Tuesday, 3 March 2020
ပြည်ကြီးငါး ဆန်ပြားကြော်
ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ ပြည်ကြီးငါး အကောင်သေးသေးလေးတွေနဲ့ ဆန်ပြားကြော်ပါတယ် ကြော်ပြီးပြီးချင်း ပူပူလေးစားရင် အရမ်းဘဲ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ဆန်ပြား - တစ်ရုတ်ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  2. ပြည်ကြီးငါး - အကောင်သေး 200 g
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ဘေဘီမုန့်ညှင်း - အနေတော် တစ်ပင်
  5. ဘေဘီပြောင်းဖူး - ငါးဖူး
  6. ပဲတောင့်ရှည် - ၅တောင့်
  7. ကြက်သွန်မိတ် - အနေတော်နှစ်ပင်
  8. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  9. ဘဲဥ - တစ်လုံး
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  12. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ၅ဇွန်း 
ပြည်ကြီးငါး သန့်စင်ပုံ
  1. ပြည်ကြီးငါး ကိုယ်လုံးထဲမှ သည်းခြေအိတ် ပလပ်စတစ်ပြားနှင့် အစာအိတ်တို့ကို ဖယ်ပေးပါ
  2. သည်းခြေအိတ်ကို ထုတ်ရာမှာ ပေါက်မထွက်သွားအောင် သတိထားပြီး ထုတ်ပေးပါ
  3. ပြည်ကြီးငါးရဲ့ ခေါင်းပိုင်းဖက်မှ မျက်စေ့နှင့် သွားနေရာတို့ကို ဖယ်ပေးပါ
  4. မလိုတာတွေ ဖယ်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးကာ ရေစစ်ထားပါ
ပြင်ဆင်ပုံ
  • ပြည်ကြီးငါးကို အဆင်သင့် ထားပေးပါ
  • ဆန်ပြားနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • ဘေဘီမုန့်ညှင်းကို ခပ်ကြမ်းကြမ်း လှီးပေပြီး ရေဆေးထားပါ
  • ဘေဘီပြောင်းဖူးကို ရေဆေးပြီး ထက်ဝက်ပိုင်းထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး ခပ်စောင်းစောင်း လှီးပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ရေစစ်ထားတဲ့ ပြည်ကြီးငါးကို အရင်ဆုံး ထည့်ေ ကြာ်ပေးပါ
  • ပြည်ကြီးငါးကို နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ တရုတ်နံနံနှင့် ကြက်သွန်မိတ်မှလွဲပြီး ကျန်နေသော အသီးအရွက်များတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ဆန်ပြားကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ကို ထဲ့ပေးပြီး အရသာမြည်းပြီကာ လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ကြော်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ပြည်ကြီးငါး ဆန်ပြားကြော်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
Monday, 2 March 2020
Mala Xiang Guo
တစ်နေ့တစ်နေ့ ဘာချက်စားရင် ကောင်းမလဲလို့ တွေးလိုက်မိတိုင်း ကိုယ်စားချင်တာတွေ အိမ်မှာအဆင်သင့် ရှိရဲ့ လား အိမ်မှာ အဆင်သင့် မရှိနေရင်လဲ ကိုယ့်အိမ်က ဈေးနဲ့ အတော်အတန် အလှမ်းဝေးတဲ့ နေရာမှာမို့လို့ အစီအစဉ်လေးတွေ ပျက်ပျက်သွားတာလဲ မကြာခန ဆိုသလိုပါဘဲ။
