Sunday 25 August 2019

Layer Cake


















ဒီတစ်ခါတော့ မုန့်အချိုပွဲအတွက် layer cake လေးလုပ်ဖြစ်လို့ မာမာပြင်ဆင်တဲ့ မုန့်လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပြင်ဆင်နည်းလေးက အဆင့်နည်းနည်းများပြီး စိတ်တော့ရှည်ရပါတယ် စိတ်မရှည်ရင်တော့ မုန့်လုပ်ရတာ ခက်သယောင်ရှိပြီး တကယ်လုပ်တတ်သွားရင်တော့ အရမ်းကို လွယ်ပါတယ်။

မာမာကိုယ်တိုင်လဲ မအောင်မြင်တဲ့ မုန့်လုပ်နည်းကို သုံးခါလောက် လုပ်ရပါတယ် ပထမတခါ ပေါင်းအိုးက  လေသိပ်မလုံတဲ့အတွက် မုန့်သားက အကျက်မညီဘဲ ပျက်သွားပါတယ်  နောက်တခါကတော့ အပြင်သွားစရာရှိလို့ ခပ်ပြန်မြန် လုပ်လိုက်တာ မုန့်သားကစားရတာ အရသာ ရှိပေမဲ့   ပွယောင်းယောင်းကြီးနဲ့ မုန့်သားက မလှပါဘူး သုံးကြိမ်မြောက်ကျတော့မှ အောင်မြင်ပါတယ်။

ဒါကြောင့်မို့လို့ မုန့်လုပ်တဲ့ နေရာမှာ အချိန်ပေးရသလို မိမိအသုံးပြုမည့် ပေါင်းအိုးကောင်းဖို့ လိုသလို စိတ်ရှည်ဖို့လဲ လိုပါတယ် ပေါင်းအိုးမကောင်းတဲ့အခါ မုန့်သားကျက်ဖို့ အခက်အခဲ ဖြစ်တတ်သလို စိတ်မရှည်တဲ့အခါ မုန့်သားမလှတာ ဖြစ်တတ်ပါတယ်။

မာမာအခုသုံးတဲ့ ပေါင်းအိုးက Tefal အမျိုးအစား ဖြစ်ပြီး မိုက်ခရိုဝေ့မီးဖို သုံးလို့ရတဲ့ ကော်ဗူးဆိုက်ကတော့ အလျှားက 13 cm အနံ 6 cm ဆိုဒ်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန်မှုန့် - 200 g
  2. ပီလောပီနံမှုန့် -  200 g
  3. အုန်းနို့ - 300 ml
  4. သကြား - 180 g (အချိုမကြိုက်ပါက လျှော့ထည့်ပါ)
  5. ဆား - 1/2 tbsp
  6. Food color - မိမိနှစ်သက်ရာ အရောင် ၅ရောင်
  7. ရွယ်တူ ပန်းကန်လုံး ၅လုံး
  8. မုန့်ရည်ခပ်ရန် ယောက်ချိုဇွန်း တစ်ဇွန်း
  9. မိုက်ခရိုဝေ့ မီးဖိုတွင် သုံးလို့ရသော ကော်ဗူး - တစ်ဗူး (ပေါင်းအိုးထဲမှာ ဆန့်သောဗူးကို သုံးပေးပါ)
  10. လေလုံသော ပေါင်းအိုး - တစ်လုံး
  11. ဆီ - အနည်းငယ်
  12. စဉ့်နီတုန်း သန့်သန့် - တစ်ခု
  13. Glad wrap - လိုသလောက်သုံးပါ
ပြင်ဆင်ပုံ
  1. ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ပီလောပီနံမှုန့် သကြားနှင့် ဆားတို့ကို သမအောင် မွှေတံဖြင့် အချက် ၃၀လောက် ရောပြီးမွှေပေးပါ
  2. အမှုန့်များ သမတာနဲ့ အုန်းနို့ထည့်ပြီး မွှေတံဖြင့် အချက် ၇၀လောက် မွှေပေးပါ
  3. သကြားများ ပျော်သွားပြီး အရသာ သမသွားတာနဲ့ ရွယ်တူပန်းကန်လုံး ၅လုံးထဲကို အချိုးကျ ခွဲပြီးထည့်ပေးပါ
  4. အဖြူရောင်ကို တစ်ပန်းကန် ထားပေးပါ
  5. ကျန်မုန့်ရည် ပန်းကန်လုံးလေးများထဲကို မိမိနှစ်သက်သော food color တရောင်စီကို လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး ထည့်ပေးပါ
  6. ပြီးတာနဲ့ အရောင်နှင့် မုန့်ရည်များ သမသွားအောင် မွှေပေးပါ
  7. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပေါင်းအိုးအောက်ခံ အိုးထဲမှာ ရေ 600 ml ထည့်ပေးပါ
  8. ပြီးတာနဲ့ အိုးထဲမှာ ပေါင်းအိုးအောက်ခံခုံ ပေါင်းခံဇကာနှင့် မုန့်ထည့်မည့် ဗူးတို့ကို ထည့်ပေးပါ
  9. ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကိုနှိပ်ပြီး နှစ်မိနစ်မှာ ချိန်ပေးထားကာ အဖုံးအုပ်ပြီး မီးခလုတ် နှိပ်ပေးပါ
  10. နှစ်မိနစ် ပြည့်တာနဲ့ အိုးထဲမှ ကော်ဗူးနှင့် ရေဘူးတို့ ပူလာတာနဲ့ အိုးအဖုံးဖွင့်ပြီး မိမိနှစ်သက်တဲ့ အရောင်တရောင်ကို ယောက်ချိုဇွန်းဖြင့် တစ်ဝက်သာသာ ခပ်ပြီးထည့်ပေးပါ
  11. မုန့်ရည်ထည့်ပြီးတာနဲ့ အဖုံးပြန်အုပ်ပြီး အရင်ဆုံး စထည့်သော မုန့်ရည်ကျက်စေရန် နှစ်မိနစ်လောက် ထားပေးပါ
  12. နှစ်မိနစ် ပြည့်တာနဲ့ အဖုံးဖွင့်ပေးပြီး နောက်တရောင်ကို ယောက်ချိုဇွန်း တစ်ဝက်သာသာ ခပ်ထည့်ပေးပြီး အဖုံးအုပ်ပေးပါ
  13. အထက်ပါ နည်းအတိုင်း နှစ်မိနစ်ပြည့်တာနဲ့ အဖုံးဖွင့်ပြီး နောက်တယောင်ကို ထပ်ထည့်ပေးပါ
  14. ထိုနည်းအတိုင်း တစ်ရောင်ပြီးတရောင် ငါးရောင်ပြည့်အောင် ပြုလုပ်ပေးပါ
  15. ငါးရောင်ပြည့်တာနဲ့ အိုးအပူရှိန် ညီလာပြီ ဖြစ်တဲ့အတွက် နောက်ထပ်ငါးရောင်ထည့်တာနဲ့ တရောင်ကို တမိနစ်စီဘဲ ထားပြီး ထည့်ပေးပါ
  16. မုန့်ရည်အားလုံး ကုန်သွားအောင် တရောင်ပြီး တရောင် ထည့်ပေးပါ
  17. မုန့်ရည်အားလုံး ကုန်သွားတာနဲ့ မုန့်ဗူးကို အပြင်ထုတ်ပေးပါ
  18. မုန့်ဗူး အပြင်ရောက်တာနဲ့ တနာရီလောက် အအေးခံပေးပါ
  19. မုန့်သား လှီးလို့ လွယ်စေရန်  စဉ့်နီတုံးသန့်သန့် တခုကို glad wrap နှင့် ပါတ်ပေးပြီး မျက်နှာပြင်ကို ဆီသုတ်ထားပေးပါ
  20. မုန့်သားလှီးမည့်ဓါးကို ဆီအနည်းငယ် သုပ်ထားပေးပါ
  21. အအေးခံထားသော မုန့်သားအေးသွားတာနဲ့ မုန့်အပေါ်ကို ဆီအနည်းငယ် လိုက်သုတ်ပေးပြီး ဗူးမှာကပ်နေသော မုန့်သားပါတ်ပါတ်လည်ကို လက်နှင့် အနည်းငယ် လိုက်ခွာပေးပါ
  22. ပြီးတာနဲ့ glad wrap နှင့် ပါတ်ထားသော စဉ့်နီတုံးပေါ်ကို မှောက်ချပြီး တင်ပေးပါ
  23. Glad wrap အဆင်သင့် မရှိပါက ပန်းကန်ပြားကို ဆီသုတ်ပေးထားပါ
  24. မုန့်သား အပြင်ထုတ်ပြီးတာနဲ့ ဆီသုတ်ထားသောဓါးနှင့် မိမိနှစ်သက်သလို လှီးပေးပါ
  25. မုန့်သားတခါ လှီးပြီးတိုင်း ဓါးကိုဆီပြန်ပြန်ပြိး သုတ်ပေးပြီးမှ လှီးပေးကာ layer cake ချိုစိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment