Thursday 28 November 2019

ကြက်သားစင်းကော ပဲပြားအစိမ်းကြော်



အသားဟင်းတွေ မစားချင်တဲ့နေ့ဆိုရင် အသီးအရွက်တွေနဲ့ အသားတစ်မျိုးမျိုးကို ရောပြီး အစိမ်းကြော် ကြော်လေ့ရှိပါတယ် အခုခို ချက်စားရတာ ထမင်းစားလို့ ပိုအြပီးကောင်းစေပါတယ် ဒါကြောင့်မို့လို့ စားမြိန်ဟင်းလေး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်သား - 200 g
  2. ပဲပြား - တစ်တုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ဂေါ်ဖီ - အနေတော် တစ်စိတ်
  7. ဘရော့ကိုလီ - အနေတော် ၃ခက်
  8. ပဲတောင့်ရှည် - ၁၅တောင့်
  9. ရွှေပဲသီး - ဆယ်တောင့်
  10. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  13. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း ၅ဇွန်း 
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
  3. ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး နုတ်နုတ်စင်း ထားပေးပါ
  • ပဲပြားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ဘရော့ကိုလီကို ရေဆေးပြီး အနေတော်  အခက်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
  • ဂေါ်ဖီကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • ရွှေပဲသီးကို အကြောသင်ပြီး ရေဆေးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ည့်ကြော်ပေးပါ
  • ပြီးတာနဲ့ နုတ်နုတ်စင်းထားတဲ့  ကြက်သားကို အရင်ဆုံး ထည့်ေ ကြာ်ပေးပါ
  • ကြက်သားကျက်သွားပါက တရုတ်နံနံနှင့် ရွှေပဲသီးမှလွဲပြီး ကျန်နေသော အသီးအရွက်များနှင့် ကြက်သွန်နီတို့ကို ထည့်မွှေပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ပဲပြားနှင့် အရသာ စပ်ထားသော အချိုရည်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ ရွှေပဲသီးနှင့် တရုတ်နံနံထဲ့ပေးပြီး အရသာမြည်းပြီကား လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ကြက်သားစင်းကော ပဲပြားအစိမ်းကြော်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

အုန်းစိမ်း ကျောက်ကျော


ဒီနေ့တော့ အုန်းသီးအနုလေးတစ်လုံး ဝယ်လာကာ အုန်းစိမ်းရည်ရယ် အုန်းသီးဇွန်းခြစ် အသားလေးတွေရယ် ရောပြီး အချိုတည်းဖို့အတွက် ကျောက်ကျေောလး လုပ်ပါတယ်။

စားရတာ အုန်းစိမ်းရည် အနံ့လေးရယ် အုန်းသီးဇွန်းခြစ် အနံ့လေးရယ် ရောနေပြီး  အနံ့သင်းသင်းလေးနဲ့ စားလို့လဲ အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ


  1. ကျောက်ကျောမှုန့်  -12 g  
  2. သကြား - 50 g 
  3. အုန်းစိမ်းရည် - 310 ml 
  4. ရေ - 350 ml
  5. ဇွန်းခြစ်အုန်းသီးဖတ် - မိမိကြိုက်သလောက် ထဲ့ပေးပါ
  6. ကျောက်ကျောကျိုပြီးထည့်ရန် အပူခံမည့်ဗူး (သို့) ဗန်း - တစ်ခု (သို့) ပုံစံခွက်လေးများ
  7. ဇောက်နက်သော အနေတော်အိုး - တစ်လုံး
ပြင်ဆင်ပုံ
  1. အုန်းသီးကိုခွဲပေးကာ အုန်းရည်ကို အရင်ဆုံးယူထားပါ
  2. အုန်းသီးအထဲမှ အုန်းသီးဖတ် အသားအနုလေးတွေကို ဇွန်းနှင့် ခြစ်ပေးပါ
  3. ကျောက်ကျောကျိုမည့် ကျောက်ကျောမှုန့် အုန်းရည် အုန်းသီးဖတ် ရေနှင့် သကြားတို့ကို ပြင်ထားပါ
  4. ကျောက်ကျောကျိုပြီးထဲ့မည့် ဗန်း (သို့) ဗူး (သို့ ) ပုံစံခွက်လေးများကို ပြင်ထားပါ
  5. ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ ရေ အုန်းရည် ကျောက်ကျောမှုန့် သကြားတို့ကို အရည်ပျော်သွားအောင် ရောမွှေထားပေးပါ
  6. ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး အပူပေးပါ
  7. ကျောက်ကျောရည်များ ပွက်ပွက်ဆူလာပါက မီးကို အလယ်လောက်အထိ လျှော့ပေးပြီး ကျိုပေးပါ
  8. ကျိုနေသော ကျောက်ကျောရည်များ တော်တော်လေး ပျစ်လာတဲ့အထိ မွှေပေးပါ
  9. မွှေနေစဉ်မှာ ကျောက်ကျောအရည်များ ပျစ်လာပါက  ကျောက်ကျောရည်ကို ဇွန်းနှင့်ခပ်ကာ ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ကျောက်ကျောရည် အစက်လေးကို ချပေးပါ
  10. အစက်ချထားသော ကျောက်ကျောရည်ကို မိနစ်ဝက်လောက်နေရင် လက်ကလေးနဲ့ တွန်းကြည့်ပါ
  11. ပန်းကန်ပြားထဲမှ ကျောက်ကျောရည် ခဲသွားပါက အုန်းသီးဖတ်များကို ထဲ့မွှေပေးပါ
  12. ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော ပုံစံခွက်လေးများထဲသို့ ကျောက်ကျောရည်ကို လောင်းထည့်ပေးပါ
  13. ပြီးတာနဲ့ ခဲသွားတဲ့အထိ အခန်းအပူချိန်အတိုင်း အအေးခံပေးပါ
  14. ကျောက်ကျောရည်များ ခဲသွားမှ ပုံစံခွက်ထဲမှ ကျောက်ကျောတုံးလေးများကို ဓါးဦးချွန်လေးနှင့် ကော်ပေးကာ အပြင်ကို ထုတ်ပေးပါ
  15. ပြီးတာနဲ့ အချိုပွဲအဖြစ် အုန်းစိမ်းကျောက်ကျော မွှေးမွှေးလေးကို စားသုံးဖို့ ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။။ အချိုအရသာ ပိုကြိုက်ပါက သကြားကို ပိုထဲ့ပေးပါ။

Tuesday 26 November 2019

ဆီထမင်းချိုး မွှေးမွှေးလေး









ဒီနေ့တော့ ဆီထမင်း စားချင်တာနဲ့ မနက်စောစော ဆီထမင်း ထိုးဖြစ်ပါတယ် ဆီထမင်း ထိုးရတာကတော့ အရမ်းကိုဘဲ လွယ်ပါတယ် ဆီထမင်းထိုးတဲ့ နည်းတွေကလဲ အမျိုးမျိုး ရှိပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေ အသုံးပြုတဲ့ ကောက်ညှင်းဆန်အပေါ် မူတည်ပြီး ရေအနည်းအများကိုတော့ ချိန်ရတာတွေ ရှိတတ်ပါတယ်။

သက်ရင့်ကောက်ညှင်းဆန်ဆိုရင် ရေနည်းနည်း ပိုထဲ့ရပါတယ် သက်နုကောက်ညှင်းဆန် ဆိုရင်တော့ ရေကိုပုံမှန်ဘဲ ထဲ့ပေးရပါတယ် သက်ရင့်ဟုတ် မဟုတ်ကိုတော့ ကောက်ညှင်းချက်နေရင်း ဆန်သားကျက်ချိန်မှာ ကြည့်ပေးရပါတယ်။

ချက်နေကျအတိုင်း ရေကိုထဲ့ပြီး ချက်ပေမဲ့ သက်ရင့်ကောက်ညှင်းဆိုရင် အကျက်နည်းနည်း လိုနေတတ်ပါတယ် အဲဒီအခါမျိုး ဆိုရင်တော့ ရေကိုချင့်ချိန်ပြီး ထပ်ထဲ့ပေးပြီး ကျက်တဲ့အထိ ဆက်ချက်ပေးရပါတယ်။

ဆီထမင်းချိုး လိုချင်ရင်တော့ စိတ်ရှည်ရှည်နဲ့ တည်ပေးပြီး မီးအရမ်း မများဖို့ကိုလဲ သတိထားစေချင်ပါတယ် နောက်တစ်ခုက ဆီထမင်းချိုး လိုချင်တဲ့အတွက် အောက်ချေမကပ်တဲ့ အိုးကောင်းကောင်းကို သုံးစေချင်ပါတယ် အိုးမကောင်းရင်တော့ ဆီထမင်းချိုး ကောင်းကောင်းနဲ့ လှလှလေး မရနိုင်ဘူး ဆိုတာလေးလဲ ပြောချင်ပါသေးတယ်။

ဒါကြောင့်မို့လို့ ဒီနေ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဆီထမင်းချိုးရအောင် ချက်ထားတဲ့ နည်းလေးနဲ့ အသုံးပြုတဲ့ ကောက်ညှင်းဆန် တံဆိတ်ပါတဲ့ အထုတ်ကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်နီ - အနေတော် ၅ဥ
  7. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  8. ကြက်သွန်နီဆီချက်
  9. ပဲပြုပ်ဆီဆမ်း
  10. ငါးခြောက်

ပြင်ဆင်ပုံ
  • အရင်ဆုံး ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • အောက်ချေမကပ်သော ဒယ်အိုးထဲမှာ ကောက်ညှင်းဆန် ရေ ဆား ကြက်သွန်နီ အရသာမှုန့် ဆီနှင့် နနွင်းမှုန့်တို့ကို ထဲ့ပေးပါ
  • အိုးအဖုံး ဖုံးပေးပြီး မီးဖိုပေါ် တင်ကာ အပူပေးပါ
  • အိုးထဲမှ ရေပွက်ပွက် ဆူလာတာနဲ့ မီးကိုအလယ် အလတ်လောက်ထိ လျှော့ပေးပါ
  • ကောက်ညှင်းဆန်သား ပွလာတာနဲ့ မီးကိုခပ်မျှင်းမျှင်းလေး ရသွားအောင် ထပ်လျှော့ပေးပါ
  • အောက်ချေမကပ်တဲ့ အိုးနှင့်ဆီထမင်း ထိုးတဲ့အတွက် ဆီထမင်းချိုး မရခင် မွှေပေးစရာ အထက်အောက် လှန်ပေးစရာ မလိုပါ
  • မီးခပ်မျှင်းမျှင်း အပူရှိန်နဲ့ ဆီထမင်းချိုး ရလာအောင် စိတ်ရှည်ရှည် တည်ပေးထားပါ
  • ဆီထမင်းချိုးသံ ကြားလာပြီး ကောက်ညှင်းဆန်သား ကျက်လာပါက အနေတော် ဗန်းတစ်ခုထဲကို အိုးကိုမပြီး မှောက်ချပေးပါ
  • ပြီးတာနဲ့ အပေါ်ယံဘက်ကိုပါ ဆီထမင်း ချိုးလိုချင်တဲ့အတွက် အိုးထဲကို မှောက်ပြီး ပြန်ထဲ့ပေးကာ မီးဖိုပေါ် ပြန်တင်ပေးပါ
  • အောက်ချေဘက်မှာ ချိုးကပ်ပါလာက ဆီပြန်ထွက်လာတဲ့ အသံကြားလာပါလိမ့်မယ်
  • ဆီထမင်း ချိုးနှစ်ဖက်လုံး ရလာပါက မီးဖိုပေါ်မှ ဖယ်ပေးပါ
  • ဆီထမင်းချိုးနှင့် ငါးခြောက်ဆီဆမ်း ပဲပြုပ်ဆီဆမ်းတို့နဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Sunday 24 November 2019