ဒီနေ့မှာတော့ အနှစ်နဲ့ချက်တဲ့နည်းလေးကို မျှဝေပေးလိုက်ပြီး နောက်နေ့တွေမှာ အနှစ်ချက်နည်းနဲ့ အရည်သောက်ချက်နည်းလေးတွေကို အလျဉ်းသင့်သလို မျှဝေပေးပါ့မယ် ဒီနေ့ပြင်ဆင်ထားတဲ့ အချိုးအစားက နှစ်ပွဲစာ ပြင်ထားတာ ဖြစ်တဲ့အတွက် အရည်သောက်တစ်ခွက်နဲ့ အနှစ်ချက် တစ်မယ်အစာအတွက် ခွဲပြီးသုံးထားပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ကြက်သား - 150 g
  2. ပုဇွန်ထုတ် - 100 g
  3. ပုဇွန်အကောင်လတ် - 100 g
  4. ခေါက်ဆွဲခြောက် - 454 g
  5. ပဲငပိ မာလာအနှစ် - ထမင်းစားဇွန်း သုံးဇွန်း
  6. ဆီတို့ဟူး မာလာအနှစ် - ထမင်းစားဇွန်း သုံးဇွန်း
  7. ငရုတ်သီးအခြောက်တောင့် - ငါးတောင့်
  8. ကြာစွယ် - လှီးပြီးသား ဆယ်ခုခန့်
  9. မုန့်ညှင်းစိမ်း - နှစ်ပင်
  10. မုံလာဥနီ - အနေတော် တစ်ဥ
  11. ဂေါ်ဖီ -  အနေတော် တစ်စိတ်
  12. ရွှေပဲသီး - ဆယ်တောင့်ခန့်
  13. ဆား - လိုသလောက် သုံးပေးပါ
  14. အရသာမှုန့် - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နဲ့ အရသာ ဝင်သွားအောင် နယ်ထားပါ
  • ပုဇွန်ထုတ်ကိုလဲ ရေစင်အောင်ဆေးကာ အမြှီးချန်ထားပြီး အခွံခွာ ခေါင်းဖြုတ်ပေးကာ ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့နှင့် နယ်ထားပါ
  • ပုဇွန်အကောင် အလတ်များကို ရေစင်အောင်ဆေးပြီး ခေါင်းဖြုတ်ပေးကာ အခွံများ ချန်ထားပြီး ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့နှင့် နယ်ထားပါ
  • ငရုတ်သီး အခြောက်တောင့်များကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးပေးထားပါ
  • မုန့်ညှင်းစိမ်းကို ရေစင်အောင်ဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ဂေါ်ဖီကို ရေစင်အောင်ဆေးပြီး အနေတော် လှီးပေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေစင်အောင် ဆေးပေးကာ မိမိနှစ်သက်သလို လှီးပေးထားပါ
  • ရွှေပဲသီးကို အကြောသင်ပေးပြီး ရေဆေးထားပါ
  • ကြာစွယ်များကို အဆင်သင့် ပြင်ထားပါ
  • ခေါက်ဆွဲခြောက်ကို ရေနွေးဆူဆူထဲမှာ ထည့်ပြီး ပျော့သွားတဲ့အထိ ပြုပ်ပေးကာ ရေနွေးသွန်ပြီး ရေစစ်ထားပါ
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ချက်ဖို့ပြင်ရန်
  1. အိုးတစ်လုံးထဲမှာ ကြက်သားနှင့် ရေမြုပ်အောင်ထည့်ပြီး ကြက်သားကို ကျက်သွားအောင် ပြုပ်ပေးပါ
  2. ကြာစွယ်နှင့် အသီးအရွက်များကိုလဲ ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲမှာ သုံးမိနစ်ခန့် ပြုပ်ပေးပြီး ဆယ်ယူကာ ရေစစ်ထားပါ
  3. ဒယ်အိုးတစ်လုံးထဲမှာ အဆင်သင့် ပြင်ထားသော မာလာအနှစ် နှစ်မျိုးကို ထည့်ပေးကာ အပူပေးပါ
  4. ဆီပူလာတာနဲ့ ငရုတ်သီးခြောက်များကို ထည့်မွှေပေးပါ
  5. ငရုတ်သီး အနံ့လေး သင်းလာတာနဲ့ ကြက်သားနှင့် ပုဇွန် ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ
  6. သုံးမိနစ်လောက် ရတာနဲ့ ခေါက်ဆွဲဖတ်များနှင့် အသီးအရွက်များကို ထည့်မွှေပေးပါ
