Thursday 29 August 2019

ကျိုင်းတုံ မုန့်တီ






ဒီနေ့တော့ face book မက်ဆင်ဂျာကနေ ကျိုင်းတုံမုန့်တီ ချက်နည်းလေး လာလာမေးကြတော့ မာမာကိုယ်တိုင်လဲ မြန်မာပြည်နဲ့ ဝေးနေတာ ကြာခဲ့ပြီး ကျိုင်းတုံမုန့်တီကို မစားဘူးခဲ့ပါဘူး။

ဒါကြောင့်မို့လို့ လာမေးတဲ့ သူတွေအတွက် အဆင်ပြေရလေအောင် ချက်နည်းကို အွန်လိုင်းမှာ ရှာရပါတယ် ကံကောင်းချင်တော့ ကျိုင်းတုံအစားအစာတွေ တင်တဲ့ဂရုကနေ ချက်နည်းပါ တင်ထားတဲ့အတွက် အဆင်ပြေသွားခဲ့ပါတယ်။

သူတို့ကတော့ ဝက်ရိုးနဲ့ ဝက်သားကို အဓိကထားပြီး ချက်ကြပါတယ် မာမာကတော့ အိမ်မှာဝက်သား မစားတဲ့အတွက် ကြက်သားနဲ့ ကြက်ရိုးကို အစားထိုးပြီး ချက်လိုက်ပေမဲ့ စားလို့အရမ်း ကောင်းလွန်းတဲ့အတွက် မျှဝေပေးလိုက်ခြင်းသာ ဖြစ်ပါတယ် ချက်နည်းလေး လွဲခဲ့ရင်တော့ နားလည်ပေးစေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ကိုယ်လုံးအရိုး - 500 g
  2. ကြက်ရင်ပုံသား -  500 g
  3. မုန့်တီခြောက်အထုတ် - နှစ်ထုတ်
  4. ကြက်သွန်ဖြူ ဆီချက်အဖတ် - မိမိနှစ်သက်သလောက်
  5. ငရုတ်သီး အကြမ်းဖတ်ကြော် - မိမိနှစ်သက်သလောက်
  6. နှမ်းလှော်ထောင်း - မိမိနှစ်သက်သလောက်
  7. မြေပဲလှော်ထောင်း - မိမိနှစ်သက်သလောက်
  8. ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
  9. လက်ပံပွင့်ခြောက် - မိမိနှစ်သက်သလောက်
  10. ဂေါ်ဖီ - မိမိနှစ်သက်သလောက်
  11. သံပုရာသီး - မိမိနှစ်သက်သလောက်
  12. ရှမ်းမုန့်ညှင်းချဉ် - မိမိနှစ်သက်သလောက်
  13. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  14. ဝက်ခေါက်ကြော် - မိမိနှစ်သက်သလောက်
  15. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  16. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  17.  ခရမ်းချဉ်သီး - အလုံးကြီးကြီး ၉ လုံး
  18. ပဲပုတ်ချပ် -  လေးချပ်ခန့်
  19. ဆား - လိုသလောက် ပြင်ထားပါ
  20. အရသာမှုန့် - လိုသလောက် ပြင်ထားပါ
  21. ဆီ - ထမင်းစားဇွန်း ၅ဇွန်းခန့်

