ဒီနေ့တော့ Octopus လေးတွေ ဝယ်လာပြီး ထောင်းဖြစ်ပါတယ် ထောင်းတဲ့အထဲမှာ ချိုချဉ်ငံစပ် အရသာ အစုံပါတဲ့အတွက် ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်စွာ စားသုံးနိုင်ဖို့ရာ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းများ
- Octopus - 400 g
- ငရုတ်သီး အခြောက်တောင့် - ငါးတောင့်
- ပဲတောင့်ရှည် - လေးတောင့်
- ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
- အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
- ကြက်သွန်ဖြူ- အမွှာကြီးကြီး ၃မွှာ
- ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
- ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ Octopus ပြုပ်ရန်)
- ဆား ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
- ဗီနီကာ - ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
- သံပုရာသီး - တစ်လုံး (ဗီနီကာ မရှိပါက ထဲ့ရန်)
- သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
Octopus ပြုပ်ရန်
- ဇလုံတစ်လုံးထဲမှာ ဆား ဗီနီကာနှင့် Octopus များကို ထဲ့ပေးကာ မလိုတာတွေ ဖယ်ပေးပါ
- ပြီးတာနဲ့ အချွဲများ ထွက်သွားစေရန် ခပ်နာနာ နယ်ပေးပါ
- ဗီနီကာ မရှိပါက သံပုရာရည်ထဲ့ပြီး နယ်ပေးပါ
- အချွဲများ ထွက်သွားပါက ရေများများနှင့် ၆ထပ်လောက် ဆေးပေးပါ
- ရေစင်သွားတာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေသင့်ရုံနှင့် ဆားထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ Octopus များကို ထဲ့ပေးပြီး ပြုပ်ပေးပါ
- ပြုပ်ချိန် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
- ပြီးတာနဲ့ ရေနွေးများ သွန်ပေးကာ ရေအေးနှင့် ထပ်ဆေးပေးပါ
- ရေစစ်ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အနေအထားရအောင် ကပ်ကြေးနှင့် ညှပ်ပေးထားပါ
ပြင်ဆင်ပုံ
- ဇလုံတစ်လုံးထဲမှာ ကပ်ကျေးနှင့် ညှပ်ထားသော Octopus ကို ပြင်ထားပါ
- ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီးမထူမပါး အနေတော်လေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
- ပါဝင်ပစ္စည်းများကို ပြင်ထားပါ
ထောင်းရန်ပြင်ဆင်ပုံ
- ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီး အခြောက်တောင့်တို့ကိုထည့်ပြီး မညက်တစ်ညက် ထည့်ထောင်းပါ
- အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
- ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
- မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး ကြည့်ထောင်းပါ
- ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ
- သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ ၀င်ပါတယ်
- အရသာ သမလောက်ပြီ ဆိုတာနဲ့ Octopus နှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးကာ ပဲသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပေးပြီး လေးငါးချက်လောက် ထည့်ထောင်းပြီး မွှေပေးပါ
- ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
- ပြီးတာနဲ့ Octopus ထောင်း ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment