Friday 14 August 2020

မုန့်တွန်ဇံ (Putu Mayam )

 



ဒီနေ့တော့ မုန့်တွန်ဇံကို အမျိုးမျိုး လုပ်စားကြတဲ့ အထဲက သီးစုံပဲဟင်းလေးနဲ့ စားချင်တာနဲ့ မုန့်တွန်ဇံ အလွယ်လုပ်နည်းလေး လုပ်ဖြစ်ပါတယ် မုန့်ဖတ်လေး မပြင်ဆင်ခင် သီးစုံပဲဟင်းလေး ကြိုပြီးချက်ထားတဲ့အတွက် မုန့်တွန်ဇံလေးလဲ လုပ်ပြီးရော ဗိုက်ဆာဆာနဲ့ စားဖြစ်ပါတယ်။

မုန့်ဖတ်လေးကိုတော့ အလွယ်အမြန်ရအောင် ဆန်ကြာဇံကို ရေနွေးနှင့်ဖျောကာ လုပ်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပုံတွေတင်ရတာ ခက်တဲ့အတွက် ပြင်ဆင်ပုံ အဆင့်ဆင့်ကို http://mmlazp.blogspot.com/2020/08/putu-mayam.html ဒီလင့်လေးကို နှိပ်ပြီး ကြည့်ပေးလို့ ရပါတယ်ရှင်။

ပါဝင်ပစ္စည်းများ 
  1. ဆန်ကြာဇံ - လေးထုံး (စားမဲ့သူများရင် ပိုသုံးပေးပါ)
  2. ရေနွေးပွက်ပွက်ဆူပြီးသား - လိုသလောက် သုံးပေးပါ
  3. Pressure cooker - တစ်လုံး (သို့မဟုတ်)
  4. ရေနွေးငွေ့ခံကာ ပေါင်းသော ရိုးရိုး ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပုံ (pressure cooker နှင့်ပေါင်းရန်)
  • ဇလုံတစ်လုံးထဲမှာ ကြာဇံကို ထည့်ပေးပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေနွေး ပွက်ပွက်ဆူလာတာနဲ့ ကြာဇံဇလုံထဲကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ ရေနွေးထဲမှာ လေးမိနစ်လောက် စိမ်ထားပါ
  • လေးမိနစ် ပြည့်တာနဲ့ ရေနွေးများသွန်ပြီး ရေစစ်ပေးပါ
  • ရေစစ်တာနဲ့ ပေါင်းခံဇကာထဲကို ပုံပါအတိုင်း အထုံးလေးတွေ ထုံးပေးပြီး ဇကာဆန့်သလောက် ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲကို ရေထည့်ပေးပါ
  • ရေထည့်ရာမှာလဲ ဇကာအောက်ခံခုံ ထိတယ်ဆိုရုံလေးဘဲ ထည့်ပေးပါ
  • ပြီးတာနဲ့ ကြာဇံအထုံးလေးများ ထည့်ထားတဲ့ ဇကာကို ပေါင်းခံခုံပေါ် တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို လေလုံအောင် အုပ်ပေးပြီး steam ခလုတ်ကို နှိပ်ပေးကာ ငါးမိနစ်ချိန်ပေးကာ ပေါင်းပေးပါ
  • ငါးမိနစ် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ မုန့်ဖတ်များကို ထုတ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ကြာဇံများ ကုန်တဲ့အထိ ပေါင်းပေးပါ
နောက်တစ်နည်း
ပြင်ဆင်ပုံ (ရိုးရိုးပေါင်းအိုးနှင့်ပေါင်းရန်)
  • ဇလုံတစ်လုံးထဲမှာ ကြာဇံကို ထည့်ပေးပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေနွေး ပွက်ပွက်ဆူလာတာနဲ့ ကြာဇံဇလုံထဲကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ ရေနွေးထဲမှာ လေးမိနစ်လောက် စိမ်ထားပါ
  • လေးမိနစ် ပြည့်တာနဲ့ ရေနွေးများသွန်ပြီး ရေစစ်ပေးပါ
  • ရေစစ်တာနဲ့ ပေါင်းခံဇကာထဲကို ပုံပါအတိုင်း အထုံးလေးတွေ ထုံးပေးပြီး ဇကာဆန့်သလောက် ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲကို ရေထည့်ပေးပါ
  • ရေထည့်ရာမှာလဲ ဇကာအောက်ခံခုံ ထိတယ်ဆိုရုံလေးဘဲ ထည့်ပေးပါ
  • ပြီးတာနဲ့ ကြာဇံအထုံးလေးများ ထည့်ထားတဲ့ ဇကာကို ပေါင်းခံခုံပေါ် တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို လေလုံအောင် အုပ်ပေးပြီး မီးအနေတော်နှင့် ရှစ်မိနစ်ခန့် ပေါင်းပေးပါ
  • ရှစ်မိနစ် ပြည့်တာနဲ့ ပေါင်းအိုးအဖုံးကို ဖွင့်ပေးကာ မုန့်ဖတ်များကို ထုတ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ကြာဇံများ ကုန်တဲ့အထိ ပေါင်းပေးပါ
သီးစုံပဲကုလားဟင်းချက်ရန်
ပါဝင်ပစ္စည်းများ 

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  3. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
  4. အာလူး - အနေတော် နှစ်လုံး
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အသီးအရွက် ဆီသတ်ရန်)
  6. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း ( သို့မဟုတ်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ (ဟင်းရည်ထဲထည့်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  10. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  11. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  12. ချင်း - လက်တစ်ဆစ်ရဲ့တစ်ဝက်
  13. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  14. ကုလားလေးမဆလာ - အထုတ်သေး တစ်ထုတ်
  15. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး ပဲအခြမ်းလိုက် အနေအထား မပျက်အောင် ပြုပ်ပြီးထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • ခရမ်းသီးကို လေးစိတ်စိတ်ကာ ရေဆေးပြီး ရေနာရီဝက်လောက် စိမ်းထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ် စိတ်ထားပါ
  • ကြက်သွန်ဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ 
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသော ခရမ်းသီး အာလူးနှင့် ဆား (သို့မဟုတ်) ငံပြာရည် အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
  • အသီးအရွက်များ ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အာလူးကို နူးအောင် တည်ပေးကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းမှည့်ရည် ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေး မဆလာကို ထည့်ပြီးမွှေပေးပါ
  • အသီးအရွက်များ နူးလာတာနဲ့မဆလာနံ့ မွှေးနေသော သီးစုံပဲကုလားဟင်းနှင့် မုန့်တွန်ဇံကို တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment