Friday 5 June 2020

ချဉ်ငံစပ် ပုဇွန်ချဉ်ကြော်




ဆောင်းရာသီလေးရောက်လာပြန်တော့ ပုဇွန်ချဉ်လေးတွေကို ကြော်စားသုပ်စား အမျိုးမျိုး လုပ်စားချင်လာတာနဲ့ ဗီယက်နမ်ဈေးကိုသွားပြီး ပုဇွန်ဆတ်ထုတ်လေးတွေ ဝယ်လာကာ ပုဇွန်ချဉ်လေး ထည့်ဖြစ်ပြန်ပါတယ်။

ပုဇွန်ချဉ် ထည့်နည်းတွေကိုတော့ http://mmlazp.blogspot.com/2020/06/blog-post_4.html   https://mmlazp.blogspot.com/2015/10/blog-post_271.html ,  https://mmlazp.blogspot.com/2019/11/blog-post_37.html , https://mmlazp.blogspot.com/2018/04/blog-post_8.html , https://mmlazp.blogspot.com/2015/11/blog-post_6.html ဒီလင့်လေးတွေမှာ တင်ပေးထားပါတယ် ပုဇွန်ချဉ်ထည့်နည်းတွေက အမျိုးမျိုး ရှိကြပါတယ် မိမိတို့ အဆင်ပြေမဲ့ နည်းလေးတွေနဲ့ အချဉ်ထည့်နိုင်ကြပါတယ် အခုကတော့ ပုဇွန်ချဉ် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ချဉ် - ထမင်းစားဇွန်း ငါးဇွန်းခန့်
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ငရုတ်သီးစိမ်း - ရှစ်တောင့် (ပါးပါးလှီးရန်)
  4. ငရုတ်သီးလုံးခြမ်းခွဲ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  5. ငရုတ်သီးစိမ်း - စားနိုင်သလောက် (အတောင့်လိုက် ထည့်ကြော်ရန်)
  6. နံနံပင် - မိမိနှစ်သက်သလောက်
  7. ရှမ်းနံနံ - နှစ်သက်သလောက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငံပြာရည် - အနည်းငယ်

ပြင်ဆင်ပုံ
  1. ပုဇွန်ချဉ်ထဲမှ ထမင်းများကို မစားချင်ပါက ဖယ်ထားပါ
  2. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရဆေးပြီး ခပ်ပါးပါး လှီးထားပါ
  3. ရှမ်းနံနံကို ရေဆေးပြီး ထက်ဝက်လှီးထားပါ
  4. နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  5. ငရုတ်သီးစိမ်း ရှစ်တောင့်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. ခရုတ်သီးစိမ်းကို ရေဆေးကာ အညှာခြွေထားပါ
  7. ဆီ အရသာမှုန့် ငံပြာရည် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ
  8. ဒယ်အိုးထဲကို ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ 
  9. ဆီပူလာပါက ကြက်သွန်နီကို နွမ်းရုံလေး ကြော်ပေးပါ
  10. ပြီးတာနဲ့ ငရုတ်သီး အကြမ်းမှုန့် နှင့် လှီးထားသော ငရုတ်သီးစိမ်းတို့ကို ထည့်ကြော်ပေးပါ
  11. ငရုတ်သီးနံ့ သင်းလာတာနဲ့ ပုဇွန်ချဉ်ထည့်ကာ မွှေပေးပါ
  12. ပြီးတာနဲ့ အရသာမှုန့် နှင့်ငံပြာရည်ကို ချင့်ချိန်ပြီး ထည့်ပေးပါ
  13. အရသာ သမသွားတာနဲ့ အရသာ မြည်းကာ လိုသလို ပြင်ပေးပါ
  14. ပြီးတာနဲ့ ရှမ်းနံနံ နံနံပင်နှင့် ငရုတ်သီးစိမ်း အတောင့်လိုက်တို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  15. ထမင်္ငးမြိန်ပြီး စားလို့အရမ်းကောင်းကာ အရသာ အလွန်ရှိလှသော ပုဇွန်ချဉ်ကြော် ချဉ်ငံစပ် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment