Thursday 28 March 2019

အုန်းနို့ ကန်စွန်းဥကျို စိမ့်စိမ့်လေး



















အချိုပွဲအတွက် ဒီနေ့တော့ ကန်စွန်းဥနဲ့ အုန်းနို့ ချိုစိမ့်စိမ့်လေး ကျိုဖြစ်ပါတယ် ကျိုနည်းလေးက အရမ်းကို လွယ်ပါတယ် ဒါပေမဲ့ ကိုယ်အသုံးပြုမဲ့ ကန်စွန်းဥများက နူးချိန်မတူနိုင်တဲ့အတွက် ကန်စွန်းဥ ပြုပ်ချိန် အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ပြုပ်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ - အရောင် သုံးမျိုး
  • အုန်းနို့ - ၄၀၀ မီလီမီတာ (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
  • သကြား - ထမင်းစားဇွန်း ၆ဇွန်းမောက်မောက် (အချိုကြိုက်လျှင် ပိုထည့်ပါ)
  • အုန်းသီးဖတ် - မိမိနှစ်သက်သလောက်
  • ကောက်ညှင်းမှုန့် - လိုသလောက်သုံးပါ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ရေ - ၁၂၀၀ မီလီမီတာ (အုန်းနို့နှင့်ရောကျိုရန်)


ပြင်ဆင်ပုံ

  1. ကန်စွန်းဥကို အခွံခွာပြီး ရေဆေးထားပါ
  2. ရေဆေးပြီးတာနဲ့ ပုံပါအတိုင်း အတုံးလေးတွေ တုံးပေးထားပါ
  3. ကောက်ညှင်းမှုန့်ကို ဇလုံတလုံးထဲမှာထည့်ပြီး ပြင်ထားပါ။
  4. ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ရေဆူလာတာနဲ့ ကန်စွန်းဥ တစ်မျိုးစီကို သပ်သပ်စီ ပြုပ်ပေးပါ 
  6. ပြုပ်ထားသော ကန်စွန်းဥ နူးမနူးကို ဆယ်ကြည့်ပြီး အရမ်းမနူးခင် ဇကာတစ်ခုနှင့် ဆယ်ပေးပါ
  7. ဆယ်ပြီးတာနဲ့ အသင့်ပြင်ထားသော ကောက်ညှင်းမှုန့်ထဲထည့်ပြီး လှိမ့်ပေးပါ
  8. ထိုနည်းအတိုင်း ကျန်နေသော ကန်စွန်းဥ နှစ်မျိုးကိုလဲ ပြုလုပ်ပေးပါ
  9. အသုံးသော ကန်စွန်းဥများ တစ်ခုနှင့်တစ်ခု မတူနိုင်သောကြောင့် ကန်စွန်းဥပြုပ်ချိန် တခုနှင့်တခု မတူနိုင်ပါ
  10. ကန်စွန်းဥများ အဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော အိုးတလုံးထဲမှာ အုန်းနို့ သကြား ဆားနှင့်ရေတို့ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
  11. အုန်းနို့များ ပွက်ပွက်ဆူလာတာနဲ့ ကောက်ညှင်းမှုန့် လူးထားသော ကန်စွန်းဥများနှင့် အုန်းသီးဖတ်များကို ထည့်မွှေပေးပါ
  12. လေးမိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပြီးတာနဲ့ မီးပိတ်ပေးပါ
  13. ပြီးတာနဲ့ ကန်စွန်းဥ အုန်းနို့ကျို ချိုချိုစိမ့်စိမ့်လေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Wednesday 27 March 2019

ကြက်သားစင်းကော ခရမ်းသီးနှပ်















ခရမ်းသီးနှပ်​နည်း​တွေ အမျိုးမျိုး ရှိတဲ့အထဲက ဒီတခါ​တော့ နှမ်းဆီ​မွှေး​လေးနဲ့ နှပ်​တဲ့နည်း​လေး ​ရေး​ပေးထားပါတယ်​။
ပြင်​ဆင်​ပုံ​လေး​တွေကို ပုံ​အောက်​မှာ ​ရေး​ပေးထားပါတယ်​ တ​ယောက်​နဲ့တ​ယောက်​ အရသာ ကြိုက်​ပုံချင်း မတူညီနိုင်​တဲ့အတွက်​ မိမိနှစ်​သက်​သလို အရသာကို ပြင်​ဆင်​ပြီး​တော့လဲ ချက်​​ပေးနိုင်​ပါတယ်​။

ပါဝင်ပစ္စည်းများ
  1. ခရမ်းသီးအရှည်သီး - ၅တောင့်
  2. ကြက်ရင်ပုံသား - 
    200 g 
  3. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ - ခပ်ကြီးကြီး ၅မွှာ
  5. ချင်းတက် - လက်တဆစ်ခန့်
  6. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. ဆီ - ထမင်းပေါင်းအိုးဆန်ချင်ဗူး သုံးဗူး (ခရမ်းသီးကြော်ရန်)
  10. ဆီ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ဗူးတစ်ဝက်သာသာ (ခရမ်းသီးနှပ်ရန်)

ပြင်ဆင်ပုံ
  1. ခရမ်းသီး အရှည်​သီး ၅​တောင့်​ကို ​ရေဆေးပြီး အညှာဖြတ်​​ပေးကာ ထက်​ဝက်​ပိုင်းပြီး ​လေးစိတ်​စိတ်​​ပေးပါ
  2. ​ရေထဲမှာ ဆား လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်းထည့်​ပြီး ​ဖျော်​ထားပါ
  3. လှီးထား​သော ခရမ်းသီးများကို ဆားရည်​ထဲမှာ နာရီဝက်​​လောက်​ စိမ်​ထားပါ ​ရေစိမ်​ထားစဉ်​ ခရမ်းသီးထဲ ဆားရည်​ဝင်​​အောင်​ အထက်​​အောက်​ လှန်​လှန်​​ပေးပါ။
  4. ကြက်​သွန်​ဖြူ ၄မွှာကို အခွံခွာပြီး ​ရေ​ဆေးကာ ဓားပြားရိုက်​၍ ခပ်​နုတ်​နုတ်​ လှီးထားပါ
  5. ကြက်​သွန်​နီ အ​နေတော်​ တဥကို အခွံခွာပြီး ​ရေ​ဆေးကာ ခပ်​နုတ်​နုတ်​ လှီးထားပါ
  6. ချင်းတက်​ လက်​တဆစ်​ခန့်​ကို အခွံခွာပြီး ခပ်​​သေး​သေး​လေး​တွေ လှီးထားပါ
  7. ဇလုံတလုံးထဲမှာ ခရုဆီ ထမင်းစားဇွန်းတစ်​ဇွန်း ပဲငံပြာရည်​ ထမင်းစားဇွန်းတစ်​ဇွန်း ဆား လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်း နှမ်းဆီ​မွှေး လက်​ဖက်​ရည်​ဇွန်း တစ်​ဝက်​ ကြက်​သွန်​ဖြူ ကြက်​သွန်​နီ ချင်းတို့ကို ​ရော​မွှေထားပါ
  8. ကြက်​ရင်​ပုံသားကို ​ရေ​ဆေးပြီး ခပ်​နုတ်​နုတ်​ စင်းထားပါ
  9. ဆားရည်​စိမ်​ထား​သော ခရမ်းသီးကို ​ခပ်​ဖွဖွ ​ရေညှစ်​ပြီး ​ရေ​တွေ​ခြောက်​သွား​အောင်​ အဝတ်​စ သန့်​သန့်​​ပေါ်တင်​ပြီး ​ရေသုတ်​​ပေးပါ
  10. ခရမ်းသီးများ ​ရေ​ခြောက်​သွားပါက ဆီအိုးတည်​ပါ
  11. ဆီပူလာပါက ခရမ်းသီးများကို အီုးဆန့်​သ​လောက်​ ထည့်​​ပေးပြီး တစ်​ဖက်​ကို သုံးမိနစ်​ခန့်​ ​ကြော်​​ပေးပါ
  12. နောက်တဖက်ကို လှန်ပေးပြီး ၃မိနစ်ခန့် ကြော်ပေးပါ
  13. ​ကြော်​ပြီးတာနဲ့ ခရမ်းသီးများကိုဆယ်​ပြီး ဆီစစ်​ထားပါ
  14. ဆီစစ်​သွားပါက ​ကြော်​ထား​သောအိုးထဲမှ ဆီများကို ဖယ်​​ပေးပါ
  15. အိုးကိုအပူ​ပေးပြီး ဆီသန့်​ထပ်​ထည့်​ကာ အပူ​ပေးပါ
    ဆီပူလာတာနဲ့ အရသာစပ်​ထား​သော ကြကိသွန်​ဖြူနီ ကြက်​သွန်​နီ ချင်းအနှစ်​တို့ကို ထည့်​​ကြော်​ပါ
  16. တစ်​မိနစ်​ခန့်​ ​ကြော်​ပြီးတာနဲ့ စင်းထား​သော ကြက်​သားကို ထည့်​​ကြော်​ပါ
  17. စင်းထား​သော ကြက်​သားများကို ၅မိနစ်​ခန့်​ ​ကြော်​ပြီးတာနဲ့ ဆီစစ်​ထား​သော ခရမ်းသီးများကို ထည့်​​မွှေ​ပေးပါ
  18. ခရမ်းသီးနှင့်​ကြက်​သား သမသွားပါက အရသာမြည်းပြီး လိုသလို ပြင်​​ပေးပြီး မီးပိတ်​​ပေးပါ
  19. စားသုံးရန်​ အသင့်​ဖြစ်​​နေတဲ့ ကြက်​သားစင်းကော ခရမ်းသီးနှပ်​ ​မွှေး​မွှေး​လေးကို စားသုံးရန်​ ပြင်​​ပေးနိုင်​ပါပြီ။

Tuesday 26 March 2019

ချင်းချဉ် မွှေးမွှေးလေး











ဗီယက်နမ်ဈေးကိုသွားရင်း ချင်းနုနုလေးတွေ တွေ့တာနဲ့ ဝယ်လာပြီး ချင်းချဉ်လေးတည်ဖြစ်ပါတယ် ကိုယ့်ဘာသာကို ချင်းချဉ်ကို တည်ပြီးစားတော့ သန့်သန့်လေး စားရသလို ကြာကြာလဲ အထားခံပါတယ်။

မာမာကတော့ မာမာ့အမေ အချဉ်တည်တဲ့နည်းလေးနဲ့ တည်ပါတယ် အရမ်းအရမ်းကိုလဲ လွယ်ပါတယ် အချဉ်တည်တဲ့ အချိန်မှာ တစ်ချက်လေးဘဲ သတိထားရမှာက ဖန်ပုလင်းနဲ့တည်တာအကောင်းဆုံးပါဘဲ  ကြွေပန်းကန်နဲ့တည်တဲ့အခါမှာ ကြွေအကောင်းစား အရည်အသွေး ပြည့်မှီတဲ့ကြွေဆိုရင် ပြသနာမရှိပေမဲ့ အရည်အသွေးမပြည့်မှီတဲ့ ကြွေဆိုရင် တည်မိတဲ့အချဉ်ကြောင့် အဆိပ်အတောက်ကို ဖြစ်စေပါတယ် ဒါကြောင့်မို့လို့ မာမာတည်တဲ့ ချင်းချဉ်တည်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချင်းနု - သုံးဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  • သုံပုရာသီး အနေတော် - နှစ်လုံး
ပြင်ဆင်ပါမယ်
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ရေစစ်ထားပါ
  • ရေစစ်သွားပါကအခွံခွာသည့် ဒါးနှင့်  ခပ်ပါးပါးလေးတွေ ရအောင်လှီးပေးပါ
  • ချင်းပြားလေးတွေ လှီးပြီးပါက ဇလုံတစ်လုံးထဲထည့်ကာ ဆားနှင့်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ
  • ဆားနှင့်နယ်ပြီး နှပ်ထားပြီးပါက ထွက်လာသော ချင်းရည်များကို ညှစ်ထုတ်ပေးပါ
  • ထိုချင်းရည်ကို လေလုံအိတ်ထဲထည့်ပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာ သိမ်းထားပါ
  • ထိုခဲထားသော ချင်းရည်ကို ဟင်းချက်ရာမှာ ပြန်သုံးနိုင်ပါတယ်
  • သံပုရာရည်ညှစ်ထားသော ချင်းများကို ဇလုံထဲမှာဘဲ သမအောင် နယ်ပေးပါ
  • အားလုံးသမသွားပါက ချင်းအရောင် အနည်းငယ် ပြောင်းလာပါက ဖန်ပုလင်းထဲထည့်ပြီး ရေခဲသေတာထဲမှာ သိမ်းထားပေးပါ
  • နောက်တစ်နေ့မှာ  ချင်းချဉ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။

Saturday 23 March 2019

မြင်းခွာရွက်ကြော် ကြွတ်ကြွတ်လေး









ဒီနေ့တော့ သတ်သတ်လွတ်လေးတွေ စားလို့ရအောင်မြင်းခွာရွက်ကြော်   ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • မြင်းခွာရွက် - လက်တဆုတ်စာ တစ်စည်း
  • တန်ပူရာမှုန့် - 150 g တစ်ထုတ်
  • ရေ - လိုသလောက် သုံးပါ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  • ဆီ - လိုသလောက်
ကြော်ဖို့ပြင်ရန်
  • ဇလုံတလုံးထဲမှာ တန်ပူရာမှုန့်  ဆား အချိုမှုန့်တို့ကိုရေနည်းနည်းချင်းထည့်ကာ ရောပေးပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • မြင်းခွာရွက်ကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အနေတော်အစည်းလေးတွေ စည်းထားပေးပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ မြင်းခွာရွက်စည်းကို တစ်စည်းခြင်း နှစ်ပေးပါ
  • ဒယ်အိုးခပ်ပြန့်ပြန့်ထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မုန့်နှစ်ထဲ နှစ်ထားသော မြင်းခွာရွက်စည်းကို ဆီအိုးထဲ ထည့်ပေးပါ
  • အကြော် ကြော်နေစဉ် မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားပါ
  • ဆီစစ်သွားပါက မြင်းခွာရွက်ကြော် ကြွတ်ကြွတ်လေးကို နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါပြီ။

Wednesday 20 March 2019

ထောပါတ်သီး ရေခဲချောင်း








ထောပါတ်သီးလေးတွေ လတ်လတ်ဆတ်ဆတ် ဝယ်လာပြီး ဒီတခါတော့ အရမ်းကို စားလို့ကောင်းလွန်းတဲ့ ရေခဲချောင်းလေးတွေ လုပ်စားဖြစ်ပါတယ်။

အိမ်မှာကိုယ့်ဘာသာကိုယ် လုပ်စားတော့ သန့်သန့်လေးလဲ စားရသလို အချိုအရသာကို မိမိနှစ်သက်သလို ထည့်ပြီးစားနိုင်တာမို့လို့ ကျန်းမာရေးနဲ့လဲ ညီညွတ်မှာ သေချာပါတယ်။

မာမာကတော့ ထောပါတ်သီးဆို ဘယ်လိုလုပ်စားလုပ်စား အရမ်းကြိုက်တဲ့ အသီးထဲမှာ ပါတဲ့အတွက် အချိုပေါ့ပေါ့လေးနဲ့ လုပ်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ထောပါတ်သီး - တစ်လုံး
  2. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (အချိုကြိုက်လျှင် သကြားပိုထည့်ပါ)
  3. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ရေကျက်အေး - ရေခဲချောင်းလုပ်မည့်မိုလ် လေးခုစာ
  5. ရေခဲချောင်းလုပ်မည့်မိုလ် - ၆ခု
ပြင်ဆင်ပုံ
  1. ထောပါတ်သီး လတ်လတ်ဆတ်ဆတ်ကို အခွံခွာပြီး ကျေနေအောင် ချေထားပါ
  2. ဆား သကြား ရေနှင့် ရေခဲချောင်းလုပ်မည့် မိုလ်များကို ပြင်ထားပါ
  3. ကျေနေအောင် ချေထားသော ထောပါတ်သီးပန်းကန်ထဲမှာ ဆား သကြား ရေကျက်အေးတို့ကိုထည့်ပြီး သမအောင် မွှေပေးပါ
  4. ပြီးတာနဲ့ ထောပါတ်သီးဖျော်ရည်များကို ရေခဲချောင်း မိုလ်များထဲသို့ ဇွန်းဖြင့်ခတ်ထည့်ပေးပါ
  5. ပြီးတာနဲ့ ရေခဲချောင်းလုပ်မည့် ဒုတ်ချောင်းလေးတွေကို စိုက်ထည့်ပေးပါ
  6. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ၈နာရီလောက်ထည့်ပြီး ခဲပေးထားပါ
  7. ရေခဲချောင်း စားဖို့ပြင်တဲ့အခါ ရေခဲသေတ္တာထဲမှ ထုတ်ယူပြီး ရိုးရိုးရေဖြင့် သုံးမိနစ်ခန့် စိမ်ထားပေးပြီးမှ မိုလ်ထဲမှ ထုတ်ယူကာ ထောပါတ်သီး ရေခဲချောင်း စိမ့်မိမ့်အေးအေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။