Saturday 28 September 2019

ကြက်ဥ ထမင်းကြော်


အသက်လေး ရလာတော့ အသားတွေ သိပ်မစားချင်တော့တာရယ် နောက်တစ်ခု မာမာက အသားအရမ်း မစားတော့ ကြက်ဥနဲ့ပဲကိုတော့ ပိုပြီးစားဖြစ်ပါတယ် ဒါကြောင့်မို့လို့ ထမင်းကြော်တိုင်း အသားတွေနဲ့ ကြော်တာထက် ကြက်ဥနဲ့ကို ပိုပြီးကြော်ဖြစ်ပါတယ်။

တစ်ချို့ကျတော့ ထမင်းနဲ့ကြက်ဥကြော်ရင် ညှီမှာကြောက်ကြတယ် တစ်ချို့ကကျတော့ ကြက်ဥနဲ့ ထမင်းကြော်ရင် ပျစ်ခဲခဲကြီး ဖြစ်နေမှာ ကြောက်ကြတယ်။

ထမင်းနဲ့ ကြက်ဥကြော်တဲ့အခါ ကြက်ဥနံ့ မညှီအောင် ထမင်းမကြော်ခင် ကြက်သွန်ဖြူ ကြက်သွန်တို့ကို ကြော်ပြီးမှ ကြက်ဥထည့်ပြီး ခြောက်သွားအောင် မွှေကြော်ပြီးမှ မိမိနှစ်သက်ရာ အသီးအရွက်တွေထည့်ကြော် ပြီးမှ ထမင်းကို ထည့်ကြော်လိုက်ရင် ပျစ်ခဲခဲကြီး မဖြစ်သလို ညှီနံ့လဲ မရပါဘူး ဆိုတာလေးလဲ ပြောချင်ပါသေးတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်ဥနဲ့ ထမင်းကြော် ကြော်နည်းလေးကို မေးထားတဲ့သူတွေအတွက် မာမာပြင်ဆင်တဲ့ နည်းလေးမျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ထမင်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးကို ချက်ထားပါ
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  4. ကြက်ဥ - နှစ်လုံး 
  5. ကြက်သွန်နီ - အနေတော် ၁ဥ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  7. မုံလာဥနီ - အနေတော် တစ်ဥ
  8. ဘေဘီပြောင်းဖူး  - ၅ဖူး
  9. ပဲတောင့်ရှည် - ၃ တောင့် 
  10. ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တ၀က် 
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ

  • ထမင်းဖြူကို ခပ်မာမာလေးချက်ပြီး အအေးခံထားကာ ထမင်းများကို ဖွထားပါ
  • ကြက်ဥကို ပွလာတဲ့အထိ ခလောက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး မိမိနှစ်သက်သလို လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကြော်နေစဉ် ငရုတ်ကောင်းမှုန့် ထည့်ပေးပြီး ကြက်ဥကျက်ာအောင် မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ လှီးထားသောပြောင်းဖူ  မုံလာဥနီ ပဲသီးနှင့် ဆားတို့ကို ထည့်မွှေပေးပါ
  • အသီးအရွက်များ  ထည့်မွှေပေးပြီးတာနဲ့ တစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ ချက်ပြီးအအေးခံထားသော ထမင်းဖြူနှင့် အရသာမှုန့်တို့ ထည့်ပေးပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာ သမသွားပြီဆိုတာနဲ့ အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ထမင်းကြော် ရပြီဆိုတာနဲ့ကြက်ဥ ထမင်းကြော်ကို မိမိနှစ်သက်သလို ပြင်ဆင်ပေးနိုင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

No comments:

Post a Comment