ဒီတခါတော့ မုံလာဥနီလေးတွေ ဝယ်လာတာ များနေတဲ့အတွက် ဆနွင်းမကင်းလေး ဖုတ်ဖြစ်ပြန်ပါတယ် စားလွှိုအရမ်းကောင်းပြီး အချိုပွဲ ပြင်လို့လဲ အရမ်းကောင်းလွန်းတဲ့ မုန့်တမျိုးပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မုံလာဥနီ - 1 kg
- ဂျုံမှုန့် - 120 g
- ရွှေကြည်မှုန့် - 60 g
- သကြား - 150 g (အချိုကြိုက်ပါက ပိုထည့်ပါ)
- ထောပါတ် - 150 g
- အုန်းနို့ - 150 g
- ရေ - 150 g
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဘိန်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
- အုန်းသီးမှုန့် - မိမိနှစ်သက်သလောက်
- မုန့်ဖုတ်မည့်ဘန်း - တခု
ပြင်ဆင်ပုံ
- မုန်လာဥနီကို အခွံခွာတဲ့ဒါးနှင့် အခွံများခွာပေးကာ ရေဆေးပြီး ရေစစ်ထားပါ
- ပြီးတာနဲ့ အမျှလေးများ ရလာအောင် ခြစ်ပေးပါ
- မုန့်ဖုတ်မည့် ဗန်းကို ထောပါတ်ဆီနှင့် သုတ်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ဇလုံတလုံးထဲမှာ ဘိန်းစေ့မှလွဲပြီး ကျန်တဲ့ပါဝင်ပစ္စည်းများကို ထည့်ပေးပြီး သမအောင် ရောမွှေပေးပါ
- ပြီးတာနဲ့ မကပ်တဲ့ အိုးတလုံးထဲမှာ ထည့်ပေးပြီး မီးအနေတော်နှင့် တည်ပေးပါ
- အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပြီး တည်ထားသော အိုးထဲမှာ မုံလာဥနီ မုန့်သားထဲမှ ထောပါတ်ဆီ ပြန်တက်လာတဲ့အထိ တည်ပေးပါ
- အိုးထဲမှာ ထောပါတ်ဆီ ပြန်တက်လာပါက မုန့်ဖုတ်မည့် ဗန်းထဲသို့ ထည့်ပေးပါ
- မုန့်သားထည့်နေစဉ် မုန့်သားမျက်နှာပြင်ကို ညီစေရန် လိုက်ဖိပေးပါ
- ပြီးတာနဲ့ မုန့်သားအပေါ်မှာ ဘိန်းစေ့များကို ဖြန့်ထည့်ပေးပါ
- အဆင်သင့်ဖြစ်တာနဲ့ မိုက်ခရိုဝေ့ထဲမှာ တမိနစ်စီ ၈မိနစ်လောက် ထည့်ပေးပါ
- မုန့်ဖုတ်တဲ့အချိန် ပြည့်တာနဲ့ မီးဖိုအပြင်ဖက် ထုတ်ပေးပြီး အအေးခံပေးပါ
- မုန့်သားအေးသွားတာနဲ့ မိမိနှစ်သက်သလို လှီးပေးပြီး အချိုပွဲအတွက် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
- မိုက်ခရိုဝေ့ မီးဖိုနဲ့ မဖုတ်ဘဲ oven နဲ့ ဖုတ်ပါက 200 c နှင့် ၁၀မိနစ်လောက် ကျိုပြီးဖွင့်ထားပြီး ၂၅မိနစ်လောက် ဖုတ်ပေးပါ
- မုန့်ဖုတ်ချိန် ပြည့်တာနဲ့ မီးပိတ်ပေးပြီး မီးဖိုထဲက လက်ကျန်အပူရှိန်နှင့် ၁၀မိနစ်လောက် ထည့်ထားပါ
- ပြီးမှ အပြင်ကို ထုတ်ပေးပြီး အအေးခံကာ မိမိနှစ်သက်သလို လှီးပေးပါ
- မုန့်သားကို လှီးပြီးတာနဲ့ အချိုပွဲအတွက် ပြင်ဆင်ပေးပြီး စားသုံးနိုင်ပါပြီ။
No comments:
Post a Comment