Wednesday 24 July 2019

သရက်သီးခြောက် သနပ်
















ဒီနေ့တော့ ဝါတွင်းကာလ သတ်သတ်လွတ်လေးလဲ စားလို့ရပြီး ထမင်းစားလို့လဲ မြိန်စေမဲ့ သရက်သီးအခြောက် လှမ်းပြီးသားလေးတွေကို စပ်ပြီးသား မဆလာနဲ့ သရက်သီး သနပ်လေး လုပ်ဖြစ်ပါတယ် ပြင်ဆင်ရတာ လွယ်သလောက် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ


  • သရက်သီးစိမ်း အခြောက် -  ၅လုံး  500 g ခန့်
  • ကြက်သွန်ဖြု - အမွှာကြီးကြီး ၁၀မွှာ (သို့)  မိမိနှစ်သက်သလောက် ထည့်ပေးပါ
  • နံနံစေ့- ထမင်းစားဇွန်း နှစ်ဇွန်း
  • မုံညှင်းစေ့ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • မဆလာ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆီ - ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး

သရက်သီးခြောက် ပြင်ဆင်ပုံ
  • သရက်သီး အခြောက်ကို ပေါင်းခံဇကာထဲ ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးမှာ ရေတဝက်လောက်ထည့်ပြီး ပေါင်းခံဇကာကိုတင်ကာ အဖုံးအုပ်ပေးပြီး မီးအနေတော်နှင့် ပေါင်းပေးပါ
  • နာရီဝက်လောက် ပေါင်းပြီးတာနဲ့ သရက်သီးခြောက်များ နူးအိလာပါက ပေါင်းခံဇကာကို မီးဖိုပေါ်မှ ဖယ်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော ပန်းကန်လုံး တခုထဲမှာ ထည့်ထားပေးပါ

ပြင်ဆင်ပုံ
  1. သရက်သီး သနပ်လုပ်ရန် ပေါင်းထားသော သရက်သီးခြောက် ပန်းကန်လုံးကို အဆင်သင့် ပြင်ထားပါ
  2. နံနံစေ့နှင့်မုံညှင်းစေ့ကို ပန်းကန်ထဲထည့်ပြီး အဖုံးအုပ်ကာ မိုက်ခရိုဝေ့ထဲထည့်ပြီး တမိနစ်လောက် အပူပေးထားပါ 
  3. မိုက်ခရိုဝေ့ မရှိပါက ဒယ်အိုးထဲမှာထည့်ပြီး  မွှေးလာတဲ့အထိ လှော်ပေးထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော် အစိတ်လေးတွေ စိတ်ထားပေးပါ
  5. သရက်သီး ထည့်ထားသော ပန်းကန်လုံးထဲမှာ ငရုတ်သီး အရောင်တင်မှုန့် နံနံစေ့ မုံညှင်းစေ့ မဆလာနှင့် ကြက်သွန်ဖြူတို့ကို ထည့်ထားပါ
  6. ဆီကို ဒယ်အိုးထဲမှာ ထည့်ပေးပြီး ပူလာအောင် အပူပေးထားပါ
  7. ဆီပူလာတာနဲ့ မီးဖိုပေါ်မှဖယ်ကာ သရက်သီး ပန်းကန်လုံးထဲကို လောင်းထည့်ပြီး အရသာ သမသွားအောင် မွှေထားပေးပါ
  8. သရက်သီးအခြောက်မှာ နေလှန်းစဉ်က ဆားနယ်ပြီး လှမ်းထားတဲ့အတွက် အငံထပ်ထည့်စရာ မလိုပါ
  9. အားလုံး သမသွားတာနဲ့ ပုလင်းသန့်သန့်ထဲ ထည့်ပေးပါ
  10. ပြီးတာနဲ့ သရက်သီးကို ဆီမြုပ်အောင်ထည့်ပြီး အဖုံးလုံအောင် ပိတ်ထားပေးပါ
  11. ဆီပါတဲ့ သရက်သီး သနပ်ဖြစ်တဲ့အတွက် တခါခပ်ယူတိုင်း ဇွန်းသန့်သန့်နှင့် ခပ်ပေးပါ
  12. ခပ်ယူတဲ့ဇွန်း မသန့်ပါက မှိုတက်လွယ်ပါတယ်
  13. အရသာ အလွန်ရှိလှသော သရက်သီးသနပ် မွှေးမွှေးလေးကို ရေခဲသေတ္တာထဲမှာ ထည့်ပေးပြီး သုံးဆောင်နိုင်သလို  ချက်ချင်းလဲ စားလို့လဲ ရနိုင်ပါတယ်။

