Tuesday 26 November 2019

ဆီထမင်းချိုး မွှေးမွှေးလေး









ဒီနေ့တော့ ဆီထမင်း စားချင်တာနဲ့ မနက်စောစော ဆီထမင်း ထိုးဖြစ်ပါတယ် ဆီထမင်း ထိုးရတာကတော့ အရမ်းကိုဘဲ လွယ်ပါတယ် ဆီထမင်းထိုးတဲ့ နည်းတွေကလဲ အမျိုးမျိုး ရှိပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေ အသုံးပြုတဲ့ ကောက်ညှင်းဆန်အပေါ် မူတည်ပြီး ရေအနည်းအများကိုတော့ ချိန်ရတာတွေ ရှိတတ်ပါတယ်။

သက်ရင့်ကောက်ညှင်းဆန်ဆိုရင် ရေနည်းနည်း ပိုထဲ့ရပါတယ် သက်နုကောက်ညှင်းဆန် ဆိုရင်တော့ ရေကိုပုံမှန်ဘဲ ထဲ့ပေးရပါတယ် သက်ရင့်ဟုတ် မဟုတ်ကိုတော့ ကောက်ညှင်းချက်နေရင်း ဆန်သားကျက်ချိန်မှာ ကြည့်ပေးရပါတယ်။

ချက်နေကျအတိုင်း ရေကိုထဲ့ပြီး ချက်ပေမဲ့ သက်ရင့်ကောက်ညှင်းဆိုရင် အကျက်နည်းနည်း လိုနေတတ်ပါတယ် အဲဒီအခါမျိုး ဆိုရင်တော့ ရေကိုချင့်ချိန်ပြီး ထပ်ထဲ့ပေးပြီး ကျက်တဲ့အထိ ဆက်ချက်ပေးရပါတယ်။

ဆီထမင်းချိုး လိုချင်ရင်တော့ စိတ်ရှည်ရှည်နဲ့ တည်ပေးပြီး မီးအရမ်း မများဖို့ကိုလဲ သတိထားစေချင်ပါတယ် နောက်တစ်ခုက ဆီထမင်းချိုး လိုချင်တဲ့အတွက် အောက်ချေမကပ်တဲ့ အိုးကောင်းကောင်းကို သုံးစေချင်ပါတယ် အိုးမကောင်းရင်တော့ ဆီထမင်းချိုး ကောင်းကောင်းနဲ့ လှလှလေး မရနိုင်ဘူး ဆိုတာလေးလဲ ပြောချင်ပါသေးတယ်။

ဒါကြောင့်မို့လို့ ဒီနေ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဆီထမင်းချိုးရအောင် ချက်ထားတဲ့ နည်းလေးနဲ့ အသုံးပြုတဲ့ ကောက်ညှင်းဆန် တံဆိတ်ပါတဲ့ အထုတ်ကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်နီ - အနေတော် ၅ဥ
  7. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  8. ကြက်သွန်နီဆီချက်
  9. ပဲပြုပ်ဆီဆမ်း
  10. ငါးခြောက်

ပြင်ဆင်ပုံ
  • အရင်ဆုံး ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • အောက်ချေမကပ်သော ဒယ်အိုးထဲမှာ ကောက်ညှင်းဆန် ရေ ဆား ကြက်သွန်နီ အရသာမှုန့် ဆီနှင့် နနွင်းမှုန့်တို့ကို ထဲ့ပေးပါ
  • အိုးအဖုံး ဖုံးပေးပြီး မီးဖိုပေါ် တင်ကာ အပူပေးပါ
  • အိုးထဲမှ ရေပွက်ပွက် ဆူလာတာနဲ့ မီးကိုအလယ် အလတ်လောက်ထိ လျှော့ပေးပါ
  • ကောက်ညှင်းဆန်သား ပွလာတာနဲ့ မီးကိုခပ်မျှင်းမျှင်းလေး ရသွားအောင် ထပ်လျှော့ပေးပါ
  • အောက်ချေမကပ်တဲ့ အိုးနှင့်ဆီထမင်း ထိုးတဲ့အတွက် ဆီထမင်းချိုး မရခင် မွှေပေးစရာ အထက်အောက် လှန်ပေးစရာ မလိုပါ
  • မီးခပ်မျှင်းမျှင်း အပူရှိန်နဲ့ ဆီထမင်းချိုး ရလာအောင် စိတ်ရှည်ရှည် တည်ပေးထားပါ
  • ဆီထမင်းချိုးသံ ကြားလာပြီး ကောက်ညှင်းဆန်သား ကျက်လာပါက အနေတော် ဗန်းတစ်ခုထဲကို အိုးကိုမပြီး မှောက်ချပေးပါ
  • ပြီးတာနဲ့ အပေါ်ယံဘက်ကိုပါ ဆီထမင်း ချိုးလိုချင်တဲ့အတွက် အိုးထဲကို မှောက်ပြီး ပြန်ထဲ့ပေးကာ မီးဖိုပေါ် ပြန်တင်ပေးပါ
  • အောက်ချေဘက်မှာ ချိုးကပ်ပါလာက ဆီပြန်ထွက်လာတဲ့ အသံကြားလာပါလိမ့်မယ်
  • ဆီထမင်း ချိုးနှစ်ဖက်လုံး ရလာပါက မီးဖိုပေါ်မှ ဖယ်ပေးပါ
  • ဆီထမင်းချိုးနှင့် ငါးခြောက်ဆီဆမ်း ပဲပြုပ်ဆီဆမ်းတို့နဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment