောက်တခါ  ရေမြုပ်အောင် ထပ်ထည့်ပေးပါ
  • အထက်ပါ နည်းအတိုင်း ငါးအရိုးနူးအောင် ဆက်ပြီးပေါင်းပေးပါ
  • အထက်ပါ နည်းအတိုင်း ငါးအရိုးများ နူးတဲ့အထိ ပေါင်းပေးပါ
  • ငါးအရိုးများ နူးမနူးကို အိုးအဖုံးဖွင့်ပြီးတာနဲ့ ဇွန်းနဲ့ခပ်ပြီး စမ်းကြည့်ပေးပါ
  • ငါးအရိုး နူးလာတာနဲ့ စပါးလင်ဖတ်များ ဖယ်ပေးထားပါ
ငရုတ်သီးဆီသတ်ရန်
  • ကြက်သွန်နီတလုံကိုး ချင်း ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ကို ညက်အောင်ထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးကာ ဆီပူလာပါက ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ကြက်သွန်များ နွမ်းလာပါက ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ
  • ပြီးတာနဲ့ ငါးပေါင်းထားတဲ့ အိုးထဲကို  လောင်းထည့်ပေးပါ
  • ကြက်သွန်နီ အလုံးကြီးကြီး တစ်လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငရုတ်သီးဆီသတ်နှင့် ကြက်သွန်နီတို့ကို ငါးပေါင်းအိုးထဲ ထည့်ပေးကာ simmer နှင့် အိုးအဖုံးအုပ်ကာ ၅မိနစ်လောက် ချက်ပေးပါ
  • ရေအနေတော်လောက် ရပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာက ငါးပေါင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
  • မှတ်ချက် pressure cooker နှင့် ဟင်းချက်တိုင်း အိုးထဲမှ  လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ။
  • လေမကုန်ဘဲ ဖွင့်ပါက လေဖိအားကြောင့် အိုးအဖုံးဖွင့်စဉ် ပေါက်ကွဲတတ်ပါသည်။

Monday 26 August 2019

ဆိတ်အူကြမ်းသုပ်




ဒီတခါတော့ ဗီယက်နမ်ဈးကနေ ဆိတ်အူကြမ်းနဲ့ ဆိတ်အူအထပ်တရာလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။

ဆိတ်အူတို့ သဘာဝ အထဲမှာ အမည်းဖတ်လေးတွေ ကပ်နေတတ်တဲ့အတွက် စင်အောင်ဆေးပေးဖို့တော့ လိုပါတယ် ဆေးနည်းကိုလဲ အောက်မှာ ရေးထားပါတယ် ဒါကြောင့်မို့လို့ အသုပ်ပွဲ ပြင်ဆင်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်ရှင်။

ဆိတ်အူဆေးနည်း

  • အထပ်တရာ ဆိတ်အူများ ကြားထဲမှာ မည်းမည်းအဖတ်များ ပါတတ်ပါတယ်
  • ထိုမည်းမည်း အဖတ်များ ဖယ်ဖို့ကို ရေနွေးဆူဆူ လောင်းချပေးပြီး စိတ်ရှည်လက်ရှည် ဓါးပါးပါးလေးနဲ့ ခြစ်ပေးပါ
  • တခါခြစ်ထုတ်လိုက် ရေဆေးလိုက် ရေနွေးပူပူ လောင်းပြီး ခြစ်ပေးလိုက်နဲ့ အမည်းများ ကုန်တဲ့အထိ ခြစ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  • အားလုံး စင်အောင် ဆေးပြီးတော့မှ အူများကို ရေနွေးဆူဆူ တစ်ထပ်လောင်းထည့်ကာ ဆေးပေးပါ
  • အနံ့ အသက်နှင့် အယိအရွဲများ စင်သွားပါက မိမိနှစ်သက်သလို ချက်ပြုပ်စားသောက်ရန် ပြင်ဆင်နိုင်ပါပြီ။

