Tuesday 30 June 2020

ဟာလဝါ မွှေးမွှေးစိမ့်စိမ့်လေး










ဒီနေ့တော့ ကျောင်းကိုပြန်ရမဲ့ သမီးငယ်လေးအတွက် ဟာလဝါလေး လုပ်ပေးဖြစ်ပါတယ် အတန်းထဲက သူငယ်ချင်းတွေကို မြန်မာမုန့်လေးတွေ ကျွေးချင်လို့ပါဆိုတော့ ထမနဲလေးလဲ ထိုးလိုက်ပါသေးတယ်။

အခုလုပ်ထားတဲ့ အချိုးအစားက လူ၇ယောက်လောက် ကောင်းကောင်းစားနိုင်သလို မုန့်လုပ်စဉ် ပြန်ထွက်လာတဲ့ ဆီထဲမှာ ပြန်ပြီးစိမ်ထားပါက တစ်ပါတ်ကျော်ကျော် ထားလို့ရပါတယ်။

မုန့်လုပ်တဲ့အခါမှာ မုန့်သားကျက်ကာနီး အိုးထဲမှ ရေပွက်ပွက်များ ကုန်တဲ့အထိ မွှေပေးပြီး မုန့်ထဲမှ ဆီပြန်ထွက်လာတဲ့အထိ စိတ်ရှည်ရှည် ကျိုပေးစေချင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဟာလဝါ အလွယ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ပေါင်းအိုးဆန်ချင်ဗူး သုံးဗူး
  2. ဆန်မှုန့် - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ပေါင်းအိုးဆန်ချင်ဗူး ငါးဗူးသာသာ (ကြံသကာနှင့် သကြားကျိုရန်)
  4. ကြံသကာခဲ - 454 g
  5. သကြားအညို - 50 g
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အုန်းနို့ - ပေါင်းအိုးဆန်ချင်ဗူး ငါးဗူး (ready made ဗူးကိုသုံးပါတယ်)
  8. ဘိန်းစေ့ - ထမင်းစားဇွန်း ရှစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ဆယ့်ခြောက်ဇွန်း
  10. ထောပါတ် - ထမင်းစားဇွန်း ဆယ့်ခြောက်ဇွန်း
  11. မုန့်ထည့်ရန် အပူခံ ကော်ဗူး - တစ်ဗူး
  12. ဇောက်နက်ပြီး မကပ်သောအိုး - တစ်လုံး (မုန့်ကျိုရန်)
  13. သစ်သားယောင်းမ - အရှည်တစ်ချောင်း
ပြင်ဆင်ပုံ
  • မုန့်ကျိုမည့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • မုန့်ထည့်မည့် အပူခံသည့် ကော်ဗူးကို ဆီသုတ်ထားပါ
  • ဘိန်းစေ့ကို ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးပြီး အအေးခံထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ သကြားအညို  ကြံသကာနှင့် ရေတို့ကိုထည့်ပြီး ကျိုပေးပါ
  • ကြံသကာများ အရည်ပျော် သွားပါက မီးဖိုပေါ်မှ ဖယ်ပေးပြီး အမှိုက်များ စစ်ပေးထားပါ
  • ဇောက်နက်ပြီး မကပ်သော အိုးထဲမှာ ဆား ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်တို့ကို သမအောင် မွှေပေးပါ
  • အားလုံး အရသာ သမသွားတာနဲ့ ကြံသကာရည်နှင့် အုန်းနို့ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မုန့်ကျိုမည့်အိုးကို မီးဖိုပေါ်တင်ပြီး မီးအနေတော်နှင့် ကျိုပေးပါ
  • မီးဖိုပေါ် မုန့်ရည်အိုး အိုးစပြီး တင်ကတည်းက သစ်သားယောင်းမဖြင့် အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်းက ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်များ ပျစ်လာပါက ဆီနှင့် ထောပါတ်တို့ကို ထည့်မွှေပေးပါ
  • ဆီနှင့် ထောပါတ် ထည့်ပြီးတာနဲ့ အဆက်မပြတ် မွှေပေးပါ
  • ဆီနှင့်ထောပါတ် ထည့်မွှေပြီးတာနဲ့ မုန့်သားတွေ ကွဲလာတတ်ပါတယ်
  • မုန့်သားတွေ ကွဲလာတာနဲ့ ထောပါတ်များ ပျော်လာအောင် အဆက်မပြတ် မွှေပေးပါ
  • အဆက်မွှေရင်းက ကောက်ညှင်းသား သေလာလေလေ မုန့်သားက ပျစ်လာလေမို့လို့ ခပ်နာနာ မွှေပေးပါ
  • ထောပါတ်ဆီနှင့် မုန့်သား တစ်သားထဲ ကျလာလေလေ မွှေရတာ လွယ်လာလေမို့လို့ အိုးမကပ်စေရန် ဆက်တိုက် မွှေပေးပါ
  • ပြီးတာနဲ့ ဘိန်းစေ့များကို ထည့်ပေးပြီး ဆက်မွှေပေးပါ
  • မုန့်သားပြစ်လာပြီး မွှေနေချိန်မှာ ဆီများပြန်ထွက်လာပြီး မုန့်ထဲမှ ရေပွက်တာတွေ ပျောက်လာပါလိမ့မယ်
  • မုန့်သားနပ်လာကာ ဆီနှင့်မုန့်သား ကွဲသွားပြီး မုန့်သားအရောင် တက်လာပါက ဟာလဝါ မွှေးမွှေးစိမ့်စိမ့်လေး ရပါပြီ
  • အဆင်သင့် ဆီသုတ်ပြီး ပြင်ထားသော ဗူးထဲကို မုန့်သားများ လောင်းထည့်ပြီး အပြင်မှာဘဲ အအေးခံပါ
  • မုန့်သားအေးသွားတဲ့ အခါမှာ မုန့်သားထဲမှ ပြန်ထွက်လာသော ဆီများနှင့် မုန့်ကိုတာရှည် အထားခံနိုင်အောင် ထိုဆီထဲမှာ စိမ်ထားပေးပါ။

No comments:

Post a Comment