Thursday 13 August 2020

မျှစ် မန်ကျည်းသီးစိမ်းထောင်းဟင်း

ဒီနေ့တော့ မန်ကျည်းသီးစိမ်းလေးတွေကို ထောင်းထားပြီး မျှစ်ချောင်းလေးတွေနဲ့ ဆီလည်ရေလည်လေး ချက်ပါတယ် ထမင်းစားလို့ မြိန်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မျှစ် - ဆယ်ချောင်း
  2. ပုဇွန်အကောင်သေး - 200 g
  3. မန်ကျည်းသီးစိမ်း ထောင်းပြီးသား - ထမင်းစားဇွန်း လေးဇွန်း
  4. ကြက်သွန်နီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ် မွှာ
  6. ငရုတ်သီးအခြောက်တောင့် - စားနိုင်သလောက် 
  7. ငရုတ်သီးစိမ်း - ခြောက်တောင့်ခန့်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  1. မျှစ်ကို ရေဆေးပြီး ပုံပါအတိုင်း လေးစိတ်စိတ်ထားပါ
  2. ပုဇွန်ကို ရေဆေးပြီး ခေါင်းနှင့် အမြှီးများကို ဖြုတ်ထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  4. ကြက်သွန်ဖြု ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  5. ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ  ငရုတ်သီးအခြောက်တောင့်တို့ကို မညက်တစ်ညက် ရောထောင်းထားပါ
  6. ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထား​ပါ
  7. မန်ကျည်းသီးစိမ်းကို မလိုတာတွေ ဖယ်ပေးပြီး ညက်နေအောင် ထောင်းထားပါ
  8. ဆီ နနွင်းမှုန့် ဆား အရသာမှုန့် ငါးငံပြာရည်တို့ကို ပြင်ထားပါ

ဟင်းချက်ရန်
  • အိုးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထည့်ပါ
  • နနွင်းမှုန့် ထည့်ပြီးတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ငရုတ်သီး ဆီသတ်ကို ဘေးကိုခန တွန်းထားကာ မန်ကျည်းသီးစိမ်းထောင်းကို ထည့်မွှေပေးပါ
  • မန်ကျည်းသီးစိမ်း ထည့်ပြီး လေးမိနစ်လောက် ကြော်ပေးပါ
  • မန်ကျည်းသီးစိမ်း အရောင်ပြောင်းသွားတာနဲ့ ပုဇွန်ကို ထည့်မွှေပေးပါ
  • ပုဇွန်ထည့်ပြီးတာနဲ့ သုံးမိနစ်လောက်နေရင် မျှစ်ကိုထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့မျှစ် အရသာမှုန့် ဆား ငံပြာရည်တို့ကို တစ်ခါထဲ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ မျှစ်ကို ​ရေမြုပ်​​အောင်​ထည့်​ကာ အဖုံးအုပ်​ပြီး တည်​​ပေးပါ
  • ရေမခမ်းခင် ဆီလည်ရေလည် အနေအထား ရလာတဲ့နဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ မျှစ်မန်ကျည်းသီးစိမ်း ဆီလည်ရေလည် ချဉ်ငံစပ်ဟင်းလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment