Friday 14 August 2020

မုန့်တွန်ဇံ (Putu Mayam )

 



ဒီနေ့တော့ မုန့်တွန်ဇံကို အမျိုးမျိုး လုပ်စားကြတဲ့ အထဲက သီးစုံပဲဟင်းလေးနဲ့ စားချင်တာနဲ့ မုန့်တွန်ဇံ အလွယ်လုပ်နည်းလေး လုပ်ဖြစ်ပါတယ် မုန့်ဖတ်လေး မပြင်ဆင်ခင် သီးစုံပဲဟင်းလေး ကြိုပြီးချက်ထားတဲ့အတွက် မုန့်တွန်ဇံလေးလဲ လုပ်ပြီးရော ဗိုက်ဆာဆာနဲ့ စားဖြစ်ပါတယ်။

မုန့်ဖတ်လေးကိုတော့ အလွယ်အမြန်ရအောင် ဆန်ကြာဇံကို ရေနွေးနှင့်ဖျောကာ လုပ်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပုံတွေတင်ရတာ ခက်တဲ့အတွက် ပြင်ဆင်ပုံ အဆင့်ဆင့်ကို http://mmlazp.blogspot.com/2020/08/putu-mayam.html ဒီလင့်လေးကို နှိပ်ပြီး ကြည့်ပေးလို့ ရပါတယ်ရှင်။

ပါဝင်ပစ္စည်းများ 
  1. ဆန်ကြာဇံ - လေးထုံး (စားမဲ့သူများရင် ပိုသုံးပေးပါ)
  2. ရေနွေးပွက်ပွက်ဆူပြီးသား - လိုသလောက် သုံးပေးပါ
  3. Pressure cooker - တစ်လုံး (သို့မဟုတ်)
  4. ရေနွေးငွေ့ခံကာ ပေါင်းသော ရိုးရိုး ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပုံ (pressure cooker နှင့်ပေါင်းရန်)
  • ဇလုံတစ်လုံးထဲမှာ ကြာဇံကို ထည့်ပေးပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေနွေး ပွက်ပွက်ဆူလာတာနဲ့ ကြာဇံဇလုံထဲကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ ရေနွေးထဲမှာ လေးမိနစ်လောက် စိမ်ထားပါ
  • လေးမိနစ် ပြည့်တာနဲ့ ရေနွေးများသွန်ပြီး ရေစစ်ပေးပါ
  • ရေစစ်တာနဲ့ ပေါင်းခံဇကာထဲကို ပုံပါအတိုင်း အထုံးလေးတွေ ထုံးပေးပြီး ဇကာဆန့်သလောက် ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲကို ရေထည့်ပေးပါ
  • ရေထည့်ရာမှာလဲ ဇကာအောက်ခံခုံ ထိတယ်ဆိုရုံလေးဘဲ ထည့်ပေးပါ
  • ပြီးတာနဲ့ ကြာဇံအထုံးလေးများ ထည့်ထားတဲ့ ဇကာကို ပေါင်းခံခုံပေါ် တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို လေလုံအောင် အုပ်ပေးပြီး steam ခလုတ်ကို နှိပ်ပေးကာ ငါးမိနစ်ချိန်ပေးကာ ပေါင်းပေးပါ
  • ငါးမိနစ် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ မုန့်ဖတ်များကို ထုတ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ကြာဇံများ ကုန်တဲ့အထိ ပေါင်းပေးပါ
နောက်တစ်နည်း
ပြင်ဆင်ပုံ (ရိုးရိုးပေါင်းအိုးနှင့်ပေါင်းရန်)
  • ဇလုံတစ်လုံးထဲမှာ ကြာဇံကို ထည့်ပေးပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေနွေး ပွက်ပွက်ဆူလာတာနဲ့ ကြာဇံဇလုံထဲကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ ရေနွေးထဲမှာ လေးမိနစ်လောက် စိမ်ထားပါ
  • လေးမိနစ် ပြည့်တာနဲ့ ရေနွေးများသွန်ပြီး ရေစစ်ပေးပါ
  • ရေစစ်တာနဲ့ ပေါင်းခံဇကာထဲကို ပုံပါအတိုင်း အထုံးလေးတွေ ထုံးပေးပြီး ဇကာဆန့်သလောက် ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲကို ရေထည့်ပေးပါ
  • ရေထည့်ရာမှာလဲ ဇကာအောက်ခံခုံ ထိတယ်ဆိုရုံလေးဘဲ ထည့်ပေးပါ
  • ပြီးတာနဲ့ ကြာဇံအထုံးလေးများ ထည့်ထားတဲ့ ဇကာကို ပေါင်းခံခုံပေါ် တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို လေလုံအောင် အုပ်ပေးပြီး မီးအနေတော်နှင့် ရှစ်မိနစ်ခန့် ပေါင်းပေးပါ
  • ရှစ်မိနစ် ပြည့်တာနဲ့ ပေါင်းအိုးအဖုံးကို ဖွင့်ပေးကာ မုန့်ဖတ်များကို ထုတ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ကြာဇံများ ကုန်တဲ့အထိ ပေါင်းပေးပါ
သီးစုံပဲကုလားဟင်းချက်ရန်
ပါဝင်ပစ္စည်းများ 

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  3. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
  4. အာလူး - အနေတော် နှစ်လုံး
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အသီးအရွက် ဆီသတ်ရန်)
  6. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း ( သို့မဟုတ်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ (ဟင်းရည်ထဲထည့်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  10. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  11. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  12. ချင်း - လက်တစ်ဆစ်ရဲ့တစ်ဝက်
  13. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  14. ကုလားလေးမဆလာ - အထုတ်သေး တစ်ထုတ်
  15. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး ပဲအခြမ်းလိုက် အနေအထား မပျက်အောင် ပြုပ်ပြီးထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • ခရမ်းသီးကို လေးစိတ်စိတ်ကာ ရေဆေးပြီး ရေနာရီဝက်လောက် စိမ်းထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ် စိတ်ထားပါ
  • ကြက်သွန်ဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ 
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသော ခရမ်းသီး အာလူးနှင့် ဆား (သို့မဟုတ်) ငံပြာရည် အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
  • အသီးအရွက်များ ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အာလူးကို နူးအောင် တည်ပေးကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းမှည့်ရည် ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေး မဆလာကို ထည့်ပြီးမွှေပေးပါ
  • အသီးအရွက်များ နူးလာတာနဲ့မဆလာနံ့ မွှေးနေသော သီးစုံပဲကုလားဟင်းနှင့် မုန့်တွန်ဇံကို တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Thursday 13 August 2020

မျှစ် မန်ကျည်းသီးစိမ်းထောင်းဟင်း

ဒီနေ့တော့ မန်ကျည်းသီးစိမ်းလေးတွေကို ထောင်းထားပြီး မျှစ်ချောင်းလေးတွေနဲ့ ဆီလည်ရေလည်လေး ချက်ပါတယ် ထမင်းစားလို့ မြိန်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မျှစ် - ဆယ်ချောင်း
  2. ပုဇွန်အကောင်သေး - 200 g
  3. မန်ကျည်းသီးစိမ်း ထောင်းပြီးသား - ထမင်းစားဇွန်း လေးဇွန်း
  4. ကြက်သွန်နီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ် မွှာ
  6. ငရုတ်သီးအခြောက်တောင့် - စားနိုင်သလောက် 
  7. ငရုတ်သီးစိမ်း - ခြောက်တောင့်ခန့်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  1. မျှစ်ကို ရေဆေးပြီး ပုံပါအတိုင်း လေးစိတ်စိတ်ထားပါ
  2. ပုဇွန်ကို ရေဆေးပြီး ခေါင်းနှင့် အမြှီးများကို ဖြုတ်ထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  4. ကြက်သွန်ဖြု ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  5. ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ  ငရုတ်သီးအခြောက်တောင့်တို့ကို မညက်တစ်ညက် ရောထောင်းထားပါ
  6. ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထား​ပါ
  7. မန်ကျည်းသီးစိမ်းကို မလိုတာတွေ ဖယ်ပေးပြီး ညက်နေအောင် ထောင်းထားပါ
  8. ဆီ နနွင်းမှုန့် ဆား အရသာမှုန့် ငါးငံပြာရည်တို့ကို ပြင်ထားပါ

ဟင်းချက်ရန်
  • အိုးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထည့်ပါ
  • နနွင်းမှုန့် ထည့်ပြီးတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ငရုတ်သီး ဆီသတ်ကို ဘေးကိုခန တွန်းထားကာ မန်ကျည်းသီးစိမ်းထောင်းကို ထည့်မွှေပေးပါ
  • မန်ကျည်းသီးစိမ်း ထည့်ပြီး လေးမိနစ်လောက် ကြော်ပေးပါ
  • မန်ကျည်းသီးစိမ်း အရောင်ပြောင်းသွားတာနဲ့ ပုဇွန်ကို ထည့်မွှေပေးပါ
  • ပုဇွန်ထည့်ပြီးတာနဲ့ သုံးမိနစ်လောက်နေရင် မျှစ်ကိုထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့မျှစ် အရသာမှုန့် ဆား ငံပြာရည်တို့ကို တစ်ခါထဲ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ မျှစ်ကို ​ရေမြုပ်​​အောင်​ထည့်​ကာ အဖုံးအုပ်​ပြီး တည်​​ပေးပါ
  • ရေမခမ်းခင် ဆီလည်ရေလည် အနေအထား ရလာတဲ့နဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ မျှစ်မန်ကျည်းသီးစိမ်း ဆီလည်ရေလည် ချဉ်ငံစပ်ဟင်းလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Wednesday 12 August 2020

ကန်စွန်းဥ ခေါက်ဆွဲကြော်



ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ ကန်စွန်းဥ ခေါက်ဆွဲအချိုလေး ကြော်စားဖြစ်ပါတယ် အရသာ အချိုအစိမ့်လေး ရတဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိုင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကန်စွန်းဥခေါက်ဆွဲအစို - သုံးဆယ်သား
  2. ကြာဆွယ် - မိမိနှစ်သက်သလောက်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကိုက်လန် - အနေတော် သုံးပင်
  5. ပန်းဂေါ်ဖီ - အခက်ကြီးကြီး လေးခက်
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  11. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  12. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  13. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးကာ ခပ်ရှည်ရှည်လေးတွေရအောင် လှီးထားပါ
  • ကိုက်လံကို အပင်လိုက်ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးပါ
  • ကြာဆွယ်ကို ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ ကိုက်လန် ကြာဆွယ် ပန်းဂေါ်ဖီနှင့် မုံလာဥနီတို့ကို နှစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ခေါက်ဆွဲကြော် ချိုစိမ့်စိမ့်လးကို သုံးဆောင်နိုင်ပါပြီ။

Tuesday 11 August 2020

ပုဇွန် ကြက်သားဖက်ထုတ်ကြော်

ဒီနေ့တော့  ရေခဲသေတ္တာထဲမှာ လက်ကျန်ရှိတာတွေ ထုတ်ပြီး ဖက်ထုတ်ကြော်လေး ကြော်ဖြစ်ပါတယ် အစာပြေအတွက် အရမ်းအဆင်ပြေတဲ့အတွက်ျွာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဖက်ထုတ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 250 g
  2. ပုဇွန်ထုတ် - အခွံချွတ်ပြီးသား 100 g
  3. ဖက်ထုတ်ရွက်  - အရွက်၃၀ခန့် (ready made အရွက်ကို သုံးထားပါတယ်)
  4. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. Mushroom soy sauce - ထမင်းစားဇွန်း တစ်ဇွန်း
  7. Corn flour - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင် (40 ml)
  11. တရုတ်နံနံ - လှီးပြီးသား  (30 mlခန့်)
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  13. နေကြာဆီ - လီတာဝက်ခန့်


ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားကို ခပ်သေးသေးလေးတွေ လှီးထားပါ
  • ပုဇွန်ထုတ်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ
  • ကြက်သားနှင့် ပုဇွန်ကို ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စဉ်းပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်တဆစ်စာ အနေလောက် လှီးပေးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ဇလုံတလုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ကြက်သားပုဇွန်အရော ကြက်သွန်မိတ် တရုတ်နံနံ တရုတ်မဆလာ ငရုတ်ကောင်းမှုန့် ဆား အချိုမှုန့် နှမ်းဆီ mushroom soy saue, cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ
ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ
  • ဖက်ထုတ်အရွက် တရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက် ပုံပေးပါ
  • Ready made  ခဲထားသော အရွက်ကို သုံးပါက အစာမထည့်ခင် နာရီဝက်လောက် ကြိုထုတ်ထားပေးပါ
  • ရေခဲပျော်မှ တရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်
  • အစာထည့်ပြီးသော ဖက်ထုတ်အရွက်ဧ။် အနား၂ဖက်ကို ရေနှင့် အနည်းငယ် စွတ်ပေးပြီး ပုံပါအတိုင်း ခေါက်ပေးပါ
  • အနား၂ဖက် ကပ်သွားစေရန် လက်မနှင့် လက်ညှိုးကြားထည့်ကာ လိုက်ဖိပေးပါ
  • ထုတ်ပြီးသော ဖက်ထုတ်များကို တခုနှင့် တခုမကပ်စေရန် ခပ်ဝေးဝေးထားပါ
  • ချက်ချင်း ကြော်မစားသေးပါက နာရီဝက်လောက် လေသလပ်ခံပြီးမှ တခုနှင့်တခု ထပ်ထားပြီး သိမ်းပေးပါ
  • ထိုနည်းအတိုင်း ဖက်ထုတ်အရွက်များ ကုန်တဲ့အထိ ထုပ်ပေးပါ
  • ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိုင်သလောက် ကြော်ပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ အပေါ်ထပ်မှာ သိမ်းထားပြီး လိုမှထုတ်၍ ကြော်နိုင်ပါတယ်
ကြော်ရန် ပြင်ဆင်ပုံ
  • ကြော်နေစဉ် ဖက်ထုတ်အပြင်သား အကျက်မမြန်စေရန်အတွက် အိုးအသားထူသော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီကိုထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ
  • မီးအားအရမ်းပြင်းလျှင် ဖက်ထုတ်အပြင်ခွံ ကျက်ပြီးအရောင် မလှသလို အတွင်းက အစာများ မကျက်ဘဲ ဖြစ်တတ်ပါတယ်
  • မီးလျော့ပြီး အိုးထဲမှဆီ အငွေ့သေလောက်မှ ဖက်ထုတ်များကို တစ်ထုတ်ခြင်း တစ်ခုနှင့်တစ်ခု မကပ်အောင် ထည့်ပေးပါ
  • ပြီးတာနဲ့ ရေကို ဖက်ထုတ်မမြုပ်တစ်မြုပ်လောက် ထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန်နှင့် အိုးကပ်ပြီး ဖက်ထုတ်ရွက်များ ပေါက်မထွက်စေရန်အတွက် တစ်ဖက်ကျက်မှ တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်တာနဲ့ အရသာရှိလွန်းသော ပုဇွန်ကြက်သား ဖက်ထုတ်ကြော်ကို နှစ်သက်ရာ အချဉ်ဖြင့် စားသုံးနိုင်ပါပြီ။

Monday 10 August 2020

ရေဘဝဲထောင်း (Octopus)


ဒီနေ့တော့ Octopus လေးတွေ ဝယ်လာပြီး ထောင်းဖြစ်ပါတယ် ထောင်းတဲ့အထဲမှာ ချိုချဉ်ငံစပ် အရသာ အစုံပါတဲ့အတွက် ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်စွာ စားသုံးနိုင်ဖို့ရာ  မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Octopus - 400 g
  2. ငရုတ်သီး အခြောက်တောင့် - ငါးတောင့်
  3. ပဲတောင့်ရှည် - လေးတောင့်
  4. ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
  5. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  6. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  7. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  9. ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ Octopus  ပြုပ်ရန်)
  11. ဆား ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
  12. ဗီနီကာ - ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
  13. သံပုရာသီး - တစ်လုံး (ဗီနီကာ မရှိပါက ထဲ့ရန်)
  14. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
Octopus ပြုပ်ရန်
  1. ဇလုံတစ်လုံးထဲမှာ ဆား ဗီနီကာနှင့် Octopus များကို ထဲ့ပေးကာ မလိုတာတွေ ဖယ်ပေးပါ
  2. ပြီးတာနဲ့ အချွဲများ ထွက်သွားစေရန် ခပ်နာနာ နယ်ပေးပါ
  3. ဗီနီကာ မရှိပါက သံပုရာရည်ထဲ့ပြီး နယ်ပေးပါ
  4. အချွဲများ ထွက်သွားပါက ရေများများနှင့် ၆ထပ်လောက် ဆေးပေးပါ
  5. ရေစင်သွားတာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေသင့်ရုံနှင့် ဆားထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  6. ရေဆူလာတာနဲ့ Octopus များကို ထဲ့ပေးပြီး ပြုပ်ပေးပါ
  7. ပြုပ်ချိန် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
  8. ပြီးတာနဲ့ ရေနွေးများ သွန်ပေးကာ ရေအေးနှင့် ထပ်ဆေးပေးပါ
  9. ရေစစ်ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အနေအထားရအောင် ကပ်ကြေးနှင့် ညှပ်ပေးထားပါ
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကပ်ကျေးနှင့် ညှပ်ထားသော Octopus ကို ပြင်ထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီးမထူမပါး အနေတော်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပါဝင်ပစ္စည်းများကို ပြင်ထားပါ
ထောင်းရန်ပြင်ဆင်ပုံ
  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီး အခြောက်တောင့်တို့ကိုထည့်ပြီး မညက်တစ်ညက် ထည့်ထောင်းပါ
  2. အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  3. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  4. မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး ကြည့်ထောင်းပါ
  5. ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  6. သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ ၀င်ပါတယ်
  7. အရသာ သမလောက်ပြီ ဆိုတာနဲ့ Octopus နှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးကာ ပဲသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပေးပြီး လေးငါးချက်လောက် ထည့်ထောင်းပြီး  မွှေပေးပါ
  8. ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  9. ပြီးတာနဲ့ Octopus ထောင်း ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။