  7. အားလုံးသမသွားပြီ ဆိုတာနဲ့ နှစ်မိနစ်လောက် တည်ထားပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  8. မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုရင်တော့ ပူပူစပ်စပ် မွှေးမွှေးလေးနဲ့ အရသာ ရှိလွန်းတဲ့ Mala Xiang Guo ကို သုံးဆောင်လို့ ရပါပြီ။
Sunday, 1 March 2020
ပလို့ပြောင်းဖူးထောင်း စပ်စပ်လေး
အေးရှန်းဆိုင်ကို ဈေးသွားဝယ်ရင်း ပလို့ပြောင်းဖူးလေးတွေ တွေ့တာနဲ့ ဝယ်လာပြီး ဒီနေ့တော့ ချဉ်ငံစပ်လေး ထောင်းပါတယ်။
 ပြောင်းဖူးက အစိမ့်အရသာဖက်နွယ်သလို စေးထန်းတဲ့ အရသာလဲ ရှိတဲ့အတွက် စားလို့အရမ်း ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ပလို့ ပြောင်းဖူး - နှစ်ဖူး
  2. ချယ်ရီခရမ်းချဉ်သီး - ၅လုံးခန့်
  3. ပဲတောင့်ရှည် - ၅တောင့်ခန့်
  4. ကြက်သွန်ဖြူ - ၃မွှာ
  5. ပုဇွန်ခြောက် - ၁၅ကောင်ခန့်
  6. ငရုတ်သီး အခြောက်တောင့် - ၅တောင့်ခန့်
  7. ထန်းလျှက်ခဲ - ခပ်သေးသေး တစ်ခဲ
  8. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - အနည်းငယ်
  10. သံပုရာသီး - တစ်ခြမ်း
  11. ကြက်ဥ -၂လုံး
ပြင်ဆင်ပုံ
  • ပြောင်းဖူးကို ကျက်အောင်ပြုပ်ပြီး ဓါးနှင့်လှီးချပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ပုဇွန်ခြောက်ကို ရေဆေးထားပါ
  • ငရုတ်သီး အခြောက်တောင့်ကို ရေဆေးထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာကာ အနေတော် စိတ်ပေးထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ငရုတ်ဆုံထဲမှာ အရင်ဆုံး ငရုတ်သီးတောင့်နှင့် ပုဇွန်ခြောက်ကို မညက်တညက် ရအောင် ထည့်ထောင်းပါ
  • ပြီးတာနဲ့ထန်းလျှက်ခဲနှင့် ပဲသီးတို့ကို ခပ်ဖွဖွ ထည့်ထားပါ
  • ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး ခရမ်းချဉ်သီး ဆား ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာပြင်ပြီးတာနဲ့ ပန်းကန်တခုထဲမှာ ပြောင်းဖူးထောင်းကိုထည့်ကာ ကြက်ဥကို ထည့်ပေးပြီး ပြောင်းဖူးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
Saturday, 29 February 2020
ငါးဖယ်ကြော်နှပ်
ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ငါးဆုတ်ကြော်နှပ်လေး ချက်ဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
ငါးဆုတ်ကြော်အတွက် ငါးအရသာနယ်ရန် 
  1. ငါးဖယ်ခြစ် - သုံးဆယ့်ငါးကျပ်သား(နုတ်နုတ်စဉ်းပေးပါ)
  2. ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ (အားလုံကိုရောနယ်ပြီး ဇလုံကျယ်ကျယ်ထဲမှာ အချက် ၁၀၀လောက်ပေါက်ပေးပါ)
ငါးဆုတ်ကြော်ရန်
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲ
  • ငါးပေါက်ပြီးသားကို အရင်ဆုံး ငါးဆုပ်ပုံစံလေး လုံးပေးပြီးမှ လက်ဝါးပေါ်တင်ကာ တင်ထားသော လက်၏ လက်မလေးဖြင့် ဖိပြားပေးပြီးမှ ဆီပူအိုးထဲသို့ တစ်ခါထဲ တန်းထဲ့ပြီးကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ငါးဆုတ်လုံးကို လှည့်ပေးပါ
  • ငါးဆုတ်တစ်ခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ထားပါ
ငါးဆုတ်ကြော်နှပ်အတွက် ပါဝင်ပစ္စည်းများ
  • ငါးဆုတ် - ၁၀ခု
  • ကြက်သွန်နီ - အနေတော် ၂လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တစ်ဆစ်ခန့်
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြော်ထားသော ငါးဆုတ်ကို အအေးခံပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေစင်အောင်တေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ အမြှောင်းရှည်ရှည်လေးတွေ လှီးထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးကာ ဆီကို ထည့်ပေးပါ
  • ဆီပူလာပါက. နနွင်းမှုန့်ထည့်ပြီး ကြက်သွန်အဖြူ ကြက်သွန်အနီ ချင်းတို့ကို မွှေးသွားအောင် ကြော်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော ငါးဖယ်ငါးဆုတ်နှင့် အရသာမှုန့် ငံပြာရည်တို့ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • မွှေးပျံ့သော ငါးဖယ်ကြော်နှပ်လေး ရပါပြီ။
Friday, 28 February 2020
ချဉ်ငံစပ် သီးစုံ ကြက်ခြေထောက်ထောင်း
ကြက်ခြေထောက်ရိုးတွေ အရိုးထုတ်ထားတာ များသွားတော့ နှစ်ရက်ခြား တစ်ခါလောက် ထောင်းပြီးစားဖြစ်နေပါတယ် တစ်ခါထောင်းရင် အရသာတစ်မျိုး စားရလေအောင် ပါဝင်ပစ္စည်းများလေးတွေကို လိုတိုးပိုလျှော့ လုပ်ပေးကာ ပြင်ဆင်ပြီး ထောင်းပေးထားပါတယ်။
ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မျောက်ငိုသီးနဲ့ ပဲတောင့်ရှည်လေးတွေ ထပ်တိုးပြီး ထောင်းဖြစ်လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ကြက်ခြေထောက် - ၃၅ ချောင်း (အရိုးထွင်ပြီးသား)
  2. ငရုတ်သီး အခြောက်တောင့် - ၅တောင့် (အစပ်ကြိုပ်ပါက ပိုထဲ့ပေးပါ)
  3. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  4. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  7. ပဲတောင့်ရှည် - လေးတောင့်ခန့်
  8. မျောက်ငိုသီး - မိမိနှစ်သက်သလောက်
  9. ခရမ်းချဉ်သီး အနေတော် နှစ်လုံး
  10. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  11. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  12. ငါးငံပြာရည်အချို - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဂဏန်းငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ကြက်သွန်နီ - အလုံးသေး တစ်လုံး
  15. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
  16. နံနံပင် - နှစ်သက်သလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်ခြေထောက်များကို ပြုပ်ပြီး အရိုးထုတ်ထားပါ။
  • သံပုရာသီးကို ရေဆေးပြီး တ၀က် ခြမ်းထားပါ။
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ထူထူ လှီးထားပါ
  • မျောက်ငိုသီးကို ရေဆေးပြီး ရေစစ်ထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးပေးထားပါ
  • ငရုတ်သီး အခြောက်တောင့်များကို အညှာခြွေပြီး ရေဆေးထားပါ
  • ဂဏန်းငံပြာရည်အနောက် ငါးငံပြာရည်အနောက် ငါးငံပြာရည်အကြည်တို့ကို ပြင်ထားပါ
ထောင်းရန်ပြင်ဆင်ပုံ
  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ။
  2. အနည်းငယ် မညက်တညက် အနေအထား ရသွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
  3. ထောင်းတဲ့နေရာမှာလဲ ခပ်ကြမ်းကြမ်း ထောင်းစရာ မလိုဘဲ ငရုတ်ကျည်ပွေ့နှင့် အသာအယာဘဲ ထောင်းပေးပါ
  4. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
  5. အရသာ သမသွားတာနဲ့ အရိုးထွင်ထားသော ကြက်ခြေထောက်များကို ထည့်ပေးပြီး အရသာသမအောင် ဇွန်းနှင့် မွှေပေးပါ။
  6. အရသာ သမလောက်ပြီ ဆိုတာနဲ့ လှီးထားသော ခရမ်းချဉ်သီး ပိုင်းဖြတ်ထားသော ပဲတောင့်ရှည် လှီးထားသော နံနံပင် ကြက်သွန်နီနှင့် သံပုရာရည်ကို ထည့်ပြီး ဇွန်းနှင့် ခပ်ဖွဖွလေး ၄ချက်လောက် မွှေပေးပါ။
  7. မွှေနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးကာ မျောက်ငိုသီးကို ထဲ့ပေးပြီး အထက်အောင် သမအောင် မွှေပေးပါ။
  8. ပြီးတာနဲ့ ကြက်ခြေထောက်ထောင်း ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
Thursday, 27 February 2020
ကြက်သားအမွ အကြွတ်ကြော်
သားကြီးလဲ စင်္ကာပူကို ပြန်ပါမယ် သမီးငယ်လေးလဲ တောဘက်ဆေးရုံ ပြောင်းရမယ်ဆိုတော့ သူတို့အတွက် ကြက်သားအမွကြော်လေးတွေ အမဲသား အမွကြော်လေးတွေ ဘာလချောင်ကြော်လေးတွေ ကြော်ပေးဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်သားအမွကြော် အချိုကြော်နည်းကို အရင်ဆုံး မျှဝေပေးချင်ပါတယ် ကြက်သားအမွကြော်က ပြုပ်ချိန် ကြော်ချိန်ကို အချိန်အတိအကျ ပြောလို့မရပါဘူး ဘယဖြစ်လို့လဲ ဆိုရင်တော့ မိမိတို့ အသုံးပြုတဲ့ မီးဖိုရဲ့ မီးအား အနည်းအများရယ် အသုံးပြုမဲ့ အိုးအထူ အပါးတို့ကြောင့် ပြုပ်ချိန်ကြော်ချိန်တွေ ကွာခြားတတ်ပါတယ်။
အခုလို ကြက်သားအမွ အကြွတ်ကြော်မယ်ဆိုရင်တော့ အိုးအသား ထူတာလေးနဲ့ ကြော်ပေးတာက ပိုကောင်းပါတယ် အိုးအသား ထူတဲ့အတွက် ကြက်သားတွေက အလွယ်တစ်ကူ မကျွမ်းနိုင်ပါဘူး။
နောက်တစ်ခုက အမွအကြွတ်လေး ရလာအောင် စိတ်ရှည်ရှည်နဲ့ ကြော်ပေးစေချင်ပါတယ် အစားကောင်းလေး စားချင်ရင်တော့ စိတ်ရှည်ပေးပါလို့ တိုက်တွန်းချင်ပါသေးတယ်။
ကြက်သားအမွ ကြော်ပြီး ဆီစစ်ပြီးတဲ့အခါမှာ ကြက်ကြော်ဆီ 1 cup စာလောက် ပြန်ထွက်လာပါတယ် ထိုကြက်ကြော်ဆီကို ထမင်းပူပူလေးနဲ့ နယ်ဖတ်ပြီး စားနိုင်ပါတယ်ရှင် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - တစ်ကီလိုခွဲ
  2. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - 3 cups
  6. ရေ - 3 cups (ကြက်သားပြုပ်ရန်)
ပြင်ဆင်ပုံ
  • ကြက်သားကို အတုံးလိုက် ရေဆေးပေးပါ
  • ဇောက်နက်ပြီး မွှေရချေရလွယ်သော အိုးတစ်လုံးထဲမှာ ကြက်သားနှင့် ရေတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး အိုးအဖုံးအုပ်ကာ မီးအားပြင်းပြင်းနှင့် ပြုပ်ပေးပါ
