Monday 26 August 2019

ဆိတ်အူကြမ်းသုပ်




ဒီတခါတော့ ဗီယက်နမ်ဈးကနေ ဆိတ်အူကြမ်းနဲ့ ဆိတ်အူအထပ်တရာလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။

ဆိတ်အူတို့ သဘာဝ အထဲမှာ အမည်းဖတ်လေးတွေ ကပ်နေတတ်တဲ့အတွက် စင်အောင်ဆေးပေးဖို့တော့ လိုပါတယ် ဆေးနည်းကိုလဲ အောက်မှာ ရေးထားပါတယ် ဒါကြောင့်မို့လို့ အသုပ်ပွဲ ပြင်ဆင်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်ရှင်။

ဆိတ်အူဆေးနည်း

  • အထပ်တရာ ဆိတ်အူများ ကြားထဲမှာ မည်းမည်းအဖတ်များ ပါတတ်ပါတယ်
  • ထိုမည်းမည်း အဖတ်များ ဖယ်ဖို့ကို ရေနွေးဆူဆူ လောင်းချပေးပြီး စိတ်ရှည်လက်ရှည် ဓါးပါးပါးလေးနဲ့ ခြစ်ပေးပါ
  • တခါခြစ်ထုတ်လိုက် ရေဆေးလိုက် ရေနွေးပူပူ လောင်းပြီး ခြစ်ပေးလိုက်နဲ့ အမည်းများ ကုန်တဲ့အထိ ခြစ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  • အားလုံး စင်အောင် ဆေးပြီးတော့မှ အူများကို ရေနွေးဆူဆူ တစ်ထပ်လောင်းထည့်ကာ ဆေးပေးပါ
  • အနံ့ အသက်နှင့် အယိအရွဲများ စင်သွားပါက မိမိနှစ်သက်သလို ချက်ပြုပ်စားသောက်ရန် ပြင်ဆင်နိုင်ပါပြီ။

ဆိတ်အူပြုပ်ရန်
  1. ဆိတ်အူ - 300 g
  2. ဆား - လက်ဖက်ရည်ဇွန်း - တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. စပါးလင် - တစ်ပင် (ရေဆေးပြီး ခပ်ကြမ်းကြမ်း ထုထားပါ )
  5. ချင်း - လက်တဆစ်ခန့် (အခွံခွာပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း ထုထားပါ)
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆိတ်အူကို ဆား အရသာမှုန့် နနွင်းမှုန့် ချင်း စပါးလင်နှင့် ရေမြုပ်အောင် ထည့်ပေးကာ ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
  8. ရေခမ်းသွားတာနဲ့ ချင်းနှင့် စပါးလင်များ ဖယ်ပေးကာ ဆိတ်အူကို မိမိနှစ်သက်သလို အနေအထားလေးတွေ ရအောင် လှီးပေးပါ။
ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ဆယ်မွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတလုံးထဲမှာဆီ လက်ဖက်ရည်အကြမ်းပန်းပန် ၂လုံးစာ နှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
  • ကြက်သွန်ဖြူများ အ၀ါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ဆယ်ပေးကာ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ
  • ဆီကိုအအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ

ဆိတ်အူသုပ်ရန် ပါဝင်ပစ္စည်းများ

  • ကျက်အောင်ပြုပ်ပြီး လှီးထားသော ဆိတ်အူ
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း မောက်မောက် တစ်ဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်နီ - အနေတော် တစ်လုံး
  • ဂေါ်ဖီ - တစ်စိတ်
  • နံနံပင် - နှစ်သက်သလောက်
  • သံပုရာသီး - မိမိနှစ်သက်သလောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
  • ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ

    ပြင်ဆင်ပုံ
    1. ဇလုံတလုံးထဲမှာ လှီးထားသော ဆိတ်အူမျာကို ထည့်ထားပါ
    2. ကြက်သွန်နီကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါးကာ  ရေတစ်ထပ် ထပ်ဆေးထားပါ
    3. ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးထားပါ
    4. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
    5. သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
    6. လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
    7. ဆိတ်အူထည့်ထားသော ဇလုံထဲမှာ ကြက်သွန်နီ ဂေါ်ဖီ နံနံပင် ပဲအကျက်မှုန့် ဆီချက် အချိုမှုန့် ငံပြာရည် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး ခပ်ဖွဖွနယ်ကာ အရသာ သမသွားအောင် နယ်ပေးပါ
    8. အရသာ သမသွားတာနဲ့ မြည်းပေးပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာကို ပြင်ပေးကာ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ချဉ်ငံစပ် ဆိတ်အူအသုပ်ပွဲကို ပြင်ဆင်ပေးနိုင်ပါပြီ။

    No comments:

    Post a Comment