ဆိတ်အူပြုပ်ရန်
  1. ဆိတ်အူ - 300 g
  2. ဆား - လက်ဖက်ရည်ဇွန်း - တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. စပါးလင် - တစ်ပင် (ရေဆေးပြီး ခပ်ကြမ်းကြမ်း ထုထားပါ )
  5. ချင်း - လက်တဆစ်ခန့် (အခွံခွာပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း ထုထားပါ)
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆိတ်အူကို ဆား အရသာမှုန့် နနွင်းမှုန့် ချင်း စပါးလင်နှင့် ရေမြုပ်အောင် ထည့်ပေးကာ ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
  8. ရေခမ်းသွားတာနဲ့ ချင်းနှင့် စပါးလင်များ ဖယ်ပေးကာ ဆိတ်အူကို မိမိနှစ်သက်သလို အနေအထားလေးတွေ ရအောင် လှီးပေးပါ။
ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ဆယ်မွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတလုံးထဲမှာဆီ လက်ဖက်ရည်အကြမ်းပန်းပန် ၂လုံးစာ နှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
  • ကြက်သွန်ဖြူများ အ၀ါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ဆယ်ပေးကာ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ
  • ဆီကိုအအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ

ဆိတ်အူသုပ်ရန် ပါဝင်ပစ္စည်းများ

  • ကျက်အောင်ပြုပ်ပြီး လှီးထားသော ဆိတ်အူ
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း မောက်မောက် တစ်ဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်နီ - အနေတော် တစ်လုံး
  • ဂေါ်ဖီ - တစ်စိတ်
  • နံနံပင် - နှစ်သက်သလောက်
  • သံပုရာသီး - မိမိနှစ်သက်သလောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
  • ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ

    ပြင်ဆင်ပုံ
    1. ဇလုံတလုံးထဲမှာ လှီးထားသော ဆိတ်အူမျာကို ထည့်ထားပါ
    2. ကြက်သွန်နီကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါးကာ  ရေတစ်ထပ် ထပ်ဆေးထားပါ
    3. ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးထားပါ
    4. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
    5. သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
    6. လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
    7. ဆိတ်အူထည့်ထားသော ဇလုံထဲမှာ ကြက်သွန်နီ ဂေါ်ဖီ နံနံပင် ပဲအကျက်မှုန့် ဆီချက် အချိုမှုန့် ငံပြာရည် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး ခပ်ဖွဖွနယ်ကာ အရသာ သမသွားအောင် နယ်ပေးပါ
    8. အရသာ သမသွားတာနဲ့ မြည်းပေးပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာကို ပြင်ပေးကာ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ချဉ်ငံစပ် ဆိတ်အူအသုပ်ပွဲကို ပြင်ဆင်ပေးနိုင်ပါပြီ။

    Sunday 25 August 2019

    Layer Cake


















    ဒီတစ်ခါတော့ မုန့်အချိုပွဲအတွက် layer cake လေးလုပ်ဖြစ်လို့ မာမာပြင်ဆင်တဲ့ မုန့်လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

    ပြင်ဆင်နည်းလေးက အဆင့်နည်းနည်းများပြီး စိတ်တော့ရှည်ရပါတယ် စိတ်မရှည်ရင်တော့ မုန့်လုပ်ရတာ ခက်သယောင်ရှိပြီး တကယ်လုပ်တတ်သွားရင်တော့ အရမ်းကို လွယ်ပါတယ်။

    မာမာကိုယ်တိုင်လဲ မအောင်မြင်တဲ့ မုန့်လုပ်နည်းကို သုံးခါလောက် လုပ်ရပါတယ် ပထမတခါ ပေါင်းအိုးက  လေသိပ်မလုံတဲ့အတွက် မုန့်သားက အကျက်မညီဘဲ ပျက်သွားပါတယ်  နောက်တခါကတော့ အပြင်သွားစရာရှိလို့ ခပ်ပြန်မြန် လုပ်လိုက်တာ မုန့်သားကစားရတာ အရသာ ရှိပေမဲ့   ပွယောင်းယောင်းကြီးနဲ့ မုန့်သားက မလှပါဘူး သုံးကြိမ်မြောက်ကျတော့မှ အောင်မြင်ပါတယ်။

    ဒါကြောင့်မို့လို့ မုန့်လုပ်တဲ့ နေရာမှာ အချိန်ပေးရသလို မိမိအသုံးပြုမည့် ပေါင်းအိုးကောင်းဖို့ လိုသလို စိတ်ရှည်ဖို့လဲ လိုပါတယ် ပေါင်းအိုးမကောင်းတဲ့အခါ မုန့်သားကျက်ဖို့ အခက်အခဲ ဖြစ်တတ်သလို စိတ်မရှည်တဲ့အခါ မုန့်သားမလှတာ ဖြစ်တတ်ပါတယ်။

    မာမာအခုသုံးတဲ့ ပေါင်းအိုးက Tefal အမျိုးအစား ဖြစ်ပြီး မိုက်ခရိုဝေ့မီးဖို သုံးလို့ရတဲ့ ကော်ဗူးဆိုက်ကတော့ အလျှားက 13 cm အနံ 6 cm ဆိုဒ်ဖြစ်ပါတယ်။

    ပါဝင်ပစ္စည်းများ

    1. ဆန်မှုန့် - 200 g
    2. ပီလောပီနံမှုန့် -  200 g
    3. အုန်းနို့ - 300 ml
    4. သကြား - 180 g (အချိုမကြိုက်ပါက လျှော့ထည့်ပါ)
    5. ဆား - 1/2 tbsp
    6. Food color - မိမိနှစ်သက်ရာ အရောင် ၅ရောင်
    7. ရွယ်တူ ပန်းကန်လုံး ၅လုံး
    8. မုန့်ရည်ခပ်ရန် ယောက်ချိုဇွန်း တစ်ဇွန်း
    9. မိုက်ခရိုဝေ့ မီးဖိုတွင် သုံးလို့ရသော ကော်ဗူး - တစ်ဗူး (ပေါင်းအိုးထဲမှာ ဆန့်သောဗူးကို သုံးပေးပါ)
    10. လေလုံသော ပေါင်းအိုး - တစ်လုံး
    11. ဆီ - အနည်းငယ်
    12. စဉ့်နီတုန်း သန့်သန့် - တစ်ခု
    13. Glad wrap - လိုသလောက်သုံးပါ
    ပြင်ဆင်ပုံ
    1. ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ပီလောပီနံမှုန့် သကြားနှင့် ဆားတို့ကို သမအောင် မွှေတံဖြင့် အချက် ၃၀လောက် ရောပြီးမွှေပေးပါ
    2. အမှုန့်များ သမတာနဲ့ အုန်းနို့ထည့်ပြီး မွှေတံဖြင့် အချက် ၇၀လောက် မွှေပေးပါ
    3. သကြားများ ပျော်သွားပြီး အရသာ သမသွားတာနဲ့ ရွယ်တူပန်းကန်လုံး ၅လုံးထဲကို အချိုးကျ ခွဲပြီးထည့်ပေးပါ
    4. အဖြူရောင်ကို တစ်ပန်းကန် ထားပေးပါ
    5. ကျန်မုန့်ရည် ပန်းကန်လုံးလေးများထဲကို မိမိနှစ်သက်သော food color တရောင်စီကို လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး ထည့်ပေးပါ
    6. ပြီးတာနဲ့ အရောင်နှင့် မုန့်ရည်များ သမသွားအောင် မွှေပေးပါ
    7. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပေါင်းအိုးအောက်ခံ အိုးထဲမှာ ရေ 600 ml ထည့်ပေးပါ
    8. ပြီးတာနဲ့ အိုးထဲမှာ ပေါင်းအိုးအောက်ခံခုံ ပေါင်းခံဇကာနှင့် မုန့်ထည့်မည့် ဗူးတို့ကို ထည့်ပေးပါ
    9. ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကိုနှိပ်ပြီး နှစ်မိနစ်မှာ ချိန်ပေးထားကာ အဖုံးအုပ်ပြီး မီးခလုတ် နှိပ်ပေးပါ
    10. နှစ်မိနစ် ပြည့်တာနဲ့ အိုးထဲမှ ကော်ဗူးနှင့် ရေဘူးတို့ ပူလာတာနဲ့ အိုးအဖုံးဖွင့်ပြီး မိမိနှစ်သက်တဲ့ အရောင်တရောင်ကို ယောက်ချိုဇွန်းဖြင့် တစ်ဝက်သာသာ ခပ်ပြီးထည့်ပေးပါ
    11. မုန့်ရည်ထည့်ပြီးတာနဲ့ အဖုံးပြန်အုပ်ပြီး အရင်ဆုံး စထည့်သော မုန့်ရည်ကျက်စေရန် နှစ်မိနစ်လောက် ထားပေးပါ
    12. နှစ်မိနစ် ပြည့်တာနဲ့ အဖုံးဖွင့်ပေးပြီး နောက်တရောင်ကို ယောက်ချိုဇွန်း တစ်ဝက်သာသာ ခပ်ထည့်ပေးပြီး အဖုံးအုပ်ပေးပါ
    13. အထက်ပါ နည်းအတိုင်း နှစ်မိနစ်ပြည့်တာနဲ့ အဖုံးဖွင့်ပြီး နောက်တယောင်ကို ထပ်ထည့်ပေးပါ
    14. ထိုနည်းအတိုင်း တစ်ရောင်ပြီးတရောင် ငါးရောင်ပြည့်အောင် ပြုလုပ်ပေးပါ
    15. ငါးရောင်ပြည့်တာနဲ့ အိုးအပူရှိန် ညီလာပြီ ဖြစ်တဲ့အတွက် နောက်ထပ်ငါးရောင်ထည့်တာနဲ့ တရောင်ကို တမိနစ်စီဘဲ ထားပြီး ထည့်ပေးပါ
    16. မုန့်ရည်အားလုံး ကုန်သွားအောင် တရောင်ပြီး တရောင် ထည့်ပေးပါ
    17. မုန့်ရည်အားလုံး ကုန်သွားတာနဲ့ မုန့်ဗူးကို အပြင်ထုတ်ပေးပါ
    18. မုန့်ဗူး အပြင်ရောက်တာနဲ့ တနာရီလောက် အအေးခံပေးပါ
    19. မုန့်သား လှီးလို့ လွယ်စေရန်  စဉ့်နီတုံးသန့်သန့် တခုကို glad wrap နှင့် ပါတ်ပေးပြီး မျက်နှာပြင်ကို ဆီသုတ်ထားပေးပါ
    20. မုန့်သားလှီးမည့်ဓါးကို ဆီအနည်းငယ် သုပ်ထားပေးပါ
    21. အအေးခံထားသော မုန့်သားအေးသွားတာနဲ့ မုန့်အပေါ်ကို ဆီအနည်းငယ် လိုက်သုတ်ပေးပြီး ဗူးမှာကပ်နေသော မုန့်သားပါတ်ပါတ်လည်ကို လက်နှင့် အနည်းငယ် လိုက်ခွာပေးပါ
    22. ပြီးတာနဲ့ glad wrap နှင့် ပါတ်ထားသော စဉ့်နီတုံးပေါ်ကို မှောက်ချပြီး တင်ပေးပါ
    23. Glad wrap အဆင်သင့် မရှိပါက ပန်းကန်ပြားကို ဆီသုတ်ပေးထားပါ
    24. မုန့်သား အပြင်ထုတ်ပြီးတာနဲ့ ဆီသုတ်ထားသောဓါးနှင့် မိမိနှစ်သက်သလို လှီးပေးပါ
    25. မုန့်သားတခါ လှီးပြီးတိုင်း ဓါးကိုဆီပြန်ပြန်ပြိး သုတ်ပေးပြီးမှ လှီးပေးကာ layer cake ချိုစိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

