Friday 3 July 2020

နှမ်းမနဲ မွှေးမွှေးလေး












ဒီနေ့တော့ အရမ်းစားလို့ ကောင်းလွန်းတဲ့ နှမ်းမနဲလေး ထိုးဖြစ်ပါတယ် ဒီနှမ်းမနဲလေးကိုတော့ အရောင်လှစေရန်အတွက် ကောက်ညှင်းဆန် အဖြူ ရယ် ကောက်ညှင်းငချိတ်ရယ်ကို တစ်ဝက်ဆီရောပြီး ထိုးထားပါတယ်။

နောက်တစ်ခုကတော့ ရိုးရိုးထမနဲ ထိုးသလို မထိုးဘဲနဲ့ ကောက်ညှင်းဆန်တွေကို ထမင်းပေါင်းအိုးနဲ့ အရင်ဆုံး ကျက်အောင်ချက်ပြီးမှ ထိုးတာက ပိုပြီးမြန်မြန် ကျက်စေတဲ့အတွက် အချိန်မရတဲ့ အိမ်ရှင်မတွေအတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နှမ်းမနဲ ထိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန်အဖြူ  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
  4. အုန်းသီး - အနေတော် တစ်လုံး
  5. ချင်း - နှစ်လက်မခန့်
  6. နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  7. နှမ်းဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ချင်ဗူး တစ်ဝက်
  8. ဆား - လဖက်ရည်ဇွန်း တစ်ဇွန်း
  9. မြေပဲလှော် - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူး
  10. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ
  11. အောက်ချေမကပ်သော အိုး - တစ်လုံး
  12. သစ်သားယောင်းမ - တစ်ချောင်း

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန် နှစ်မျိုးလုံးကို ရောပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေထည့်ပေးကာ ထမင်းပေါင်းအိုးထဲမှာ ထည့်ပေးပြီး ကျက်အောင် ချက်ပေးပါ
  • ချင်းကို အခွံခွာကာ ရေဆေးပြီး အချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် လှီးပေးပါ 
        •  
  • အုန်းသီးကို ခပ်ပါးပါး အစိတ်လေးများရအောင် လှီးထားပါ 
  • မြေပဲကို ကျက်အောင်လှော်ပြီး အခွံချွတ်ထားပါ ( လှော်ပြီးသား သုံးလဲရ )
  • မြေပဲလှော် နှမ်းမဲနှင့် နှမ်းဖြူ တို့ကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် မကပ်တဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ချင်းကိုထည့်ပြီး ကြော်ပေးပါ
  • ချင်းနံ့လေး မွှေးလာတာနဲ့ အုန်းသီးကို ထည့်ကြော်ပေးပါ
  • အုန်းသီးနံ့လေး သင်းလာတာနဲ့ နှမ်းဖြူနှင့် နှမ်းမဲတို့ကို ထည့်ကြော်ပေးပါ
  • နှမ်းအနံ့လေး သင်းလာတာနဲ့ ချက်ထားတဲ့ ကောက်ညှင်းကို ထည့်မွှေပေးပါ
  • ကောက်ညှင်းသားနှင့် ကြော်ထားသော အစာများ ရောပြီးသမသွားစေရန် ဆက်တိုက်မွှေပေးပါ
  • ကောက်ညှင်းသားနှင့် အစာများ သမသွားကာ ဆီသားတက်လာပြီ ဆိုတာနဲ့မြေပဲလှော်ကိုထည့်ပြီး မွှေပေးပါ
  • မွှေနေရင်းက ဆီသား ကြွတ်ကြွတ်မြည်လာကာ ဆီပြန်တက်လာပြီ ဆိုတာနဲ့ နှမ်းမနဲ မွှေးမွှေးလေး ရပါပြီ
  • တာရှည် အထားခံရန် နှမ်းမနဲထိုးစဉ် ထွက်လာသော ဆီနှင့်ထမနဲကို မြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပြီး စားနိုင်ပါတယ်။

No comments:

Post a Comment