Thursday 22 August 2019

ဆိတ်အူပြုပ်



ဒီနေ့တော့ တခါတလေမှ ရတတ်တဲ့ ဆိတ်အူကို ဘာလုပ်စားရင်ကောင်းမလဲ တွေးနေရင်းက ရာသီဥတု အေးနေချိန်လေးမှာ ပူပူစပ်စပ်လေး ပြုပ်သောက်ချင်စိတ်လေး ပေါ်လာခဲ့ပါတယ်။

ဒါကြောင့်မို့လို့ စားလို့ကောင်းပြီး အရမ်းကြိုက်တဲ့ ဆိတ်အူကို ခပ်စပ်စပ်လေးပြုပ်ကာ နံနံပင်လေးအုပ်ပြီး ထမင်းလွတ်စားကြမှာမို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆိတ်အူ - 300 g
  • ချင်း - ၁ လက်မခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာခန့်
  • ကြက်သွန်နီ - အနေတော် တစ်လုံး
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
  • စပါးလင်အရွက် - ဆယ်ရွက်ခန့်
  • ကရဝေးရွက် - ၄ ရွက်ခန့်
  • သစ်ဂျပိုးခေါက် - ၂လက်မခန့်
  • နံနံပင် - စားနိုင်သလောက်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ

  • ဆိတ်အူကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • စပါးလင်အရွက်များကို ရေဆေးပြီး အထုံးလေး ထုံးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ညက်နေအောင် ထောင်းပေးပါ
  • သစ်ဂျပိုးခေါက်နှင့် ကရဝေးရွက်ကို ရေဆေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ဆိတ်အူများကို ထည့်ပေးပြီ သစ်ဂျပိုးခေါက် ဆီ စပါးလင်ရွက်အထုံး ကရဝေးရွက် ငရုတ်ကောင်းမှုန့် ငရုတ်သီးထောင်း ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ ဝင်သွားအောင် နယ်ပေးပါ
  • အရသာ ဝင်သွားလောက်တာနဲ့ ရေအနည်းငယ်ထည့်ပြီး  ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာပြီးပါက အကျက်ညီစေရန် မွှေပေးပါ
  • ဆိတ်အူများ မာလာတာနဲ့ ရေကိုမိမိ လိုသလောက်ထည့်ပေးပြီး ဟင်းအိုးကို ဆက်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာကို မြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ အနေတော် ရပြီဆိုတာနဲ့ မိမိစားနိုင်သလောက် ပန်းကန်ထဲ ထည့်ပေးပြီး နံနံပင် ထည့်ပေးကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment