ဒီနေ့တော့ မာမာတို့ သားအမိတစ်တွေ ပဲကပ်ကြော်လေး ကြော်စားပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ထမင်းအေးအေးလေးနဲ့လဲ စားလို့ကောင်းပြီး မြန်မာပြည်ကိုလဲ အလွမ်းပြေစေတဲ့ အကြော်လေး တမျိုးပါ။
မုန့်ကြော်တဲ့အခါမှာ ကောက်ညှင်းမုန့်သားကို တညသိပ်လောက် နှပ်ထားပြီးမှ ကြော်ပေးရင် ကြော်ရတာလဲ လွယ်ကူပါတယ် ကောက်ညှင်းပေါက်မှာလဲ မကြောက်ရတော့ပါဘူး အားလပ်ရက်လေးမှာ ကြော်စားကြည့်နိုင်ဖို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
- ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ချင်း - တစ်လက်မ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- ဆီ - လိုသလောက်
ပြင်ဆင်ပုံ
- ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်တို့ကို ထည့်ပေးပါ
- ပြီးတာနဲ့ ရေနည်းနည်းချင်းထည့်ကာ နယ်ပေးပါ
- ရေကို တခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ကာ ရေအရမ်းမများအောင် သတိထားပြီး နယ်ပေးပါ
- မုန့်ဒိုးသား ရတာနဲ့ လေလုံဗူးထဲထည့်ကာ အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲမှာ တညသိပ် ထားပေးပါ
- ကုလားပဲခြမ်းကိုလဲ ရေမြုပ်အောင်ထည့်ပြီး တညသိပ် စိမ်ထားပါ
- နောက်နေ့မနက်မှာ ကြော်ဖို့ပြင်ပါမယ်
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းပေးပါ
- ရေစိမ်ထားသော ကုလားပဲခြမ်းကို ရေတစ်ထပ်ဆေးပြီး ရေစစ်ထားပါ
- အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ မုန့်ဒိုးသား ချင်းထောင်း ကြက်သွန်ဖြူထောင်းနှင့် ဆားတို့ကိုထည့်ပြီး သမအောင် နယ်ပေးပါ
- ပြီးတာနဲ့ မိမိနှစ်သက်သလောက် အလုံးလေးတွေ လုံးပေးပါ
- အလုံးလေး တစ်လုံးခြင်းယူကာ လက်ဝါးပေါ်တင်ပေးပြီး ခပ်ထူထူလေး ပြားပေးပါ
- ပြီးတာနဲ့ ရေစစ်ထားသော ပဲခြမ်းပန်းကန်ထဲမှာ မျက်နှာပြင် နှစ်ဖက်လုံးကို ကပ်ပေးပါ
- ဆီကို အောင်ခြေမကပ်သော ဒယ်အိုးထဲမှာ ထည့်ပေးပြီး ပူအောင်တည်ပေးပါ
- ဆီပူတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပြီးမှ မုန့်ကိုတခုခြင်းယူကာ အိုးဆန့်သလောက် ထည့်ပေးပါ
- မီးအရမ်းပြင်းပါက ပဲများကျွမ်းလွယ်ကာ မုန့်သားမကျက်ဘဲ ဖြစ်တတ်ပါတယ်
- တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပြီး ဆက်ကြော်ပေးပါ
- နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
- ဆယ်ပြီး ဆီစစ်တာနဲ့ ပဲကပ်ကြော် မွှေးမွှေးလေးကို မိမိနှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ပြီးစားနိုင်သလို ထမင်းပူပူလေးနဲ့လဲ တွဲဖက်ပြီး စားသုံးရန်အတွက် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment