Wednesday 22 April 2020

မြိတ်မုန့်ဟင်းခါး


ဒီနေ့တော့ အွန်လိုင်းကနေ ကြည့်ပြီးတော့ မြိတ်မုန့်ဟင်းခါး ချက်ပါတယ် ပဲအကျက်မှုန့်နဲ့ ဆန်လှော်မှုန့် နှစ်မျိုး ပါတဲ့အတွက် အရသာကတော့ စားနေကျ မုန့်ဟင်းခါး အရသာတွေနဲ့ အနည်းငယ် ကွာသလိုဘဲ ခံစားရပါတယ်။

ငါးကိုလဲ ဆီမသပ်ဘဲ ချက်တဲ့အတွက် အရသာက တစ်မျိုးလေး ဆန်းနေတယ်လို့ ထင်မိပါတယ် အပြင်မှာလဲ မစားဖူးသလို အမြင်နဲ့ အရသာကိုဘဲ တွေးမိကာ အွန်လိုင်းက ကြည့်ပြီးချက်တဲ့အတွက် အမှားအယွင်းနဲ့ အလွဲလေးတွေလဲ ပါနိုင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ 
  1. မုန့်ဖတ် - တစ်ကီလို
  2. ငါးခူ - သုံးဆယ်သား
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်နီ - အလုံးသေး ၁၅လုံး
  7. ကြက်သွန်ဖြူ - တစ်ဆယ်သား
  8. ငှက်ပျောအူ - မိမိနှစ်သက်သလောက် 
  9. ဘဲဥ - ၇လုံး
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  11. ငါးငံပြာရည်- ထမင်းစားဇွန်း လေးဇွန်း
  12. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ငရုတ်ကောင်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  14. ဆန်လှော်မှုန့် - ထမင်းစားဇွန်း လေးဇွန်း
  15. ပဲအကျက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  16. နံနံပင် - မိမိနှစ်သက်သလောက်
  17. ပဲသီး - မိမိနှစ်သက်သလောက်
  18. ပူစီနံ - မိမိနှစ်သက်သလောက်
  19. ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
  20. ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
  21. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  22. သံပုရာသီး - မိမိနှစ်သက်သလောက်
  23. ရေ - ၂၀ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ဟင်းရည်ချက်ရန်
  24. ရေ ၂ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ငါးပြုပ်ရန်
  25. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂၀မွှာ (ဆီချက်ချက်ရန်)
  26. ဆီ - မုန့်လုပ်ရာတွင် ချင်သောခွက် သုံးဗူးစာ (ဆီချက်ချက်ရန်)
  27. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီချက်ချက်ရန်)
ငါးပြုပ်ရန်
  1. ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
  2. ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  3. ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင် ဆေးပေးပါ
  4. စပါးလင် နှစ်ပင်ကို ရေဆေးပြီး ထုပြီးအထုံးလေး ထုံးပေးပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေ စပါးလင်နှင့် ကြက်သွန်ဖြူတို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  7. ရေပွက်ပွက် ဆူလာတာနဲ့ ရေဆေးထားသော ငါးခူ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆီ ထမင်းစားဇွန်း နှစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့်  စပါးလင်တို့ထည့်ပြီး ပြုပ်ပေးပါ
  8. ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သတ်သတ်စီ ထွင်ပေးထားပါ
  9. အသားထွင်တဲ့အခါ ငါးအသား အမြှောင်းလေးတွေ ရအောင် ထွင်ပေးပါ
  10. အသားထွင်ထားသော ငါးအရိုများးနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းတို့ကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားကာ ငါးပြုပ်ရည်ထဲမှာ ပြန်ရောပေးထာပါ။