Octopus ရေဘဝဲထောင်း














ဒီနေ့တော့ Octopus လေးတွေ ဝယ်လာတာနဲ့ ချိုချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် ထောင်းတဲ့အထဲမှာ ချိုချဉ်ငံစပ် အရသာ အစုံပါတဲ့အတွက် ဒီတစ်မယ်ထဲနဲ့ စားမြိန်ဟင်း တစ်မယ်ကို ရစေတာမို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Octopus - 400 g
  2. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  3. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  4. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  5. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  7. ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ Octopus  ပြုပ်ရန်)
  9. ဆား ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
  10. ဗီနီကာ - ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
  11. သံပုရာသီး - တစ်လုံး (ဗီနီကာ မရှိပါက ထဲ့ရန်)
  12. နံနံပင် - မိမိစားနိုင်သလောက်
  13. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
Octopus ပြုပ်ရန်
  1. ဇလုံတစ်လုံးထဲမှာ ဆား ဗီနီကာနှင့် Octopus များကို ထဲ့ပေးပါ
  2. ပြီးတာနဲ့ အချွဲများ ထွက်သွားစေရန် ခပ်နာနာ နယ်ပေးပါ
  3. ဗီနီကာ မရှိပါက သံပုရာရည်ထဲ့ပြီး နယ်ပေးပါ
  4. အချွဲများ ထွက်သွားပါက ရေများများနှင့် ၆ထပ်လောက် ဆေးပေးပါ
  5. ရေစင်သွားတာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေသင့်ရုံနှင့် ဆားထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  6. ရေဆူလာတာနဲ့ Octopus များကို ထဲ့ပေးပြီး ပြုပ်ပေးပါ
  7. ပြုပ်ချိန် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
  8. ပြီးတာနဲ့ ရေနွေးများ သွန်ပေးကာ ရေအေးနှင့် ထပ်ဆေးပေးပါ
  9. ရေစစ်ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အနေအထားရအောင် ကပ်ကျေးနှင့် ညှပ်ပေးထားပါ
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကပ်ကျေးနှင့် ညှပ်ထားသော Octopus ကို ပြင်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပါဝင်ပစ္စည်းများကို ပြင်ထားပါ
ထောင်းရန်ပြင်ဆင်ပုံ
  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီး အခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  2. အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  3. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  4. မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး ကြည့်ထောင်းပါ
  5. ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  6. သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ ၀င်ပါတယ်
  7. အရသာ သမလောက်ပြီ ဆိုတာနဲ့ Octopus နှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးကာ နံနံပင်ထည့်ပြီး မွှေပေးပါ
  8. ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  9. ပြီးတာနဲ့ Octopus ထောင်း ချိုချဉ်ငံစပ်လေးကို မုန့်ဟင်းခါးဖတ် ပဲတောင့်ရှည်တို့နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

Saturday 23 November 2019

ချဉ်ငံစပ် ပဲပုဇွန်သီးသုပ်






ဗီယက်နမ်ဈေးကနေ ပဲပုဇွန်သီးလေးတွေ ရလာတော့ တစ်ဝက်ကို ချဉ်ရည်ဟင်းချက်ပြီး တစ်ဝက်ကိုတော့ ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲပုဇွန်သီး - အနေတော် ဇကာတစ်လုံး
  2. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
  3. မြေပဲလှော် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်နီဆီချက် အဖတ် - ထမင်းစားဇွန်း ၂ဇွန်း
  8. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  10. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  11. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ပဲပုဇွန်သီးကို ဘေးနှစ်ဖက်မှ အကြော်များသင်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  •  ရေစင်အောင်ဆေးပြီး အနေတော်အိုးထဲထဲ့ကာ ရေအနေတော်ထဲ့ပြီး ပြုပ်ပေးပါ
  • အကြာကြီး ပြုပ်စရာ မလိုဘဲ ရေပွက်ပွက်ဆူအောင် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကို သွန်ကာရေစစ်ပေးပါ
  • ရေစစ်သွားပါက အနေတော်လေးတွေ ရလာအောင် ကပ်ကြေးဖြင့် ညှပ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • မြေပဲလှော်ပြီးသားကို မညက်တညက် ထောင်းထားပါ
  • ကျန်သော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ပဲပုဇွန်သီး ကြက်သွန်နီ နှမ်းလှော် ပုဇွန်ခြောက်မှုန့် မြေပဲလှော်ထောင်း ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်နီဆီချက် ကြက်သွန်နီဆီချက်ဖတ် ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလိုပြင်ပေးကာ သံပုရာသီးနံ့မွှေးမွှေးနဲ့ ပဲပုဇွန်သီး ချဉ်ငံစပ် အသုပ်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Monday 18 November 2019

ပုဇွန်ချဉ်ကြော် မွှေးမွှေးလေး



အိမ်မှာ ပုဇွန်ချဉ် ထဲ့ဖြစ်တိုင်း သုပ်စားပြီးလို့ ပိုနေတဲ့အခါရယ် ပုဇွန်ချဉ်ကို ရက်အကြာကြီးထားရင် အချဉ်အရမ်း ဖောက်သွားတတ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် ရှိနေတုန်းလေးမှာ ချဉ်ငံစပ်လေးဘဲ ကြော်စားဖြစ်တာက များပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါလဲ ချဉ်ငံစပ် မွှေးမွှေးလေး ကြော်စားဖြစ်ပြန်ပါတယ် ထမင်းစားမိန်စေတဲ့ ဟင်းလေးဖြစ်လို့ ကြော်စားနိုင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ချဉ် - တစ်ဆယ်သားခန့်
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ အမွှာကြီးကြီး - ၂မွှာ
  4. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်သီးလုံးခြမ်းခွဲ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  6. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  7. နံနံပင် - မိမိနှစ်သက်သလောက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငံပြာရည် - အနည်းငယ်

ပြင်ဆင်ပုံ
  1. ပုဇွန်ချဉ်ထဲမှ ထမင်းများကို မစားချင်ပါက ဖယ်ထားပါ
  2. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရဆေးပြီး ခပ်ပါးပါး လှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  4. နံနံပင်နှင့် ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  5. ဆီ အရသာမှုန့် ငံပြာရည် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ
  6. ဒယ်အိုးထဲကို ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ 
  7. ဆီပူလာပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို နွမ်းရုံလေး ကြော်ပေးပါ
  8. ပြီးတာနဲ့ ငရုတ်သီးမှုန့် နှစ်မျိုးလုံးကို ထည့်ကြော်ပေးပါ
  9. ငရုတ်သီးနံ့ သင်းလာတာနဲ့ ပုဇွန်ချဉ်ထည့်ကာ မွှေပေးပါ
  10. ပြီးတာနဲ့ အရသာမှုန့် နှင့်ငံပြာရည်ကို ချင့်ချိန်ပြီး ထည့်ပေးပါ
  11. အရသာ သမသွားတာနဲ့ ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် တည်ပေးပါ
  12. ရေခမ်းပြီး ဆီပြန်လာတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  13. ပြီးတာနဲ့ ငရုတ်သီးစိမ်းကို ထည့်မွှေပေးပြီး မီးပိတ်ပေးကာ လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ ခနထားပေးပါ
  14. မီးပိတ်ပြီးမှ နံနံပင်အုပ်ကာ အရသာရှိလှသော ပုဇွန်ချဉ်ကြော် ချဉ်ငံစပ်မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

Friday 15 November 2019

ကြက်ခြေထောက် အရိုးထုတ်နည်း
















ကြက်ခြေထောက် အရိုးထုတ်နည်းလေးတွေ မက်ဆင်ဂျာကနေရော ပို့စ်အောက်မှာပါ မေးထားသူတွေအတွက် ကြက်ခြေထောက်ရိုး အဆင်သင့် မရှိတာနဲ့ အရင်ရက်တွေက လုပ်မပြနိုင်ခဲ့ပါဘူး။

ဒီနေ့မှ ဝယ်လို့ရတဲ့အတွက် ဒီနေ့ဘဲ ပြင်ဆင်ပြီး အရိုးလေးတွေ ထုတ်ထားတဲ့ အတွက် မာမာပြင်ဆင်ပြီး အရိုးထုတ်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ကြက်ခြေထောက် အရိုးထုတ်နည်းလေးက နည်းလေးသိရင် ထုတ်ရ အရမ်းလွယ်ပါတယ် နည်းမသိရင်တော့ ခက်သယောင် ထင်ရပါတယ် ပထမ တစ်ခုနှစ်ခု ထုတ်ရုံလောက်နဲ့ ခက်တယ်ထင်ပြီး ဆက်မလုပ်ဘဲ မနေပါနဲ့ ဘယ်အရာမှ လွယ်လွယ်နဲ့ မရတဲ့အတွက် စိတ်တော့ ရှည်ရပါတယ်။

စိတ်မရှည်တဲ့အခါ ကပ်ကျေးတွေရော ဓါးတွေပါ အကုန်သုံးရတဲ့အတွက် အခန့်မသင့်တဲ့အခါ လက်ကိုထိတတ်ပါတယ် ဒါကြောင့်မို့လို့ စိတ်ရှည်ဖို့တော့ မှာချင်ပါတယ်။

မာမာအခုပြောတဲ့ နည်းအတိုင်း ပြင်ဆင်ပြီး ထုတ်ရင်တော့ ဓါးခပ်သေးသေး တစ်ချောင်းနဲ့ အရည်ခွံကိုခွဲပြီး အဆစ်နဲ့ အရွတ်နေရာကို ကပ်ကျေးနဲ့ ညှပ်ပေးပြီး လက်မလေးနဲ့ တွန်းထုတ်သွားရုံပါဘဲ။