Monday 15 July 2019

ကျောက်ဖရုံယို ( winter melon candy )

























ဒီနေ့တော့ ကျောက်ဖရုံသီး ခပ်ရင့်ရင့် ဝယ်လာပြီး အချိုတည်းဖို့အတွက် ကျောက်ဖရုံယိုလေးတွေ လုပ်ဖြစ်လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ကျောက်ဖရုံယို လုပ်ဖို့ဆိုရင်တော့ ရင့်ပြီးအခွံမှာ အပွေးတက်နေတဲ့ ကျောက်ဖရုံသီးကိုဘဲ လုပ်လို့ရတဲ့အတွက် သတိထားပြီး ဝယ်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကျောက်ဖရုံသီး - 1600 g (အရမ်းရင့်နေသော အသီးကိုသာသုံးပါ)
  2. သကြား - 1000 g (အချိုကြိုက်လျှင် သကြားပိုထည့်ပါ)
  3. ရေ - 800 ml (သကြားကျိုရန်)
  4. ရေ - 4 lit (ကျောက်ဖရုံသီးပြုပ်ရန်)
  5. သံပုရာရည် - 90 ml

ပြင်ဆင်ပုံ
  1. ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ပေးကာ ရေဆေးပေးပါ
  2. ကျောက်ဖရုံသီးကို တလက်မလောက် အတုံးလေးတွေ တုံးပေးပါ
  3. ပြီးတာနဲ့ သကြားအရည် စိမ့်ဝင်စေရန် ပုံပါအတိုင်း အတုံးလေးတွေကို ခရင်းနှင့် လိုက်ထိုးပေးပါ
  4. ဇလုံတစ်လုံးထဲမှာ သံပုရာရည်ထည့်ပြီး ကျောက်ဖရုံသီးများ ထည့်ပေးကာ အထက်အောက် သမအောင် လှန်ပေးပြီး မိနစ်နှစ်ဆယ်လောက် စိမ်ထားပေးပါ
  5. သံပုရာရည် စိမ်ပြီးတာနဲ့ ကျောက်ဖရုံသီးများကိုဆယ်ပြီး ရေနှင့်ဆေးပေးပါ
  6. ရေဆေးပြီးတာနဲ့ ဇောက်နက်သော အိုးကျယ်ကျယ်ထဲမှာ ရေထည့်ပြီး ဆူအောင် တည်ပေးပါ
  7. ရေဆူလာတာနဲ့ ရေဆူဆူထဲမှာ ကျောက်ဖရုံသီးများကိုထည့်ပြီး နူးတဲ့အထိ ထည့်ပြုပ်ပေးပါ
  8. ကျောက်ဖရုံသီးများ နူးလာတာနဲ့ ဆယ်ပြီးရေစစ်ထားပါ
  9. ဒယ်အိုးထဲမှာ သကြားနှင့်ရေကိုထည့်ပြီး သကြားပျော်အောင် ကျိုပေးပါ
  10.  သကြား အရည်ပျော်ပြီး အနည်းငယ် ပျစ်လာတာနဲ့ ပြုပ်ထားတဲ့  ကျောက်ဖရုံသီးကို ထည့်မွှေပေးပါ
  11. ကျောက်ဖရုံသီးများ နူးအိလာတဲ့အထိ ကျိုပေးပါ
  12. ကျောက်ဖရုံသီးနှင့် သကြားရည်များ အရမ်းပျစ်လာပါက မီးပိတ်ပေးပါ
  13. ပြီးတာနဲ့ ပန်းကန်လုံး တစ်ခုထဲ ပြောင်းထည့်ပေးပြီး ၇နာရီမှ ၈နာရီအထိ သကြားရည်များ စိမ့်ဝင်သွားအောင် ဒီအတိုင်း ထားပေးပါ
  14. သကြားရည် စိမ်ပြီးတာနဲ့ ဗန်းတချပ်ထဲမှာ aluminium foil ကို ခင်းပေးပါ
  15. aluminium foil ပေါ်မှာ သကြားရည် စိမ်ထားသော ကျောက်ဖရုံယိုကို ဇွန်းဖြင့်ခပ်ပြီး တခုချင်း တင်ပေးပါ
  16. အားလုံး အဆင်သင့် ဖြစ်တာနဲ့ အခန်းအပူချိန်ထဲမှာဘဲ အခြောက်ခံ ထားပေးပါ
  17. ရာသီဥတုပူပါက ခပ်မြန်မြန်ခြောက်ပြီး ရာသီဥတု အရမ်းအေးနေပါက ခြောက်ဖို့ရက် အနည်းငယ် ကြာတတ်ပါတယ်
  18. သကြားများ ခြောက်သွားပြီ ဆိုတာနဲ့  ကျောက်ဖရုံယို ချိုစိမ့်စိမ့်လေးကို သုံးဆောင်နိုင်ပါပြီ။

Friday 12 July 2019

ရွှေဖရုံသီး အစာသွတ်ပေါင်း













ဗီယက်နမ်ဈေးက ဝယ်လာတဲ့ ရွှေဖရုံသီး သေးသေးလေးတွေကို ဒီနေ့တော့ ကြက်သားစင်းကောနဲ့ အရသာနယ်ကာ ပေါင်းဖြစ်တာနဲ့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ရွှေဖရုံသီး - ခပ်သေးသေး နှစ်လုံး (တစ်လုံးကို 600 g ခန့် )
  2. ကြက်သား - 150 g
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ကြက်သွန်နီ - အနေတော် တလုံး
  5. ချင်းတက် - လက်တဆစ်ခန့်
  6. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
  7. မုံလာဥနီ - အနေတော် တစ်ဥ
  8. ကြက်ဥ -၂လုံး
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ



  1. ရွှေဖရုံသီးကို အလုံးလိုက် ရေဆေးပြီး ပုံပါအတိုင်း ထိပ်ဖက်မှ လှီးဖြတ်ပေးပါ
  2. ပြီးတာနဲ့ အသီးအထဲမှ အစေ့နှင့် အူတိုင်များကို ဇွန်းနှင့်ကော်ထုတ်ပေးပါ
  3. ပြီးတာနဲ့ အထဲဘက်ကို ရေဆေးပေးပါ
  4. ကြက်သားကို နုတ်နုတ်စင်းထားပါ
  5. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  6. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုနုတ် စင်းထားပေးပါ
  7. ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  8. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်တစ်ခုထဲမှာ ပါဝင်ပစ္စည်းများကို ထည့်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
  9. အရသာ သမသွားတာနဲ့ ရွှေဖရုံသီးထဲကို ဇွန်းနှင့်ခပ်ပြီး ထည့်ပေးပါ
  10. ပြီးတာနဲ့ ရွှေဖရုံသီးကို အညှာဖက် အပိုင်းလေးတင်ပြီး အုပ်ပေးပါ
  11. အသီးရဲ့  အောက်ဖက်မှာ ကြွေပန်းကန်လုံး တခုခံပြီး တင်ပေးပါ
  12. ပေါင်းအိုးရဲ့  အောက်ခံအိုးထဲမှာ ပေါင်းမည့်ပန်းကန်လုံး တစ်ဝက်လောက် မြုပ်အောင်ထည့်ပြီး ပေါင်းမည့်ပန်းကန်လုံးကို ထည့်ပေးပါ
  13. ရွှေဖရုံသီး ပန်းကန်လုံးကို ထည့်ပေးပြီတားနဲ့ အိုးအဖုံးအုပ်ကာ ပေါင်းပေးပါ
  14. Pressure cooker နဲ့ ပေါင်းတာဖြစ်တဲ့အတွက် pressure cooker လုတ်ကိုနှိပ်ပြီး မိနစ်နှစ်ဆယ် ပေါင်းပေးပါ
  15. ပေါင်းချိန်ပြည့်တာနဲ့ ပေါင်းအိုးမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ ပေါင်းအိုးအဖုံးကို ဖွင့်ပေးပါ
  16. ပေါင်းအိုးထဲမှ ပေါင်းခံပန်းကန်လုံးကို အပူမလောင်အောင် လက်အိတ်နှင့် အပြင်ကို ထုတ်ပေးပါ
  17. အပြင်ရောက်တာနဲ့ အရသာ အင်မတန် ရှိလွန်းတဲ့ ရွှဖရုံသီးပေါင်းလေး ရပါပြီ
  18. ရွှေဖရုံသီး အစာသွတ်ပေါင်းကို မိမိနှစ်သက်သလို လှီးပေးကာ ပူပူလူလူလေး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။