ငှက်ပျောအူလှီးရန်
  1. ဇလုံတစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုထည့်ပြီး ဖျော်ထားပါ
  2. ငှက်ပျောအူကို အဖတ်လေးတွေ ခွာပေးပြီး အကျောသင်ပေးပါ
  3. အကျောသင်ပြီးတာနဲ့ မထူမပါးလေးတွေလှီးပြီး နနွင်းဖျော်ထားသော ဇလုံထဲမှာထည့်ပြီး စိမ်ထားပါ
ဘဲဥပြုပ်ရန်
  1. အိုးတစ်လုံးထဲမှာ ဘဲဥများကို ရေမြုပ်အောင်ထည့်ပြီး ၁၀မိနစ်လောက် ပွက်ပွက်ဆူအောင် ပြုပ်ပေးပါ
  2. ဘဲဥကျက်သွားတာနဲ့ အအေးခံပြီး အခွံခွာထားပါ
    ဟင်းရည်အိုးတည်ရန်
    • ငရုတ်ကောင်းကို မွှေးလာအောင် လှော်ပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
    • အသားထွင်ထားသော ငါးအသားများကို ပြင်ထားပါ
    • ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့်နှင့် ငါးငံပြာရည်တို့ကို ပြင်ထားပါ
    • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
    • ဘဲဥ နှစ်လုံးကို ခပ်ပါးပါး လှီးထားပါ
    • ပဲအကျက်မှုန့်ကို ဇလုံတစ်လုံးထဲမှာ ထည့်ပြီး ရေဖျော်ထားပါ
    • ဆန်လှော်မှုန့်ကို ဇလုံတစ်လုံးထဲမှာထည့်ပြိး ရေဖျော်ထားပါ
    • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးပြုပ်ရည်နှင့် ရေ ဆား ငါးငံပြာရည် အချိုမှုန့် ငါးအသားတို့ကို ထဲ့ပေးပြီး မီးဖိုပေါ်တင်ပြီး တည်ပေးပါ
    • ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက အရိုးထွင်ထားသော ငါးအသားများ ငှက်ပျောအူနှင့် ကြက်သွန်နီတို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
    • ငှက်ပျောအူများ နူးလာပါက ဆန်လှော်မှုန့် အရည်ဖျော်နှင့် ပဲအကျက်မှုန့် အရည်ဖျော်တို့ကို ထည့်မွှေပေးပါ
    • ဟင်းရည်အိုးကို မွှေပြီးတာနဲ့  လှီးထားသော ကြက်ဥများနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပါ
    • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာ ရလာအောင် ပြင်ပေးပါ
    • အရသာ ပြင်ပေးပြီးတာနဲ့ မီးကိုပိတ်လိုက်ပြီး လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ တင်ထားပေးပါ။
    • ငှက်ပျောအူ မရှိပါက ကြာစွယ်ထည့်ပြီး ချက်နိုင်သလို ထဲ့မချက်လဲ ရပါတယ်
      မုန့်ပွဲပြင်ဆင်ရန်
      • မုန့်ဖတ်နှင့် ဟင်းရည်တို့ကို ပြင်ထားပါ
      • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
      • ပူစီနံကို ရေဆေးပြီး ပြင်ထားပါ
      • သံပုရာသီးကို ရေဆေးပြီး စိတ်ထားပေးပါ
      • ပဲသီးကို ရေဆေးပြီး အနေတော် လှီးပေးထားပါ
      • ဘဲဥကို အခွံခွာပြီး ထက်ဝက်ခြမ်း ထားပေးပါ
      • မိမိနှစ်သက်ရာ အကြော်တို့ကို ပြင်ထားပေးပါ
      • ငရုတ်သီး အလှော်မှုန့်ကို ပြင်ထားပါ
      • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်တစ်ခုထဲမှာ မုန့်ဖတ်နှင့်အတူ မိမိနှစ်သက်ရာတို့ကို အနည်းငယ်စီ ထဲ့ပေးပြီး မုန့်ဟင်းရည်ဆမ်းကာ မြိတ်မုန့်ဟင်းခါး ဟင်းရည်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။
      မှတ်ချက် ။ ။ အငံအရသာကိုတော့ မိမိတို့စိတ်ကြိုက် ထဲ့ပေးနိုင်ပါတယ် မာမာကတော့ အငံအရသာ ခပ်ပေါ့ပေါ့ စားတဲ့အတွက် အငံအရသာကို လျှော့ပေးပြီး ချက်ထားပါတယ်။

      No comments:

      Post a Comment