ဒီနေ့တော့ ဝါတွင်းကာလ သတ်သတ်လွတ်လေးလဲ စားလို့ရပြီး ထမင်းစားလို့လဲ မြိန်စေမဲ့ သရက်သီးအခြောက် လှမ်းပြီးသားလေးတွေကို စပ်ပြီးသား မဆလာနဲ့ သရက်သီး သနပ်လေး လုပ်ဖြစ်ပါတယ် ပြင်ဆင်ရတာ လွယ်သလောက် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- သရက်သီးစိမ်း အခြောက် - ၅လုံး 500 g ခန့်
- ကြက်သွန်ဖြု - အမွှာကြီးကြီး ၁၀မွှာ (သို့) မိမိနှစ်သက်သလောက် ထည့်ပေးပါ
- နံနံစေ့- ထမင်းစားဇွန်း နှစ်ဇွန်း
- မုံညှင်းစေ့ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- မဆလာ - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆီ - ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး
သရက်သီးခြောက် ပြင်ဆင်ပုံ
- သရက်သီး အခြောက်ကို ပေါင်းခံဇကာထဲ ထည့်ပေးပါ
- ပေါင်းအိုးအောက်ခံအိုးမှာ ရေတဝက်လောက်ထည့်ပြီး ပေါင်းခံဇကာကိုတင်ကာ အဖုံးအုပ်ပေးပြီး မီးအနေတော်နှင့် ပေါင်းပေးပါ
- နာရီဝက်လောက် ပေါင်းပြီးတာနဲ့ သရက်သီးခြောက်များ နူးအိလာပါက ပေါင်းခံဇကာကို မီးဖိုပေါ်မှ ဖယ်ပေးပါ
- ပြီးတာနဲ့ ဇောက်နက်သော ပန်းကန်လုံး တခုထဲမှာ ထည့်ထားပေးပါ
ပြင်ဆင်ပုံ
- သရက်သီး သနပ်လုပ်ရန် ပေါင်းထားသော သရက်သီးခြောက် ပန်းကန်လုံးကို အဆင်သင့် ပြင်ထားပါ
- နံနံစေ့နှင့်မုံညှင်းစေ့ကို ပန်းကန်ထဲထည့်ပြီး အဖုံးအုပ်ကာ မိုက်ခရိုဝေ့ထဲထည့်ပြီး တမိနစ်လောက် အပူပေးထားပါ
- မိုက်ခရိုဝေ့ မရှိပါက ဒယ်အိုးထဲမှာထည့်ပြီး မွှေးလာတဲ့အထိ လှော်ပေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော် အစိတ်လေးတွေ စိတ်ထားပေးပါ
- သရက်သီး ထည့်ထားသော ပန်းကန်လုံးထဲမှာ ငရုတ်သီး အရောင်တင်မှုန့် နံနံစေ့ မုံညှင်းစေ့ မဆလာနှင့် ကြက်သွန်ဖြူတို့ကို ထည့်ထားပါ
- ဆီကို ဒယ်အိုးထဲမှာ ထည့်ပေးပြီး ပူလာအောင် အပူပေးထားပါ
- ဆီပူလာတာနဲ့ မီးဖိုပေါ်မှဖယ်ကာ သရက်သီး ပန်းကန်လုံးထဲကို လောင်းထည့်ပြီး အရသာ သမသွားအောင် မွှေထားပေးပါ
- သရက်သီးအခြောက်မှာ နေလှန်းစဉ်က ဆားနယ်ပြီး လှမ်းထားတဲ့အတွက် အငံထပ်ထည့်စရာ မလိုပါ
- အားလုံး သမသွားတာနဲ့ ပုလင်းသန့်သန့်ထဲ ထည့်ပေးပါ
- ပြီးတာနဲ့ သရက်သီးကို ဆီမြုပ်အောင်ထည့်ပြီး အဖုံးလုံအောင် ပိတ်ထားပေးပါ
- ဆီပါတဲ့ သရက်သီး သနပ်ဖြစ်တဲ့အတွက် တခါခပ်ယူတိုင်း ဇွန်းသန့်သန့်နှင့် ခပ်ပေးပါ
- ခပ်ယူတဲ့ဇွန်း မသန့်ပါက မှိုတက်လွယ်ပါတယ်
- အရသာ အလွန်ရှိလှသော သရက်သီးသနပ် မွှေးမွှေးလေးကို ရေခဲသေတ္တာထဲမှာ ထည့်ပေးပြီး သုံးဆောင်နိုင်သလို ချက်ချင်းလဲ စားလို့လဲ ရနိုင်ပါတယ်။
No comments:
Post a Comment