    Saturday 24 August 2019

    နေကြာစေ့နှင့် ရွှေဖရုံစေ့လှော်










    ဒီနေ့တော့ ရွှေဖရုံစေ့လေးတွေ နေကြာစေ့လေးတွေကို မိုက်ခရိုဝေ့ထဲမှာထည့်ပြီး လှော်တဲ့နည်းလေး မျှဝေချင်ပါတယ်။

    မြန်မာပြည်မှာ နေတုန်းကတော့ အခွံနဲ့ လှော်ပြီးသားလေးတွေ စားခဲ့ရပေမဲ့ တခါတလေ ဆားငံတာတွေလဲ ပါတတ်ပါတယ်။

    ဆားမငံပြန်ရင်လဲ အခွံကို ပါးစပ်နဲ့ကိုက်ပြီး ခွာလိုက်တိုင်း ဆယ်စေ့မှာ တစေ့လောက်တော့ အပုတ်တွေ ပါတတ်ပါတယ်။

    ဒီမှာတော့ အခွံခွာပြီးသားလေးတွေ ရှိပေမဲ့ အစေ့လေးတွေက အစိမ်းဆိုတော့ မုန့်ထဲထည့်ဖုတ်ရင် အကျက်စားရပေမဲ့ ဒီအတိုင်း စားရင်တော့ အစိမ်းနံ့ နံတဲ့အတွက် စားရတာ အဆင်မပြေပြန်ပါဘူး။

