Friday 17 July 2020

လှော်စာ




















လှော်စာဆိုတာ အရမ်းကြိုက်တဲ့ အစာတစ်ခုဆိုလဲ မမှားပါဘူး နာဂတောင်တန်းမှာ နေစဉ်တုန်းက ဒေသအစာ တစ်ခုဖြစ်ပေမဲ့ ရာသီဥတု အေးတဲ့အတွက် ခက်ခက်ခဲခဲလေး လုပ်ကြရပြီး ရာသီဥတုပူတဲ့ မြေပြန့်မှာဆိုရင်တော့ လုပ်ရတာ ပိုပြီးလွယ်ပါတယ်။

ယူကျူ့မှာ ကြည့်တဲ့နည်းကတော့ dried yeast ball ကို သုံးပါတယ် မာမာကတော့ dried yeast cake ကို သုံးထားပါတယ် ဆိုင်မှာမေးတော့ အတူတူဘဲလို့ ပြောပါတယ် အေးရှန်းဆိုင်မှာ ၀ယ်လို့ရပါတယ် မြန်မာပြည်မှာဆိုရင်တော့ လှော်စာ ဆေးလုံးဆိုပြီး ပရဆေးဆိုင်တွေမှာ မေးပြီးဝယ်လို့ရပါတယ်။

လှော်စာလုပ်တဲ့နေရာမှာ သုံးတဲ့အိုးခွက်တွေနဲ့ ကောက်ညှင်းကို ကိုင်တဲ့အခါမှာ လက်ကိုတော့ အရမ်းသန့်ရပါတယ် ဆီတွေပေနေတဲ့ လက်နဲ့လုပ်ရင်တော့ လှော်စာမဖြစ်ဘဲ လှော်စာက ပျက်သွားတတ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ လှော်စာလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - 500 ml
  2. ရေ - 500 ml (ကောက်ညှင်းချက်ရန်)
  3. ရေသန့် - 250 ml (ဆားရည်ဖျော်ရန်)
  4. ရေ - 500 ml (သကြားရည်ကျိုရန်)
  5. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  6. dried yeast ball - 22 g (တစေး သို့ လှော်စာဆေးလုံး)
  7. သကြား - 240 ml (သကြားရည်ကျိုရန်)
  8. လှော်စာဖောက်ရန်ဇလုံ - တစ်ခု
  9. Glad wrap - လိုသလောက် သုံးပေးရန်

ပြင်ဆင်ပုံ
  1. လှော်စာဖောက်ရန် လိုအပ်တာတွေကို အဆင်သင့် ပြင်ထားပေးပါ
  2. ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေသုံးနာရီလောက် စိမ်ပေးကာ ရေစစ်ထားပါ
  3. ရေစစ်ထားသော ကောက်ညှင်းဆန်500 mlကို ရေ 500 mlနှင့်  ထမင်းပေါင်းအိုးထဲ ထည့်ကာ ချက်ပေးပါ
  4. မိမိအသုံးပြုသော ကောက်ညှင်းဆန်အပေါ် မူတည်ပြီး ရေကို အတိုးအလျှော့ လုပ်ပေးပါ
  5. ချက်ပြီးသော ကောက်ညှင်းသည် မပျော့လွန်း မမာလွန်း အနေအထား ရနေရပါမယ်
  6. ချက်ထားသော ကောက်ညှင်းကျက်ပါက မီးပိတ်ပြီး ၁၀မိနစ်ခန့် နှပ်ထားပါ
  7. ပြီးမှ ပန်းကန်ပြား တစ်ချပ်ထဲ ဖြန့်ထည့်ကာ အအေးခံထားပါ
  8. ဆား ကို ရေသန့်နှင့်ရောကာ ပျော်အောင်ဖျော်ထားပါ
  9. Dried yeast ball ကို ကျေသွားအောင် ထုချေပြီး ဇကာခပ်စိတ်စိတ်နှင့် စစ်ထားပါ
  10. လှော်စာဖောက်မည့် ဇလုံကို သန့်နေအောင် ဆေးပေးပြီး အခြောက်ခံထားပါ
လှော်စာပြုလုပ်ပုံ
  • အအေးခံထားသော ကောက်ညှင်းပန်းကန်ထဲ လှော်စာဆေးလုံး (သို့) တဆေးမှုန့်များ ဖြန့်ထည့်ပါ
  • ပြီးတာနဲ့ ကောက်ညှင်းနှင့် တဆေးအမှုန့်များ သမသွားအောင် တူသန့်သန့်နှင့် နယ်ပေးပါ
  • ကောက်ညှင်းနှင့် တဆေးမှုန့်များ သမသွားပါက ဆားရည်၈ဇွန်းကို ဖြန့်ထည့်ပေးကာ ခပ်ဖွဖွ နယ်ပေးပါ
  • ပြီးတာနဲ့ လက်ကိုဆားရည်နှင့်စွတ်ပြီး ကောက်ညှင်းကို အလုံးလေးတွေ ခပ်ဖွဖွ လုံးပေးပါ
  • အလုံးလေးတွေ လုံးပြီးတာနဲ့ လှော်စာဖောက်မည့် ဇလုံထဲကို စီပြီးထည့်ပေးပါ
  • ကောက်ညှင်း အလုံးလေးတွေ အပေါ်ကို ဆားရည် ထမင်းစားဇွန်း နှစ်ဇွန်းခန့်ဆီ လိုက်ပြီးဖြူးပေးပါ
  • ပြီးတာနဲ့ လေလုံစေရန် glad wrap ဖြင့် လုံနေအောင် အုပ်ပေးပါ
  • ရာသီဥတုအပေါ် မူတည်ပြီး ရက်အတိုးအလျှော့ ရှိနိုင်ပေမဲ့ ပုံမှန်အပူချိန်ဆိုရင် သုံးရက်လောက်နေရင် ကစော်ဖောက်လာပါပြီ
  • ထည့်ထားသော ဗူးကို ဖွင့်လိုက်တာနဲ့ လှော်စာနံ့သင်းသင်းလေး ရပြီဆိုရင် စားဖို့ပြင်နိုင်ပါပြီ
  • မာမာတို့ဆီမှာတော့ ရာသီဥတုက သုံညဒီဂရီ ဖြစ်နေချိန်ဆိုတော့ oven ထဲထည့်ပြီး လေးညနဲ့ နေ့တစ်ဝက်ထားမှ ကစော်ပေါက်ပါတယ်
သကြားရည်ကျိုရန်
  1. သကြား - 120 ml
  2. ရေ သန့် - 500 ml
အိုးသန့်သန့်တစ်လုံးမှာ သကြားနှင့်ရေကိုရောကာ ပျော်တယ်ဆိုရုံလေး ကျိုပေးပြီး အအေးခံထားပါ
သကြားရည် အေးတာနဲ့ လှော်စာထည့်ထားသော ဗူးထဲကို ဘေးဘက်မှနေ၍ အသာလေး လောင်းထည့်ကာ glad wrapဖြင့်အုပ်ကာ တစ်နာရီလောက် ထားပြီးရင် စားသုံးရန် အသင့်ဖြစ်သော လှော်စာကို ရပါပြီ
ပိုနေသော လှော်စာကို ရေခဲသေတ္တာထဲမှာ ၅ရက်လောက်အထိ ထားပြီး စားနိုင်ပါတယ်။

လှော်စာလုပ်ရာမှာ အသုံးပြုသောပစ္စည်းများ လက်နှင့် လှော်စာထည့်မည့် ဗူးတို့မှာ သန့်ပြန့်သော ပ္စည်းများ ဖြစ်ရပါမယ်
ပထမဦးဆုံးအကြိမ် စမ်းလုပ်တာဆိုရင် အခုပေးထားသော အချိုးးအစား တစ်ဝက်လောက်ကိုဘဲ စမ်းလုပ်စေချင်ပါတယ်။

No comments:

Post a Comment