Tuesday 29 January 2019

မတ်ပဲကြော် မွမွလေး








အရင်ဦးဆုံး marmarskitchen.blogspot.com မှာ mmlazp.blogspot.com နံမည်နဲ့ ပုံလေးတွေတင်တဲ့အခါ တစ်မျိုး မထင်ကြစေချင်ပါဘူးရှင် နှစ်ခုလုံးက မာမာ့ရဲ့ blog လေးတွေပါဘဲ အရင် mmlazp.blogspot.com က ဝင်လို့မရတော့တဲ့အတွက် blog အသစ်ဖွင့်လိုက်ရခြင်း မျှသာပါ။

ဒီတစ်ခါတော့ သမီးငယ်လေး ကျောင်းကိုမပြန်ခင် သူစားရအောင် မတ်ပဲကြော်လေးတွေ ကြော်ဖြစ်တဲ့အတွက် လွယ်မယောင်နဲ့ခက်တဲ့ မတ်ပဲကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • မတ်ပဲ - 1 cup
  • ကြက်သွန်နီ လှီးပြီးသား - ထမင်းစားဇွန်း ၅ဇွန်းစာ
  • ပျဉ်တော်သိမ်းရွက် - ထမင်းစားဇွန်း ၃ဇွန်းစာ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - 1 1/2 cups
  • ရေ -ထမင်းစားဇွန်း ၄ဇွန်းခန့်
ပြင်ဆင်ပုံ
  • မတ်ပဲကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ၅နာရီခန့် ရေစိမ်ပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ပျဉ်းတော်သိမ်းကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ရေစိမ်ထားသောပဲကို ရေစစ်ပြီး ကြိတ်စက်ထဲထည့်ပြီး အရင်ဆုံး တမိနစ်လောက် ကြိတ်လိုက်ပါ
  • တမိနစ်လောက် ကြိတ်ပြီးတာနဲ့ စက်ကိုခနနားပြီး ကြိတ်စက်ထဲမှ ပဲများကို ဇွန်းဖြင့် အထက်အောက် မွှေပေးပြီး ဘေးမှာကပ်နေတာတွေ ခြစ်ချပေးပါ
  • ပြီးတာနဲ့ ရေ ထမင်းစားဇွန်း တဇွန်း ထည့်ကာ တမိနစ် ဆက်ပြီးကြိတ်ပေးပါ
  • တမိနစ်ပြည့်တာနဲ့ စက်ခနရပ်ပြီး ကြိတ်စက်ထဲက ပဲများကို အထက်အောက် လှန်ကာ ဘေးမှာ ကပ်နေတာတွေ ခြစ်ချပေးပါ
  • နောက်ထပ် ရေထမင်းစားဇွန်း တဇွန်းထည့်ပြီး နောက်ထပ် တမိနစ် ထပ်ကြိတ်ပေးပါ
  • ရေ ထမင်းစားဇွန်း လေးဇွန်းလောက် ကုန်အောင် ကြိတ်ပေးပြီး ပဲများချောမွတ်စွာ ကျေသွားစေရန် နောက်ထပ် ၃မိနစိလောက် ထပ်ကြိတ်ပေးပါ
  • ပဲကြိတ်ပြီးပြီဆိုတာနဲ့ ဇလုံတခုထဲ ပြောင်းထည့်ကာ ဆား ကြက်သားမှုန့် နံနံပင် ချင်းနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ ပဲကိုလေခိုလို့ကောင်းစေမည့် မွှေတံဖြင့် လက်သန်ရာဘက်သို့ အနည်းဆုံး ၂မိနစ်ဆက်တိုက် မွှေပေးပါ
  • ပဲကြော်ရန်အတွက် လေခိုမှု လုံလောက်တာကို သိစေရန် ရေထည့်ထားသော ဇလုံထဲသို့ ကြိတ်ပြီးသားပဲကို အနည်းငယ်ယူပြီး ထည့်ကြည့်ပါက ရေပေါ်ပေါ်လာလျှင် ကြော်ရန်အဆင်သင့် ဖြစ်ပါပြီ။
မတ်ပဲကြော်ရန်
  • မတ်ပဲကြော်ရန် ပဲအရသာနယ်ကို အဆင်သင့် ပြင်ထားပါ
  • လက်ကိုရေစွတ်ရန် ရေဇလုံသန့်သန့် တခုပြင်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးထဲ ဆီထည့်ပြီး  အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအလယ်လောက်ထိ လျှော့ပေးပါ
  • လက်ကိုရေစွတ်ရန် ရေဇလုံသန့်သန့် ဇလုံထဲမှာ လက်ကိုနှစ်ကာ ရေစွတ်လိုက်ပါ
  • လက်ကို ရေစွတ်ပြီး ရေများ စိုစွတ်စွာ ပါမလာစေရန် လက်ကိုခါပေးပြီးမှ ပဲအနှစ်ကို အကြော်တခုစာ ယူလိုက်ပါ
  • ပဲအနှစ်ကို လက်ဝါးပေါ်တင်ပြီး အနည်းငယ်ဖြန့်ကာ လက်မနှင့် အလယ်တည့်တည့်ကို ဖောက်ပေးပြီးမှ ဆီပူအိုးထဲကို အသာလေး လျောချပေးပါ
  • အထက်ပါနည်းအတိုင်း ပဲအနှစ်များကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ပဲကြော်နေစဉ် တဖက်က ရွှေဝါရောင် သန်းလာပါက တဖက်သို့လှန်ပေးကာ နောက်တဖက်ကို ဆက်ကြော်ပေးပါ
  • အကြော်တခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နှစ်သက်သလို စားသုံးနိုင်သော မတ်ပဲကြော် မွမွလေးရပါပြီ။

Monday 28 January 2019

အသီးအရွက် ကြက်ဥမွှေကြော်











အသားတွေ မစားချင်တဲ့နေ့ဆို ကြက်ဥဖက် တစ်ခါလှည့်ကာ ဘယ်လိုချက်ရင်ကောင်းမလဲ စဉ်းစားနေရင်း စိတ်ထဲပေါ်လာတဲ့ အသီးအရွက်တွေထည့်ကာ ကြော်စားရတဲ့ အရသာကလဲ တစ်မျိုးကောင်းနေပြန်တော့ မာမာကြော်တဲ့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ - ၃လုံး
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၁လုံး 
  • ကြက်သွန်နီ - အနေတော် ၁ဥ
  • မုံလာဥနီ - အနေတော် တစ်ဥ
  • ကြက်သွန်မိတ် - ၁၀ပင်ခန့်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အောက်ခြေမကပ်သော ဒယ်အိုး - ခပ်ကြီးကြီး တစ်လုံး
ပြင်ဆင်ပုံ
  • ကြက်ဥကိုနနွင်းမှုန့် ဆား အရသာမှုန့်တို့ထည့်ပြီး ပွလာအောင် ခလောက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းကာ ပုံပါအတိုင်း ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ပုံပါအတိုင်း ခပ်ပါးပါး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ပုံပါအတိုင်း ခပ်နုတ်နုတ် လှီးထားပါ
  • မုံလာဥနီကို အခွံခွာကာ ရေဆေးပြီး ပုံပါအတိုင်း ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြက်ဥခလောက်ထားသော ပန်းကန်ထဲကို လှီးထားသော အသီးအရွက်းများ ထည့်ပြီးမွှေပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပေးပါ
  • ဆီအငွေ့တက်လာပါက မီးကို နံပါတ်၂လောက်အထိ လျှော့ပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီများနှံ့သွားအောင် လက်ကိုင်ကိုင်းမှကိုင်ပြီး အိုးကိုဝှေ့ပေးပါ
  • ဆီများနှံ့သွားတာနဲ့ ခလောက်ထားသော ကြက်ဥနှင့်အသီးအရွက်များကို လောင်းထည့်ပေးပါ
  • အသီးအရွက်များ အကျက်မြန်စေရန် ဒယ်အိုးကို အဖုံးဖုံးပေးပါ
  • အသီးအရွက်များ နွမ်းလာပြီး ကြက်ဥကျက်လာတာနဲ့ မီးကိုပိတ်ပေးပြီး မီးဖိုအပူရှိန်အတိုင်း အိုးကိုတင်ပေးထားပါ
  • ပြီးတာနဲ့ မွှေးမွှေးအိအိ အသီးအရွက် ကြက်ဥမွှေကြော်လေးကို  စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Sunday 27 January 2019

ငရုတ်ရွက်သုပ်


ငရုတ်ပင်

ငရုတ်ရွက်များ

ပြုပ်ပြီးရေဆေးထားပါ

ပြင်ဆင်ပေးပါ

ငရုတ်ရွက်သုပ်

ဒီနေ့တော့ ငရုတ်ပင်က ငရုတ်ရွက်တွေခူးပြီး ချဉ်ငံစပ် အသုပ်လေး သုပ်စားဖြစ်ပါတယ် လက်ဖက်ရွက်ထက် စားလို့ကောင်းလွန်းတဲ့အတွက်  ငရုတ်ရွက်လေးတွေ အဆင်သင့်ရှိနေရင် သုပ်စားနိုင်အောင် မာမာသုပ်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

နူးညံ့ပြီး စားလို့လဲ အရမ်းကောင်းပါတယ် မာမာကတော့ ထမင်းနဲ့မစားဘဲ ရေနွေးကြမ်းလေးနဲ့ အမြည်းလုပ်လိုက်ပါတယ် အိမ်မှာငရုတ်ပင်လေးလဲရှိနေမယ် အရွက်တွေလဲ လှိုင်နေမယ်ဆိုရင်တော့ အရွက်အနုရော ခပ်ထွေထွေ အရွက်လေးတွေပါခူးပြီး ၂ရည်လောက်ပြုပ်ပြီး သုပ်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရွက်များ ခြွေထားသော ငရုတ်ရွက် - အနေတော် ဇကာတလုံး
  • နှမ်းလှော် - ထမင်းစားဇွန်း တဇွန်း
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း ၂ဇွန်း
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • သံပုရာရည် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ငရုတ်ရွက်ကို ရေစင်အောင်ဆေးပြီး ၂မိနစ်ပြုပ်ကာရေသွန်ပြီး နောက်ထပ်၂မိနစ်ထပ်ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ငရုတ်ရွက်ပြုပ် ကြက်သွန်နီ နှမ်းလှော် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သံပုရာသီးနံ့မွှေးမွှေးနဲ့ ငရုတ်ရွက်သုပ်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Saturday 26 January 2019

မုန့်ကျွဲသည်း ချိုချိုစိမ့်စိမ့်လေး



အရင်ဦးဆုံး marmarskitchen.blogspot.com မှာ mmlazp.blogspot.com နံမည်နဲ့ ပုံလေးတွေတင်တဲ့အခါ တစ်မျိုး မထင်ကြစေချင်ပါဘူးရှင် နှစ်ခုလုံးက မာမာ့ရဲ့ blog လေးတွေပါဘဲ အရင် mmlazp.blogspot.com က ဝင်လို့မရတော့တဲ့အတွက် blog အသစ်ဖွင့်လိုက်ရခြင်း မျှသာပါ။

မြန်မာမုန့်လေးတွေ စားချင်တိုင်း အမျိုးမျိုး ကြိုးစားပြီး လက်တည့်စမ်းကြည့်ရပါတယ် အဆင်ပြေတာတွေ ရှိသလို အဆင်မပြေတာတွေလဲ အများကြီး ကြုံရတတ်ပါတယ်။

မုန့်လုပ်တဲ့အခါ အဆင်ပြေသွားရင်တော့ မြန်မာမုန့် ကောင်းကောင်းလေး စားရတော့မယ်ဆိုပြီး ပျော်ရသလို မုန့်သားပျက်သွားတဲ့ အခါမျိုးဆိုရင်တော့ လွှင့်ပြစ်လိုက်ရရင် သမျှောစရာပေါ့ရှင်။

အခုမာမာရေးပေးတဲ့ အချိုးအစားက အချိုအရသာ နည်းနည်းပိုပါတယ် အချိုအရသာ မကြိုက်ရင်တော့ သကြားအညို (သို့) ထန်းလျှက်ခဲကကို ထမင်းစားဇွန်း နှစ်ဇွန်းလောက် လျှော့ပြီး လုပ်နိုင်သလို အချိုကြိုက်ရင်တော့ အချိုကို ပိုထည့်လို့ ရပါတယ်။

မုန့်လုပ်တဲ့အထဲမှာ သံပုရာရည် ထည့်တာကတော့ သံပုရာရည်ထည့်ရင် မုန့်ချဉ်သွားမလား ထင်မည့်သူတွေအတွက်ပါ တစ်ခါထဲ ပြောပြပါမယ် မုန့်အရသာ ချဉ်မသွားဘဲ သံပုရာရည် ထည့်ခြင်းကြောင့် မုန့်ထဲမှာ သကြားချိုးမကပ်အောင် ထည့်ခြင်းဖြစ်ပါတယ် ဒီနည်းလေးကိုလဲ ဗီယက်နမ် မုန့်လုပ်နည်းတွေမှာ တွေ့တဲ့အတွက် ထည့်ထားခြင်း ဖြစ်ပါတယ်။

သံပုရာရည် မထည့်ချင်ရင်တော့ မကပ်တဲ့ အိုးကောင်းကောင်းနဲ့ မုန့်ကျိုပေးရင် ရပါတယ် ကပ်တဲ့အိုးနဲ့ဆိုရင်တော့ သကြားနဲ့မုန့်သား ချိုးကပ်တာနဲ့တင် မုန့်လဲနည်းနည်းဘဲ ရမှာဖြစ်သလိုချိုးကပ်နံ့ကြောင့် မုန့်အရသာလဲ ပျက်သွားမှာ ဖြစ်ပါတယ်။

ထုံးရည်ကြည် ထည့်ရတာကတော့ မုန့်သားမာမာ တင်းတင်းလေး ရလာအောင် ထည့်ပေးရခြင်း ဖြစ်ပါတယ် ထုံးအရည်ကြည် ခံထားတာ ပိုနေပါက သွန်ပပြစ်ဘဲ သိမ်းထားပါ နောက်တခါ မုန့်လုပ်စားတဲ့အခါ ပြန်သုံးလို့ရပါတယ်။

နောက်တခုက မုန့်လုပ်တဲ့အခါမှ အောက်ခြေမကပ်ဘဲ အိုးအသားထူတဲ့ အိုးကိုသုံးပါ မွှေလို့ကောင်းတဲ့ သစ်သားယောင်းမ အရှည်ကို သုံးပေးရင် မုန့်လုပ်ရတာ အရမ်းအဆင်ပြေပါတယ်ရှင်။