ပါဝင်ပစ္စည်းများ

  1. ကြက်ခြေထောက်ရိုး - 1 kg
  2. ရေ - လိုသလောက် သုံးပေးပါ (ကြက်ခြေထောက် ဆေးရန်)
  3. ရေ - 500 ml ( ကြက်ခြေထောက် ရေစိမ်ရန်)
  4. baking soda - 1/2 cup
  5. ရေခဲ -  4 cup
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ရေခဲထဲ့ရန်အိတ် - တစ်လုံး

ပြင်ဆင်ပုံ

  • ကြက်ခြေထောက်မှ ခြေသဲခွန်များကို အရင်ဆုံး လှီးထုတ်ပေးပါ
  • ဇောက်နက်သော အနေတော် အိုးထဲမှာ ရေ တစ်ဝက်သာသာနှင့် ဆားတို့ကို ထဲ့ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကြက်ခြေထောက်များကို ၁၀မိနစ်ခန့် ထည့်ပြုပ်ပေးပါ
  • ကြက်ခြေထောက် ရင့်ပါက ၁၅မိနစ်လောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားတုံးက ထွက်လာသော အမြှုပ်များနှင့် အဆီများကို ရေနှင့် သုံးထပ်လောက် ဆေးပေးပါ
  • ရေခဲတုံးလေးတွေကို ပလပ်စတစ် အိတ်ထဲမှာ ထဲ့ထားပေးပါ
  • ကြက်ခြေထောက်များ ဝင်ဆန့်လောက်တဲ့ ဇလုံတစ်လုံးထဲမှာ baking sodaကို ထဲ့ပေးပါ
  • Baking soda ထဲ့ထားသော ဇလုံထဲကို ရေထည့်ပေးပြီး ပျော်သွားအောင် ဖျော်ပေးပါ
  • အရည်ပျော်သွားတာနဲ့ ကြက်ခြေထောက်များကို ထဲ့ပေးကာ ကြက်ခြေထောက်ပေါ်မှာ ရေခဲအိတ်ကို တင်ပေးထားပါ
  • ရေစိမ်ထားချိန် တစ်နာရီလောက် ကြာတာနဲ့ ကြက်ခြေထောက် အရိုးထွင်ရန် အဆင်သင့် ရပါပြီ
  • ကြက်ခြေထောက် တစ်ခုကိုယူပြီး မှောက်ယက်ထားကာ ပုံမှာပြထားတဲ့အတိုင်း ခြေချောင်း လေးချောင်းစလုံး အပေါ်ဖက်မှ ဓားနှင့်အရာပေးပြီး ခွဲပေးပါ
  • ပြီးတာနဲ့ ခွဲထားသော ခွဲကြောင်းနေရာမှ လက်မနှင့်တွန်းကာ အရည်ခွံနှင့် အရိုးတစ်ခြားဆီ ရလာအောင် တွန်းထုတ်ပေးပါ
  • အရိုးထုတ်ရ လွယ်စေရန် အရိုးထဲမှ အရွတ်နှင့် အဆစ်နေရာ ရောက်တဲ့အခါ အထဲမှ အကြောလေးတွေကို ကပ်ကျေးနှင့် ညှပ်ပြီး ဖြတ်ပေးပါ
  • အကြောလေးတွေ ပြတ်သွားတာနဲ့ အရိုးအဆစ်လေးတွေကို လက်နှင့်ချိုးပြီး ကလော် ထုတ်ပေးလိုက်ပါ
  • အရိုးတစ်ခြား အရည်ခွံတစ်ခြား ဖြစ်သွားပြီ ဆိုရင် ကြက်ခြေထောက် အရည်ခွံလေးတွေ ရလာပါပြီ 
  • အထက်ပါ နည်းအတိုင်း ကြက်ခြေထောက်ရိုးများကို ကုန်သွားအောင် ထုတ်ပေးပါ။

Thursday 14 November 2019

ဥာဏ်ပွင့်ချဉ်ဖတ်











ဒီနေ့တော့ ဥာဏ်ပွင့်လေးတွေ ရလာတာနဲ့ ချဉ်ဖတ်လေးလုပ်ပြီး ငါးပိရည်ဖျော် ကောင်းကောင်းလေးနဲ့ ထမင်းမြိန်မြိန် စားနိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်။

မြန်မာပြည်မှာ ဆိုရင်တော့ လယ်ကွင်းနံဘေးနဲ့ ရေစပ်စပ် ချောင်းနံဘေး မြောင်းနေံဘး ရိုးနံဘေး နေရာတွေမှာ နေရာတွေမှာ အများဆုံး ပေါက်လေ့ ပေါက်ထရှိပါတယ်။

ပြုပ်ပြီးဘဲ တို့စားစား ချဉ်ဖတ်ဘဲ တို့စားစား စားလို့အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ ဥာဏ်ပွင့်ချဉ်ဖတ် ထဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

အချဉ်တည်ရန် ပါဝင်ပစ္စည်းများ

  1. ဥာဏ်ပွင့် - ပုံပါအထုတ် သုံးထုတ်
  2. ဆန်ဆေးရည် - 4 cups
  3. ဆား - ထမင်းစားဇွန်း ၃ဇွန်းကျော်ကျော်
  4. အအေးခံထားသော ထမင်း - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ

အချဉ်ရည်တည်ပုံ
  • ထမင်းချက်ရန် ဆေးထားသော ဆန်ဆေးရည်ကို ဇလုံသန့်သန့်ဖြင့် ထည့်ထားပါ
  • ဆန်ဆေးရည်ထဲမှာ ဆားကိုပျော်အောင် ဇွန်းနဲ့မွှေပြီး ဖျော်လိုက်ပါ
  • အငံ ခပ်လေးလေး ဖြစ်မဖြစ် လျှာနှင့် အနည်းငယ် တို့ကြည့်လိုက်ပါ
  • တော်တော်လေး ငံနေမှ ဖြစ်မှာမို့ ဆားကို ပေးထားတဲ့ နူံးအတိုင်း ထည့်ပေးပါ
  • ဆားမငံပါက အချဉ်ရည် အူလည်လည်ကြီး ဖြစ်သွားတတ်ပါတယ်
  • ဆားထည့်ပြီးတာနဲ့ အအေးခံထားသော ထမင်းကို ဆန်ဆေးရည်ထဲ ထည့်ပေးပါ( မနက်ကချက်ပြီး ညနေပိုသော ထမင်းကြမ်းဆို ပိုပြီးကောင်းပါတယ်)
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အချဉ်တည်ရန် ပုလင်းထဲသို့ ပြောင်းထည့်ပြီး အဖုံးအုပ်ကာ နေပူပူမှာ ၃ရက်လောက် လှန်းပေးပါ
  • နေပူမရပါက အခန်းအပူချိန်များသော မီးဖိုဆောင်ထဲမှာ ထားပေးပါ
  • ၃ရက်လောက်ဆို အချဉ်တည်ရန် အဆင်သင့် ဖြစ်ပါပြီ
အချဉ်ထည့်ရန်
  • ဥာဏ်ပွင့်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • အချဉ်ထည့်ခါနီး လက်ကို သန့်ရှင်းအောင် အရင်ဆုံး ဆေးထားပါ
  • အချဉ်တည်မည့် ပုလင်းထဲမှ ထမင်းများကို ဇွန်းနဲ့ခပ်ပြီး အနည်းငယ်ဘဲ ချန်ထားကာ ထမင်းများကို ဖယ်ပေးပါ
  • ထမင်းများ မဖယ်ပါက အပွင့်လေးတွေ သေးတဲ့အတွက် ထုတ်ယူတဲ့အခါမှာ ထမင်းများရောပြီး ကပ်ပါလာတတ်ပါတယ် 
  • ထမင်းများ ဖယ်ပြီးတာနဲ့ ရေစစ်ထားသော ဥာဏ်ပွင့်များကို အချဉ်ရည်ထဲစိမ်ပြီး အဖုံးအုပ်ပေးပါ
  • ပြီးတာနဲ့ နေပူထဲမှာ နှစ်ရက်လောက် ထားပြီးပါက ဥာဏ်ပွင့်ချဉ်ဖတ်ကို ရပါပြီ
  • ဥာဏ်ပွင့်ချဉ်ဖတ်ကို ငါးပိရည်ဖျော် ကောင်းကောင်းလေးနှင့် မိမိတို့ နှစ်သက်သလို အတွှိုအမြှုပ် လုပ်ပြီးစားနိုင်ပါပြီ။