Tuesday 29 January 2019

မတ်ပဲကြော် မွမွလေး








အရင်ဦးဆုံး marmarskitchen.blogspot.com မှာ mmlazp.blogspot.com နံမည်နဲ့ ပုံလေးတွေတင်တဲ့အခါ တစ်မျိုး မထင်ကြစေချင်ပါဘူးရှင် နှစ်ခုလုံးက မာမာ့ရဲ့ blog လေးတွေပါဘဲ အရင် mmlazp.blogspot.com က ဝင်လို့မရတော့တဲ့အတွက် blog အသစ်ဖွင့်လိုက်ရခြင်း မျှသာပါ။

ဒီတစ်ခါတော့ သမီးငယ်လေး ကျောင်းကိုမပြန်ခင် သူစားရအောင် မတ်ပဲကြော်လေးတွေ ကြော်ဖြစ်တဲ့အတွက် လွယ်မယောင်နဲ့ခက်တဲ့ မတ်ပဲကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • မတ်ပဲ - 1 cup
  • ကြက်သွန်နီ လှီးပြီးသား - ထမင်းစားဇွန်း ၅ဇွန်းစာ
  • ပျဉ်တော်သိမ်းရွက် - ထမင်းစားဇွန်း ၃ဇွန်းစာ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - 1 1/2 cups
  • ရေ -ထမင်းစားဇွန်း ၄ဇွန်းခန့်
ပြင်ဆင်ပုံ
  • မတ်ပဲကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ၅နာရီခန့် ရေစိမ်ပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ပျဉ်းတော်သိမ်းကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ရေစိမ်ထားသောပဲကို ရေစစ်ပြီး ကြိတ်စက်ထဲထည့်ပြီး အရင်ဆုံး တမိနစ်လောက် ကြိတ်လိုက်ပါ
  • တမိနစ်လောက် ကြိတ်ပြီးတာနဲ့ စက်ကိုခနနားပြီး ကြိတ်စက်ထဲမှ ပဲများကို ဇွန်းဖြင့် အထက်အောက် မွှေပေးပြီး ဘေးမှာကပ်နေတာတွေ ခြစ်ချပေးပါ
  • ပြီးတာနဲ့ ရေ ထမင်းစားဇွန်း တဇွန်း ထည့်ကာ တမိနစ် ဆက်ပြီးကြိတ်ပေးပါ
  • တမိနစ်ပြည့်တာနဲ့ စက်ခနရပ်ပြီး ကြိတ်စက်ထဲက ပဲများကို အထက်အောက် လှန်ကာ ဘေးမှာ ကပ်နေတာတွေ ခြစ်ချပေးပါ
  • နောက်ထပ် ရေထမင်းစားဇွန်း တဇွန်းထည့်ပြီး နောက်ထပ် တမိနစ် ထပ်ကြိတ်ပေးပါ
  • ရေ ထမင်းစားဇွန်း လေးဇွန်းလောက် ကုန်အောင် ကြိတ်ပေးပြီး ပဲများချောမွတ်စွာ ကျေသွားစေရန် နောက်ထပ် ၃မိနစိလောက် ထပ်ကြိတ်ပေးပါ
  • ပဲကြိတ်ပြီးပြီဆိုတာနဲ့ ဇလုံတခုထဲ ပြောင်းထည့်ကာ ဆား ကြက်သားမှုန့် နံနံပင် ချင်းနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ ပဲကိုလေခိုလို့ကောင်းစေမည့် မွှေတံဖြင့် လက်သန်ရာဘက်သို့ အနည်းဆုံး ၂မိနစ်ဆက်တိုက် မွှေပေးပါ
  • ပဲကြော်ရန်အတွက် လေခိုမှု လုံလောက်တာကို သိစေရန် ရေထည့်ထားသော ဇလုံထဲသို့ ကြိတ်ပြီးသားပဲကို အနည်းငယ်ယူပြီး ထည့်ကြည့်ပါက ရေပေါ်ပေါ်လာလျှင် ကြော်ရန်အဆင်သင့် ဖြစ်ပါပြီ။
မတ်ပဲကြော်ရန်
  • မတ်ပဲကြော်ရန် ပဲအရသာနယ်ကို အဆင်သင့် ပြင်ထားပါ
  • လက်ကိုရေစွတ်ရန် ရေဇလုံသန့်သန့် တခုပြင်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးထဲ ဆီထည့်ပြီး  အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအလယ်လောက်ထိ လျှော့ပေးပါ
  • လက်ကိုရေစွတ်ရန် ရေဇလုံသန့်သန့် ဇလုံထဲမှာ လက်ကိုနှစ်ကာ ရေစွတ်လိုက်ပါ
  • လက်ကို ရေစွတ်ပြီး ရေများ စိုစွတ်စွာ ပါမလာစေရန် လက်ကိုခါပေးပြီးမှ ပဲအနှစ်ကို အကြော်တခုစာ ယူလိုက်ပါ
  • ပဲအနှစ်ကို လက်ဝါးပေါ်တင်ပြီး အနည်းငယ်ဖြန့်ကာ လက်မနှင့် အလယ်တည့်တည့်ကို ဖောက်ပေးပြီးမှ ဆီပူအိုးထဲကို အသာလေး လျောချပေးပါ
  • အထက်ပါနည်းအတိုင်း ပဲအနှစ်များကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ပဲကြော်နေစဉ် တဖက်က ရွှေဝါရောင် သန်းလာပါက တဖက်သို့လှန်ပေးကာ နောက်တဖက်ကို ဆက်ကြော်ပေးပါ
  • အကြော်တခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နှစ်သက်သလို စားသုံးနိုင်သော မတ်ပဲကြော် မွမွလေးရပါပြီ။

No comments:

Post a Comment