ဟင်းရည်ချက်ရန် ပြင်ဆင်ပုံ

  1. ကြက်ရိုးများကို ရေစင်အောင်ဆေးပြီး အနေတော် ခုတ်ပေးပါ
  2. ပဲပုတ်အချပ်များကို မိုက်ခရိုဝေ့ မီးဖိုထဲမှာ စကန့် ၃၀လောက် ထည့်ပြီး အပူပေးကာ ညက်နေအောင် ထောင်းထားပါ
  3. ခရမ်းချဉ်သီးကို အလုံးလိုက် ရေစင်အောင် ဆေးထားပါ
  4. ကြက်သားကို ရေဆေးပြီး နုတ်နုတ်စင်းကာ ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့နှင့် ရောနယ်ထားပါ
  5. ဆီ ဆားနှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  6. ဇောက်နက်သော အနေတော် အိုးထဲမှာ ကြက်ရိုများး ပဲပုတ်မှုန့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ခရမ်းချဉ်သီး အလုံးလိုက်တို့ကို ရေ မြုပ်အောင်ထည့်ပြီး တည်ပေးပါ
  7. ရေပွက်ပွက် ဆူလာပါက အပေါ်ယံသို့ တက်လာသော အမြှုပ်များကို ခပ်ပြီးသွန်သွန်ပေးပါ
  8. ကြက်ရိုးပြုပ်ထားစဉ် ခရမ်းချဉ်သီးများ အပေါ်ယံအခွံ ကွဲထွက်လာပါက ဆယ်ပြီးအအေးခံကာ အခွံများခွာပြီး နုတ်နုတ်စင်းပေးပါ
  9. ဟင်းရည်အိုးထဲမှ ကြက်ရိုးများထဲက အချိုရည်များ ထွက်လာအောင် မီးအနေတော်နှင့် အိုးအဖုံးကို အနည်းငယ်ဟပြီး ဆက်တည်ပေးထားပါ
  10. ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံထည့်ပြီး အပူပေးပါ
  11. ဆီပူလာတာနဲ့ ဒယ်အိုးကို မီးဖိုပေါ်မှ ခနဖယ်ပေးပြီး ဆီငွေ့သေအောင် ခနထားကာကာ ငရုတ်သီးအရောင်တင်မှုန့် ထည့်ပေးပါ
  12. ပြီးတာနဲ့ မီးဖိုပေါ် ပြန်တင်ပေးပြီး ငရုတ်သီးအရောင်တင်မှုန့်  မွှေးသွားအောင်  မွှေပေးပါ
  13. ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ နုတ်နုတ်စင်းထားတဲ့ ကြက်သားကို ထည့်မွှေပေးပြီး ဆီသတ်ပေးပါ
  14. ဆီသတ်ပြီးတာနဲ့ အသားအနည်းငယ် ကျက်လာပါက နုတ်နုတ်စင်းထားသော ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ဆီဆက်သတ်ပေးပါ
  15. ကြက်သားနဲ့ ခရမ်းချဉ်သီး ဆီသတ်နံ့လေး သင်းလာပါက ကြက်ရိုးပြုပ် အိုးထဲကို လောင်းထည့်ပေးပါ
  16. ပြီးတာနဲ့ ရေကို တရုတ်ဟင်းပြင်ပန်းကန် လေးလုံးစာလောက် ထပ်ထည့်ပေးပြီး ဆက်တည်ပေးထားပါ
  17. ဟင်းရည်အိုး တည်ထားစဉ် ဟင်းရည်အရသာအတွက် ဆားနှင့်အရသာမှုန့်ကို သင့်သလိုထည့်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ဟင်းရည်ပွက်ပွက် ဆူလာပြီး ကျက်သွားအောင် တည်ထားပေးပါ။
မုန့်တီဖတ်ပြုပ်ရန်
  1. ဇောက်နက်သော အနေတော် အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေပွက်ပွက် ဆူလာပါက မုန့်တီဖတ် အခြောက်ကိုထည့်ပြီး ပြုပ်ပေးပါ
  3. ပြုပ်နေစဉ် မုန့်တီဖတ်များ လုံးထွေးပြီး မကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  4. မုန့်တီဖတ်များ အရမ်းပျော့မသွားစေရန်နှင့် နေတော် ဖြစ်စေရန် ဆယ်ပြီးလက်နှင့်ဖိကာ စမ်းပေးပါ
  5. မုန့်ဖတ် အနေတော် ရပြီဆိုပါက ဇကာထဲ လောင်းချကာ ရေအေးနှင့် ဆေးပေးပြီး ရေစစ်ထားပါ
ကျိုင်းတုံမုန့်တီပွဲ ပြင်ဆင်ရန်
  1. မုန့်တီဖတ်ကို အဆင်သင့် ပြင်ထားပါ
  2. ကြက်သွန်ဖြူ ဆီချက်ကို အဆင်သင့် ပြင်ထားပါ
  3. နှမ်းလှော်ထောင်းကို အဆင်သင့်ပြင်ထားပါ
  4. မြေပဲလှော်ကို မညက်တညက် ထောင်းထားပါ
  5. ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရဆေးကာ ရေနွေးဖျောပြီး ရေအေးနှင့် ပြန်ဆေးထားပါ
  6. ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးဖျောပြီး ရေအေးနှင့် ပြန်ဆေးထားပါ
  7. လက်ပံပွင့်ခြောက်ကို ရေဆေးပြီး အနည်းငယ် ပျော့သွားအောင် ပြုပ်ထားပေးပါ
  8. ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပေးပါ
  9. သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပေးပါ
  10. ရှမ်းမုန့်ညှင်းချဉ်နှင့် ဝက်ခေါက်ကြော်ကို ပြင်ထားပေးပါ
  11. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်လုံးထဲမှာ မုန့်တီဖတ်ကို လက်တစ်ဆုတ်စာ ထည့်ပေးပါ
  12. မုန့်တီဖတ် ထည့်ပေးပြီးတာနဲ့ မြေပဲထောင်း နှမ်းထောင်း ပဲပင်ပေါက် ဂေါ်ဖီ ကြက်သွန်ဖြူဆီချက် လက်ပံပွင့်ခြောက် ကြက်သွန်မိတ်နှင့် သံပုရာရည်တို့ ထည့်ပေးပါ
  13. ပြီးတာနဲ့ ချက်ထားသော ဟင်းရည်ကို ဆမ်းပေးကာ ပါဝင်ပစ္စည်းများနှင့် တွဲဖက်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ ဝက်သားစားသူများ ဝက်သားနှင့် ချက်ပါက ပိုပြီးစားလို့ ကောင်းပါတယ် မာမာ အခုချက်ပြတဲ့အထဲမှာ လက်ပံပွင့်ခြောက် မရှိတာနဲ့ မထည့်ထားသလို ဝက်သားမစားတဲ့အတွက် ကြက်သား ကြက်ရိုးတို့နဲ့ဘဲ ချက်ထားပြီး ဝက်ခေါက်ကြော်လဲ မထည့်ထားပါဘူးရှင်။

No comments:

Post a Comment