ဒီနေ့တော့ ကြက်ဟင်းခါးသီး အခါးသီးလေးတွေ ဝယ်လာဖြစ်တာနဲ့ အခါးကြိုက်တဲ့ အိမ်သားတွေအတွက် ကြော်ဖြစ်ပါတယ် ကြက်ဟင်းခါးသီးက ထိုင်ဝမ်သီး ခပ်ပွပွကြီးတွေဆို အခါးပေါ့ပြီး အခုလို မြန်မာသီး ခပ်ကျစ်ကျစ်နဲ့ ဘို့တွေအများကြီးပါတဲ့ အသီးဆိုရင်တော့ အခါးအရသာက လေးလေးပင်ပင် ရှိလွန်းလှပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ဟင်းခါးသီး - အနေတော် ငါးလုံး
- ပုဇွန်ခြောက် - အကောင် နှစ်ဆယ်ခန့်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ပြင်ဆင်ပုံ
- ကြက်ဟင်းခါးသီးကို ထိပ်နှစ်ဖက်မှ ဖြတ်ကာ ဇွန်းအရိုး ခပ်ရှည်ရှည်ဖြင့် အထဲမှ အစေ့များကို ကလော်ထုတ်ပေးပါ
- အစေ့များဖယ်ပြီးပါက ခပ်ထူထူ အနေအထားလေးတွေ အကွင်းလိုက် လှီးပေးပါ
- အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
- ဖယ်ထားသော အစေ့များကို အသုံးမလိုတဲ့အတွက် ဖယ်ထားလိုက်ပါ
- ပုဇွန်ခြောက်ကို ရေမြုပ်အောင်ထဲ့ပြီး ရေစိမ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စဉ်းထားပါ
- ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ရေစိမ်ထားသော ပုဇွန်ခြောက်များကို ရေစစ်ကာထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
- အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထဲ့ပြီး ဆီကိုအပူပေးပါ
- ဆီပူလာတာနဲ့ ပုဇွန်ခြောက်ထောင်းကို ထဲ့ကြော်ပေးပါ
- ပြီးတာနဲ့ပုဇွန်ခြောက်ထောင်းထဲမှာပါတဲ့ ကြက်သွန်များကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
- ကြက်သွန်နံ့ သင်းလာတာနဲ့ ငံပြာရည် ထည့်မွှေပေးပါ
- ပြီးတာနဲ့ ကြက်ဟင်းခါးသီးများကို ထည့်ကြော်ပေးပါ
- ဆား အရသာမှုန့်တို့ ထည့်မွှေပြီး အားလုံးကို သမအောင်မွှေကာ ကြော်ပေးပါ
- ကြော်နေစဉ်မှာ ဟင်းအိုး အိုးမကပ်စေရန် ကြက်ဟင်းခါးသီးများကို မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
- ကြက်ဟင်းခါးသီးများ နွမ်းလာပြီး ဆီသံကြား လာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့ ကြက်ဟင်းခါးသီးဟင်း ကြော်ချက်လေးကို စားသုံးဖို့ပြင်ဆင်ပေးနိုင်ပါပြီ။
No comments:
Post a Comment