ဒီတခါတော့ မုန့်ကျွှဲသည်းလေး လုပ်ကြည့်တာ နှစ်ကြိမ်မြောက်မှာ အောင်မြင်သွားလို့ ချိုချိုစိမ့်စိမ့် မုန့်ကျွဲသည်းလုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  • ပီလောပီနံမှုန့် - ထမင်းစားဇွန်း လေးဇွန်းအတိ
  • ထန်းလျှက်ခဲ - ဆယ်ငါးကျပ်သားခန့် (သို့မဟုတ်) 
  • သကြားအညို - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းတိတိ
  • သံပုရာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူး
  • ထုံးရည်ကြည် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  • ဆီ - အနည်းငယ် (မုန့်သားထည့်မည့် ဗူးနှင့်ဓါးကို သုပ်ပေးရန်)
  • မုန့်သားထည့်ရန် - ဗန်း (သို့) ဗူး အနေတော်တစ်ခု
  • အုန်းသီးမှုန့်အစို - မိမိနှစ်သက်သလောက် (သို့မဟုတ်)
  • အုန်းသီး အခြောက်မှုန့် - မိမိနှစ်သက်သလောက် 
  • ဇောက်နက်ပြီး အိုးအသားထူကာ အောက်ခြေမကပ်သောအိုး - တစ်လုံး
  • မွှေလို့ကောင်းသော သစ်သားယောင်းမ - တစ်ချောင်း
  • အပူခံနိုင်သော ပလပ်စတစ်ဗူး - တစ်ဗူး
အုန်းသီးအခြောက်ကို ပျော့သွားအောင် နှပ်ပေးရန်
  1. အုန်းသီးအခြောက်မှုန့်ကို သုံးမည်ဆိုပါက အုန်းသီးအခြောက်မှုန့် မိမိနှစ်သက်သလောက်ကို ရေနွေးပူပူ အနည်းငယ်ထည့်ပြီး အုန်းသီးခြောက် ပျော့သွားအောင် နှပ်ထားပေးပါ။
ထုံရည်ကြည်စိမ်ရန်
  1. ကွမ်းစားထုံး ထမင်းစားဇွန်း တဇွန်းကို ဗူးတခုထဲထည့်ပြီး ရေထမင်းစားဇွန်း ၅ဇွန်းနှင့်ဖျော်ထားပါ
  2. တညသိပ်လောက် ထားပြီးပါက အပေါ်ယံ အရည်ကြည် တက်လာသော ထုံးရည်ကြည်ကို သုံးပါမယ်။
  3. ပိုနေသော ထုံးရည်​ကြည်​များကို နောက်​တခါ ပြန်​သုံးလို့ရအောင်​ သိမ်းထားပါ
ပြင်ဆင်ပုံ
  1. ဆန်မှုန့်နှင့် ပလောပီနံမှုန့်ကို ဇလုံထဲထည့်ပြီး ရေပေါင်းအိုးဆန်​ချင်​ဗူး လေးဗူးနှင့် ပျော်သွားအောင် မွှေတံနှင့် ဖျော်ထားပါ
  2. ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  3. မုန့်သားထည့်မည့် ဗူး (သို့) ဗန်းကိုဆီသုတ်ထား
  4. ဇောက်နက်ပြီး မကပ်သော အိုးကြီးကြီး တလုံးထဲမှာ ဆား ထန်းလျှက်နှင့် ရေ ပေါင်းအိုးဆန်​ချင်​ဗူး နှစ်​ဗူးထည့်ကာ အပူပေးပြီး ဆူအောင်ကျိုပေးထားပါ
  5. ထန်းလျှက်ပျော်လာတာနဲ့ ထန်းလျှက်ထဲမှ အမှိုက်များကို ပိတ်စပါးပါးလေးနှင့် စစ်ပေးပါ
  6. ပြီးတာနဲ့ ထန်းလျှက်ရည် ကျိုသော အိုးထဲကို ထန်းလျှက်ပြန်ထည့်ပေးပါ
  7. ပြီးတာနဲ့ မီးဖိုပေါ် ပြန်တင်ပေးပြီး ဆန်မှုန့်ရေဖျော်ထားတာကို ထည့်မွှေပေးပါ
  8. ပြီးတာနဲ့ ထုံရည်ကြည်နှင့် သံပုရာရည်တို့ကို ထည့်ပေးပြီး အဆက်မပြတ် မွှေပေးပါ
  9. မွှေနေရင်းက မုန့်နှစ်ရည် ပိုပြီးပြစ်လာခဲ့ရင် ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူးနှစ်ဗူး ထပ်ထည့်ပေးပြီး မုန့်သားပျစ်လာတဲ့အထိ ဆက်မွှေပေးပါ
  10. မုန့်သားနောက်တခါ ထပ်ပြစ်လာတာနဲ့ ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး ထပ်ထည့်ပြီး မွှေပေးပါ
  11. မွှေနေရင်းက မုန့်သားပျစ်လာပြီး မုန့်သားအရောင် ကြည်လာပြီဆိုရင် ဆီသုတ်ထားသော ဗူး (သို့) ဗန်းထဲကို သွန်ထည့်ပေးပါ
  12. မုန့်သားကို ညီအောင်ညှိပေးပြီး အအေးခံပေးပါ
  13. မုန့်သားအေးလာပြီဆိုမှ ဓါးကိုဆီသုတ်ပေးကာ မိမိနှစ်သက်သလို လှီးပေးပါ
  14. လှီးထားသော မုန့်ကျွဲသည်းကို ပန်းကန်​တစ်ချပ်​ထဲထည့်ပြီး အုန်းသီးမှုန့် ဖြူးပေးကာ မုန့်ကျွဲသည်းမုန့် ချိုစိမ့်စိမ့် မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။
  15. မုန့်ကျိုချိန် စုစုပေါင်းပျှမ်းမျှ မိနစ်၂၀လောက် ကြာပါမယ် အသုံးပြုသော မီးအနေအထားအပေါ် မူတည်တဲ့အတွက် မုန့်သားကျိုချိန် အနည်းငယ် ကွာခြားနိုင်ပါတယ်။

Friday 25 January 2019

ပဲကောက်ညှင်း ဆွမ်းမွှေးပြန်ပေါင်း



















တစ်နေ့တစ်နေ့ မနက်စောစောစာ ဘာလုပ်စားရင် ကောင်းမလဲ စဉ်းစားနေရင်းက ကုလားပဲခြမ်းထုတ်လေး တွေ့တာနဲ့ ကောက်ညှင်းပြန်ပေါင်းလေး ပေါင်းစားချင်စိတ် ပေါက်သွားမိတယ်။

ဒီတော့လဲ နောက်နေ့မနက်အတွက် လိုတာတွေ ပြင်ဆင်ပြီး ညအိပ်ယာ မဝင်ခင် ကောက်ညှင်းဆန်နဲ့ပဲကို ရေစိမ်ပြီး နောက်နေ့မနက်မှာ ပြန်ပေါင်လေးပေါင်းဖို့ ပြင်ရပါတယ် ပေါင်းတယ်ဆိုပေမဲ့ မာမာကတော့ ထမင်းပေါင်းအိုးနဲ့ဘဲ ချက်ထားပါတယ်ရှင်။

ကောက်ညှင်းပေါင်းနည်း ပုံလေးတွေကိုတော့ အရင်မာမာ့ရဲ့  blog mmlazp.blogspot.com မှာ တင်ဖို့လုပ်ထားပေမဲ့ blog ထဲ ဝင်လို့မရတော့အတွက် အခု marmarskitchen.blogspot.com အသစ်မှာဘဲ တင်လိုက်ပါတယ်ရှင်။

ငှက်ပျောရွက်ရှိရင် ငှက်ပျောရွက်နဲ့ ပေါင်းနိုင်သလို မာမာကတော့ ဆွမ်းမွှေးရွက်တွေ ရှိနေတာနဲ့ ဆွမ်းမွှေးရွက်လေးတွေရယ် အုန်းသီးဖတ်လေးတွေရယ်နဲ့ ပေါင်းတဲ့အတွက် အရမ်းကို စားလို့ကောင်းလွန်းလို့ ကောက်ညှင်းပြန်ပေါင်း ပေါင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  1. ကောက်ညှင်းဆန် - ၃ ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  2. ကုလားပဲခြမ်း - ၁ ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  3. ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  4. သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  5. ဆီ - ထမင်းစားဇွန်း ၂ ဇွန်း ခွဲ
  6. အုန်းသီးခြစ်ပြီးသား - မိမိနှစ်သက်သလောက်
  7. ဆွမ်းမွှေးရွက် - ၂ရွက်
  8. ငါးခြောက် - မိမိနှစ်သက်သလောက်
  9. ပဲဆီစိမ်း - လိုသလောက် (ငါးခြောက်ဆီစိမ်ရန်)
ပြင်ဆင်ပုံ

  1. ကောက်ညှင်းဆန်ကို ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေ၉နာရီခန့် ရေစိမ်ထားပါ
  2. ကုလားပဲခြမ်းကိုလဲ ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ၉နာရီခန့် ရေစိမ်ထားပါ 
  3. အုန်းသီးခြစ်ပြီးသားကို ပြင်ထားပါ (မာမာကတော့ အုန်းသီးမှုန့် အခြောက်ကို သုံးပါတယ်)
  4. ဆွမ်းမွှေးရွက်ကို ရေဆေးပြီး ထက်ဝက်ပိုင်းထားပါ
  5. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  6. ငါးခြောက်ကို ပဲဆီစိမ်းနှင့် စိမ်ထားပါ
  7. ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ရေနှင့် ခပ်ဖွဖွ နယ်ဆေးကာ ရေများသွန်ပြီး ရေစစ်ထားပေးပါ
  8. ရေစိမ်ထားသော ကုလားပဲခြမ်းကိုလဲ ရေနှင့်ခပ်ဖွဖွ နယ်ဆေးကာ ရေများသွန်ပြီး ရေစစ်ပေးပါ
  9. အားလုံး အဆင်သင့် ဖြစ်တာနဲ့ ထမင်းပေါင်းအိုးထဲကို ရေစစ်ထားသော ကောက်ညှင်းဆန် ကုလားပဲ သကြား ဆီ ဆားနှင့် ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးခွဲတို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
  10. အားလုံး သမသွားတာနဲ့ ပေါင်းအိုးခလုတ်ကို နှိပ်ပေးပြီး ထမင်းချက်သလို ချက်ပေးပါ
  11. မာမာကတော့ ၄၅မိနစ်ကြာတဲ့ ခလုတ်ကိုနှိပ်ပြီး ချက်ပါတယ်
  12. မိမိအိမ်မှာရှိတဲ့ ထမင်းပေါင်းအိုးနဲ့ အဆင်ပြေသလို ချက်နိုင်ပါတယ်
  13. ၄၅မိနစ်ပြည့်လို့ ကောက်ညှင်းကျက်တာနဲ့ အုန်းသီးဖတ်များကို ကောက်ညှင်းအပေါ်မှာ ဖြူးပေးပါ
  14. ပြီးတာနဲ့ ဆွမ်းမွှေးရွက်ကို အုန်းသီးဖတ်အပေါ်မှ စီပြီးအုပ်ပေးကာ ထမင်းပေါင်းအိုးကို ပြန်ဖုံးပြီး ၈မိနစ်မှ ၁၀မိနစ်ခန့် နှပ်ထားပေးပါ
  15. ဆွမ်းမွှေးရွက်အနံ့ လေးနှင့် အုန်းသီးအနံ့ လေးပါ မွှေးနေတဲ့ ကောက်ညှင်း ပြန်ပေါင်းလေးကို ဒီအတိုင်း အစိမ့်လေးဘဲစားစား ငါးခြောက်ဆီစိမ်လေးနဲ့ဘဲစားစား မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
  16. မာမာကတော့ ငါးခြောက်ကို ပဲဆီစိမ်း စိမ်ထားတာနဲ့ တွဲဖက်ပြီး စားပါတယ်။

Thursday 24 January 2019

နွားနို့ယို စိမ့်စိမ့်လေး










ငယ်ငယ်တုန်းက အမေမကြာမကြာ လုပ်ကျွေးနေကျ နွားနို့ယိုလေး စားချင်လာတာနဲ့ ဒီနေ့လုပ်ဖြစ်သွားပါတယ် မောင်နှစ်မတွေများတော့ ယိုထိုးပြီးတာနဲ့ တစ်ယောက်ကို နည်းနည်းလေးဘဲ စားခွင့်ရပေမဲ့ အရသာကိုတော့ ဒီနေ့ထိ မမေ့ခဲ့ပါဘူး။

ဒါကြောင့်မို့လို့ စားမဲ့သူ များမယ်ဆိုရင်တော့ မာမာရေးပေးထားတဲ့ အချိုးအတိုင်း နွားနို့ကို လေးလီတာလောက် ကျိုပေးပါ တစ်လီတာဘဲ ကျိုရင်တော့ ၂ယောက်လောက်ဘဲ စားလို့ရပါမယ်။

အမေက ကျောင်းဆရာမကလဲဖြစ်ပြီး အချက်အပြုပ်ကလဲ ဝါသနာကြီးသလောက် အမေချက်တဲ့ဟင်းနဲ့ အမေလုပ်တဲ့မုန့်တွေက အရမ်းကို စားလို့ကောင်းပါတယ် နွားနို့ယိုလေးထိုးရင်းက အမေ့ကို သတိတရနဲ့ လွမ်းမိသွားပြန်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နွားနို့ယိုထိုးနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. နွားနို့ - ၁ လီတာ (full cream )
  2. သကြားအဖြူ - ၅၀ ဂရမ် (အချိုမကြိုက်ပါက လျှော့ထည့်ပါ)
  3. ထောပတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဇောက်နက်ပြီး အောက်ချေမကပ်သောအိုး 
  5. သစ်သားယောက်မ (သို့မဟုတ် ) ရာဘာယောက်မ

ပြင်ဆင်ပုံ
  1. ဇောက်နက်ပြီး အိုးအသားထူကာ အောက်ချေမကပ်သော အိုးတစ်လုံးထဲမှာ နွားနို့ကို ထည့်ပေးကာ မီးအေးအေးဖြင့် တည်ပေးပါ
  2. နွားနို့အိုး တည်ထားစဉ် ပွက်ပွက်ဆူလာပါက ဝေမကျစေရန်နှ်င့် အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  3. မွှေပေးနေရင်း နွားနို့ရဲ့ သုံးပုံတစ်ပုံခန့် အရည်များ ခမ်းလာချိန်မှာ သကြားကို ထည့်ပြီးမွှေပေးပါ
  4. နွားနို့အရည်မျာကိုး  သုံးပုံနှစ်ပုံလောက်အထိ ခမ်းလာအောင် တည်ပေးပါ
  5. နွားနို့များ တော်တော်လေး ပြစ်လာပြီး အရောင်အနည်းငယ် ညိုရောင်ရောင်လေး သန်းလာပါက ထောပတ်ထည့်ပြီး သမအောင် မွှေပေးပါ
  6. ခပ်ပျော့ပျော့လေး ကြိုက်ပါက နွားနို့ကို ခပ်ကျဲကျဲအနေအထားမှာ မီးပိတ်ပေးပါ
  7. ခပ်ပျစ်ပျစ်လေး နှစ်သက်ပါက ရေခမ်းတဲ့အထိ မွှေပေးပါ
  8. ထောပါတ်ဆီများ နွားနို့ထဲမှာ ပျော်သွားပြီး တော်တော်လေး ပြစ်သွားပါက မီးပိတ်ပေးပါ
  9. ပြီးတာနဲ့ နွားနို့ယိုအိုးကို သမအောင် ထပ်မွှေပေးကာ အအေးခံထားပါ
  10. နွားနို့ယို အေးသွားပါက ချိုစိမ့်စိမ့်လေးနဲ့ မွှေးနေတဲ့ နွားနို့ယိုကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။