    ဒီတော့လဲ ကြံရဖန်ရ ပြန်ပါတယ် မာမာကတော့ မိုက်ခရိုဝေ့ထဲထည့်ပြီး လှော်လိုက်ပါတယ် မိုက်ခရိုဝေ့ထဲ မထည့်ချင်ရင်လဲ oven ထဲမှာ မုန့်ဖုတ်ပြီးလို့ မီးပိတ်ပြီးတာနဲ့ နေကြာစေ့ (သို့) ရွှေရေုံစေ့လေးတွေကို ပန်းကန်ထဲ ဖြန့်ထည့်ထားပြီး ၅မိနစ်လောက် ထည့်ထားရင် ရပါတယ်။

    ပါဝင်ပစ္စည်းများ

    1. နေကြာစေ့ - တစ်ထုတ်
    2. ရွှေဖရုံစေ့ - တစ်ထုတ်
    ပြင်ဆင်ပုံ
    1. နေကြာစေ့နှင့် ရွှေဖရုံစေ့ကို မိမိအသုံးပြုမည့် မိုက်ခရိုဝေ့ မီးဖိုသုံး ပန်းကန်ပြားထဲမှာ ဖြန့်ထည့်ပေးပါ
    2. အရင်ဆုံး နေကြာစေ့ ပန်းကန်ကို မိုက်ခရိုဝေ့ မီးဖိုထဲထည့်ပြီး အပေါ်မှ မိုက်ခရိုဝေ့ မီးဖိုသုံး ကာဘာလေး အုပ်ပေးပါ
    3. ပြီးတာနဲ့ တမိနစ် အရင်ဆုံး အပူပေးပါ
    4. ပြီးတာနဲ့ အပြင်ခနထုတ်ပြီး မွှေပေးပါ
    5. နောက်တခါ အထက်ပါနည်းအတိုင်း တမိနစ် ထပ်ထည့်ပေးပါ
    6. အထက်ပါနည်းအတိုင်း ၆မိနစ်ခန့် မိုက်ခရိုဝေ့ မီးဖိုထဲ ထည့်ပေးပါ
    7. ပြီးတာနဲ့ အအေးခံပြီး ဖန်ပုလင်း သန့်သန့်ထဲမှာ ထည့်ပေးပြီး လေလုံအောင် အဖုံးအုပ်ထားပေးပါ
    8. ရွှေဖရုံသီးကိုလဲ အထက်ပါ နည်းအတိုင်း လုပ်ပေးပါ
    9. သတိထားရမှာ တခုကတော့ မိမိအသုံးပြုတဲ့ မိုက်ခရိုဝေ့ မီးဖိုရဲ့  မီးအားကို သတိပြုပေးပါ
    10. မာမာအသုံးပြုတဲ့ မိုက်ခရိုဝေ့ မီးဖိုက 800 w ပါ 
    11. ဒိထက်မီးအားပိုပြင်းတဲ့ မိုက်ခရိုဝေ့ မီးဖိုဆိုရင်တော့ နေကြာစေ့ ထည့်ပေးချိန် အချိန်ကို လျှော့ထည့်ပေးပါ
    12. နောက်တနည်းကတော့ oven ထဲမှာ မုန့်တခုခု လုပ်ပြီးတာနဲ့ မီးဖိုပိတ်ပြီးချိန်မှာ နေကြာစေ့ကို မုန့်လုပ်သည့် ဗန်းထဲထည့်ပြီး ၅မိနစ်လောက် ထည့်ထားပေးပါ
    13. ၅မိနစ်လောက် ထည့်ပြီးတာနဲ့ oven အပြင်ဖက်ထုတ်ပြီး အအေးခံပေးပါ
    14. အေးသွားပြီ ဆိုတာနဲ့ ဖန်ပုလင်း သန့်သန့်လေးထဲမှာ ထည့်ပေးပြီး အဖုံးအုပ်ထားပေးပါ။

    Thursday 22 August 2019

    ဆိတ်အူပြုပ်



    ဒီနေ့တော့ တခါတလေမှ ရတတ်တဲ့ ဆိတ်အူကို ဘာလုပ်စားရင်ကောင်းမလဲ တွေးနေရင်းက ရာသီဥတု အေးနေချိန်လေးမှာ ပူပူစပ်စပ်လေး ပြုပ်သောက်ချင်စိတ်လေး ပေါ်လာခဲ့ပါတယ်။

    ဒါကြောင့်မို့လို့ စားလို့ကောင်းပြီး အရမ်းကြိုက်တဲ့ ဆိတ်အူကို ခပ်စပ်စပ်လေးပြုပ်ကာ နံနံပင်လေးအုပ်ပြီး ထမင်းလွတ်စားကြမှာမို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ

    • ဆိတ်အူ - 300 g
    • ချင်း - ၁ လက်မခန့်
    • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာခန့်
    • ကြက်သွန်နီ - အနေတော် တစ်လုံး
    • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
    • စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
    • စပါးလင်အရွက် - ဆယ်ရွက်ခန့်
    • ကရဝေးရွက် - ၄ ရွက်ခန့်
    • သစ်ဂျပိုးခေါက် - ၂လက်မခန့်
    • နံနံပင် - စားနိုင်သလောက်
    • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
    • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
    • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
    • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

    ပြင်ဆင်ပုံ

    • ဆိတ်အူကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
    • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
    • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
    • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
    • စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
    • စပါးလင်အရွက်များကို ရေဆေးပြီး အထုံးလေး ထုံးပေးထားပါ
    • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
    • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ညက်နေအောင် ထောင်းပေးပါ
    • သစ်ဂျပိုးခေါက်နှင့် ကရဝေးရွက်ကို ရေဆေးထားပါ
    • ဇောက်နက်သော အိုးထဲမှာ ဆိတ်အူများကို ထည့်ပေးပြီ သစ်ဂျပိုးခေါက် ဆီ စပါးလင်ရွက်အထုံး ကရဝေးရွက် ငရုတ်ကောင်းမှုန့် ငရုတ်သီးထောင်း ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ ဝင်သွားအောင် နယ်ပေးပါ
    • အရသာ ဝင်သွားလောက်တာနဲ့ ရေအနည်းငယ်ထည့်ပြီး  ပွက်ပွက်ဆူအောင် တည်ပေးပါ
    • ရေဆူလာပြီးပါက အကျက်ညီစေရန် မွှေပေးပါ
    • ဆိတ်အူများ မာလာတာနဲ့ ရေကိုမိမိ လိုသလောက်ထည့်ပေးပြီး ဟင်းအိုးကို ဆက်တည်ပေးပါ
    • ရေပွက်ပွက် ဆူလာတာနဲ့ အရသာကို မြည်းပြီး လိုသလို ပြင်ပေးပါ
    • အရသာ အနေတော် ရပြီဆိုတာနဲ့ မိမိစားနိုင်သလောက် ပန်းကန်ထဲ ထည့်ပေးပြီး နံနံပင် ထည့်ပေးကာ သုံးဆောင်နိုင်ပါပြီ။

    Wednesday 21 August 2019

    ကောက်ညှင်းပေါင်း ဆွမ်းမွှေး အုန်းနို့ပြန်နှပ်
























    ဒီနေ့တော့ ကော်ဖီပူပူလေးနဲ့ စားရလေအောင် ကောက်ညှင်းပေါင်ကိုး ဆွမ်းမွှေးရည် အုန်းနို့ သကြားတို့နဲ့ ပြန်နှပ်လေး လုပ်စားဖြစ်လို့ မာမာပြင်ဆင်တဲ့ နည်းလေး မျှဝေပေးလိုက်ပါတယ်။

    ဆွမ်းမွှေးရည်နဲ့ ပြန်နှပ်ပြီး ဆွမ်းမေအးရွက်နဲ့ ပြန်ထုတ်ထားတဲ့အထိ မွှေးပြီး စိမ့်နေအောင်ကို ကောင်းလွန်းလှပါတယ် အချိုကိုလဲ မာမာကတော့ အနေတော်အချိုအရသာလေးဘဲ ထည့်ထားတဲ့အတွက် အချိုကြိုက်ရင်တော့ ပိုပြီးထည့်ပေးစေချင်ပါတယ်။

    ပါဝင်ပစ္စည်းများ


    1. ကောက်ညှင်းဆန် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
    2. ရေ 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
    3. သကြား - 1/2 cup ( မုန့်လုပ်ရာတွင် ချဉ်သောခွက်) အချိုကြိုက်ပါက ပိုထည့်ပါ
    4. Coconut cream - 1 cup
    5. ဆွမ်းမွှေးရွက် - 600 ml (ပိုင်းဖြတ်ပြီးသား)
    6. ရေ - 300 ml (ဆွမ်းမွှေးရွက်ကြိတ်ရန် )
    7. ဆွမ်းမွှေးရည် - 2/8 cup
    8. ဆွမ်းမွှေးရွက် - ၉ရွက်
    9. သွားထိုးဒုတ်တံ - လိုသလောက်သုံးပါ
    10. နှမ်းလှော်ပြီးသား - မိမိနှစ်သက်သလောက်
    ဆွမ်းမွှေးရည်ကြိတ်ရန်
    1. ဆွမ်းမွှေးရွက်ကို အနေတော်လေးတွေ ပိုင်းပေးပါ
    2. အသီးအရွက်ကြိတ်သော ဗလင်ဒါထဲမှာ အရွက်များနှင့် ရေကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
    3. အရွက်များ ညက်သွားတာနဲ့ ဇလုံတလုံးပေါ်မှာ ပိတ်ပါးစလေး ခွံပေးပါ သွန်ချပေးပါ
    4. ပိတ်ပါးစလေးကို ထိပ်ဖက်မှ စုစီးကာ အသာလေး မယူပြီး အရည်များ ညှစ်ယူပေးကာ အဖတ်များကို သွန်ပလိုက်ပါ
    5. ဆွမ်းမွှေးရည်ကို လိုသလောက် သုံးပေးပြီး ပိုတာကို ရေခဲသေတ္တာထဲမှာ ခဲထားပါ။
    ပြင်ဆင်ပုံ

    1. ကောက်ညှင်းဆန်ကို ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေ၉နာရီခန့် ရေစိမ်ထားပါ
    2. ရေစိမ်ထားချိန် ပြည့်တာနဲ့ ပေါင်းခံဇကာထဲ ထည့်ပေးပါ
    3. ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
    4. ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ်နှိပ်ပြီး မိနစ်၂၀ချိန်ပေးကာ ပေါင်းပေးပါ
    5. ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
    6. ဆွမ်းမွှေးရွက်ကို ရေဆေးပြီး ရေစစ်ထားပါ
    7. သွားကြားထိုးဒုတ်ကို ထက်ဝက်ပိုင်းပေးထားပါ
    8. ပြီးတာနဲ့ ဆွမ်းမွှေးရွက်ကို အဝိုင်းလေးကွင်းပြီး ထိပ်နှစ်ဖက်ကို ထပ်ပေးကာ သွားထိုးဒုတ်လေးနှင့် ထိုးပေးပါ
    9. ပါဝင်ပစ္စည်းများဖြစ်သော နှမ်းလှော် သကြား အုန်းနို့ ဆွမ်းမွှေးရေတို့ကို ပြင်ထားပါ
    10. အားလုံးအဆင်သင့် ဖြစ်တာနဲ့ အောက်ချေမကပ်သော အိုးထဲမှာ ပေါင်းထားသော ကောက်ညှင်း သကြား အုန်းနို့နှင့် ဆွမ်းမွှေးရည်တို့ကို ထည့်မွှေပေးပါ
    11. အုန်းနို့ရည်များ ခမ်းလာပြီး မွှေးလာပါက မီးပိတ်ပေးပါ
    12. ဆွမ်းမွှေးရွက်အနံ့ လေးနှင့် အုန်းနို့အနံ့ လေးပါ မွှေးနေတဲ့ ကောက်ညှင်း ပြန်နှပ်လေးများကို ဆွမ်းမွှေးရွက်ထဲသို့ ထည့်ပေးပါ
    13. ပြီးတာနဲ့ နှမ်းလှော်များကို မိမိနှစ်သက်သလောက် ကောက်ညှင်းပြန်နှပ် ပူပူလေး ပေါ်မှာ ဖြူးပေးပါ
    14. ဆွမ်းမွှေးရွက်နံ့လေးနဲ့ အုန်းနို့နံ့လေး သင်းနေတဲ့ ကောက်ညှင်းဆွမ်းမွှေး အုန်းနို့ပြန်နှပ် မွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။