Friday 15 November 2019

ကြက်ခြေထောက် အရိုးထုတ်နည်း
















ကြက်ခြေထောက် အရိုးထုတ်နည်းလေးတွေ မက်ဆင်ဂျာကနေရော ပို့စ်အောက်မှာပါ မေးထားသူတွေအတွက် ကြက်ခြေထောက်ရိုး အဆင်သင့် မရှိတာနဲ့ အရင်ရက်တွေက လုပ်မပြနိုင်ခဲ့ပါဘူး။

ဒီနေ့မှ ဝယ်လို့ရတဲ့အတွက် ဒီနေ့ဘဲ ပြင်ဆင်ပြီး အရိုးလေးတွေ ထုတ်ထားတဲ့ အတွက် မာမာပြင်ဆင်ပြီး အရိုးထုတ်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ကြက်ခြေထောက် အရိုးထုတ်နည်းလေးက နည်းလေးသိရင် ထုတ်ရ အရမ်းလွယ်ပါတယ် နည်းမသိရင်တော့ ခက်သယောင် ထင်ရပါတယ် ပထမ တစ်ခုနှစ်ခု ထုတ်ရုံလောက်နဲ့ ခက်တယ်ထင်ပြီး ဆက်မလုပ်ဘဲ မနေပါနဲ့ ဘယ်အရာမှ လွယ်လွယ်နဲ့ မရတဲ့အတွက် စိတ်တော့ ရှည်ရပါတယ်။

စိတ်မရှည်တဲ့အခါ ကပ်ကျေးတွေရော ဓါးတွေပါ အကုန်သုံးရတဲ့အတွက် အခန့်မသင့်တဲ့အခါ လက်ကိုထိတတ်ပါတယ် ဒါကြောင့်မို့လို့ စိတ်ရှည်ဖို့တော့ မှာချင်ပါတယ်။

မာမာအခုပြောတဲ့ နည်းအတိုင်း ပြင်ဆင်ပြီး ထုတ်ရင်တော့ ဓါးခပ်သေးသေး တစ်ချောင်းနဲ့ အရည်ခွံကိုခွဲပြီး အဆစ်နဲ့ အရွတ်နေရာကို ကပ်ကျေးနဲ့ ညှပ်ပေးပြီး လက်မလေးနဲ့ တွန်းထုတ်သွားရုံပါဘဲ။

ပါဝင်ပစ္စည်းများ

  1. ကြက်ခြေထောက်ရိုး - 1 kg
  2. ရေ - လိုသလောက် သုံးပေးပါ (ကြက်ခြေထောက် ဆေးရန်)
  3. ရေ - 500 ml ( ကြက်ခြေထောက် ရေစိမ်ရန်)
  4. baking soda - 1/2 cup
  5. ရေခဲ -  4 cup
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ရေခဲထဲ့ရန်အိတ် - တစ်လုံး

ပြင်ဆင်ပုံ

  • ကြက်ခြေထောက်မှ ခြေသဲခွန်များကို အရင်ဆုံး လှီးထုတ်ပေးပါ
  • ဇောက်နက်သော အနေတော် အိုးထဲမှာ ရေ တစ်ဝက်သာသာနှင့် ဆားတို့ကို ထဲ့ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကြက်ခြေထောက်များကို ၁၀မိနစ်ခန့် ထည့်ပြုပ်ပေးပါ
  • ကြက်ခြေထောက် ရင့်ပါက ၁၅မိနစ်လောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားတုံးက ထွက်လာသော အမြှုပ်များနှင့် အဆီများကို ရေနှင့် သုံးထပ်လောက် ဆေးပေးပါ
  • ရေခဲတုံးလေးတွေကို ပလပ်စတစ် အိတ်ထဲမှာ ထဲ့ထားပေးပါ
  • ကြက်ခြေထောက်များ ဝင်ဆန့်လောက်တဲ့ ဇလုံတစ်လုံးထဲမှာ baking sodaကို ထဲ့ပေးပါ
  • Baking soda ထဲ့ထားသော ဇလုံထဲကို ရေထည့်ပေးပြီး ပျော်သွားအောင် ဖျော်ပေးပါ
  • အရည်ပျော်သွားတာနဲ့ ကြက်ခြေထောက်များကို ထဲ့ပေးကာ ကြက်ခြေထောက်ပေါ်မှာ ရေခဲအိတ်ကို တင်ပေးထားပါ
  • ရေစိမ်ထားချိန် တစ်နာရီလောက် ကြာတာနဲ့ ကြက်ခြေထောက် အရိုးထွင်ရန် အဆင်သင့် ရပါပြီ
  • ကြက်ခြေထောက် တစ်ခုကိုယူပြီး မှောက်ယက်ထားကာ ပုံမှာပြထားတဲ့အတိုင်း ခြေချောင်း လေးချောင်းစလုံး အပေါ်ဖက်မှ ဓားနှင့်အရာပေးပြီး ခွဲပေးပါ
  • ပြီးတာနဲ့ ခွဲထားသော ခွဲကြောင်းနေရာမှ လက်မနှင့်တွန်းကာ အရည်ခွံနှင့် အရိုးတစ်ခြားဆီ ရလာအောင် တွန်းထုတ်ပေးပါ
  • အရိုးထုတ်ရ လွယ်စေရန် အရိုးထဲမှ အရွတ်နှင့် အဆစ်နေရာ ရောက်တဲ့အခါ အထဲမှ အကြောလေးတွေကို ကပ်ကျေးနှင့် ညှပ်ပြီး ဖြတ်ပေးပါ
  • အကြောလေးတွေ ပြတ်သွားတာနဲ့ အရိုးအဆစ်လေးတွေကို လက်နှင့်ချိုးပြီး ကလော် ထုတ်ပေးလိုက်ပါ
  • အရိုးတစ်ခြား အရည်ခွံတစ်ခြား ဖြစ်သွားပြီ ဆိုရင် ကြက်ခြေထောက် အရည်ခွံလေးတွေ ရလာပါပြီ 
  • အထက်ပါ နည်းအတိုင်း ကြက်ခြေထောက်ရိုးများကို ကုန်သွားအောင် ထုတ်ပေးပါ။

No comments:

Post a Comment