  • ကြက်သားအိုး ပြုပ်ထားစဉ် ကြက်သားများ အကျက်ညီစေရန် အထက်အောက် လှန်လှန်ပေးပါ
  • ပြုပ်နေစဉ် ကြက်သား ပြုပ်ရည်များ ဝေမကျစေရန် အဖုံးကို ခပ်ဟဟလေး အုပ်ထားပေးပါ
  • ကြက်သားပြုပ်ရည်များ မခမ်းခင် ဆား ကြက်သားမှုန့် နနွင်းမှုန့်နှင့် ဆီတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သားတုံးများကို သစ်သားယောင်းမနှင့် ဖိဖိပြီး ချေပေးပါ
  • ကြက်သားများ ကျေလာပြီး အသားမျှင်လေးတွေ မွလာတာနဲ့ အိုးမကပ်ဘဲ အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ကြက်သားဖတ်လေးများ အတော်လေး မွလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပါ
  • မီးလျှော့ပြီးတာနဲ့ ကြက်သားအမျှင်လေးများ မွပြီးကြွတ်လာအောင် စိတ်ရှည်လက်ရှည် ကြော်ပေးပါ
  • ကြက်သားကြော်လေးများ မွလာပြီး ဆီထဲမှ အမြှုပ်လေးများ ပြန်ထွက်လာတဲ့အထိ ကြော်ပေးပါ
  • ကြက်သားအမျှင်လေးများ မွပြီးကြွတ်လာတာနဲ့ ဆီစစ်ဇကာထဲ ခပ်ထည့်ပေးကာ ဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ဖန်ပုလင်း သန့်သန့်လေးထဲမှာ ထည့်ပေးကာ အဖုံးကို လုံအောင် ပိတ်ပေးထားပါ
  • စားချင်တဲ့အခါမှာ ဇွန်းသန့်သန့်လေးနဲ့ ခပ်ပေးပြီး အဖုံးကို လေလုံအောင် ပြန်ပိတ်ပေးထားပါ။
Wednesday, 26 February 2020
ရေခဲသုပ်
ရေခဲသုပ်လို့ ပြောလိုက်ရင် ငယ်ငယ်တုန်းက ကျောင်းဈေးတန်းမှာ ရေခဲပေါက်ဆီလေးတွေကို ဒုတ်နဲ့ထိုးပြီး ရောင်းတာကို ဝယ်စားခဲ့ကြတာတို့ ဖန်ခွက်ကြီးထဲမှာ ရေခဲခြစ်တွေထည့် သစ်သီးယိုတွေထည့်ပြီး အပေါ်ကနေ နီု့ဆီဆမ်းပေးတဲ့ ရေခဲသုပ်တို့ကို သတိရမိကြလိမ့်မယ်လို့ ထင်မိပါတယ်။
အခုလဲ မာမာ့သမီးလေးက ရေခဲသုပ် စားချင်လိုက်တာ မေမေရယ်လို့ ပူဆာလေတော့ အိမ်မှာရှိတဲ့ သစ်စေ့သစ်ဆံတွေရယ် ကိုယ်တိုင်လုပ်ထားတဲ့ ကျောက်ဖရုံယိုလေးတွေရယ်ကို အဆင်သင့် ရအောင်ပြင်ရပါတယ်။
ရေခဲခြစ်ကိုတော့ ရေခဲတုံး သေးသေးလေးတွေကို ဗလင်ဒါထဲမှာထည့်ပြီး ညက်နေအောင် ကြိတ်ပေးကာ ရေခဲသုပ်ကို အရောင်လှလှလေး လိုချင်တာနဲ့ နို့ဆီနှင့်အတူ အစာအရောင်ဆိုးဆေး အနီရောင် အဝါရောင် အစိမ်းရောင်တို့ကို ပြင်ထားလိုက်ပါတယ်။
ရေခဲသုပ်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ မိမိနှစ်သက်သလို အရသာ ဖန်တီးဖို့အတွက် ရေခဲသုပ် တစ်ခွက်စာအတွက် ပြင်ဆင်နိုင်ဖို့ရာ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ရေခဲတုံး - 3 cups
  2. နို့ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  3. အရောင်ဆိုးဆေး အနီရောင် - တစ်စက်ခန့်
  4. အရောင်ဆိုးဆေး အဝါရောင် - တစ်စက်ခန့်
  5. အရောင်ဆိုးဆေး အစိမ်းရောင် - တစ်စက်ခန့်
  6. ရေ - လိုသလောက် သုံးပေးပါ (အရောင်စပ်ရနနှင့် သကြားအရည်ကျိုရန်)
  7. ကျောက်ဖရုံယို - ထမင်းစားဇွန်း တစ်ဇွန်း
  8. သစ်စေ့သစ်ဆံ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. မြေပဲလှော်ထောင်း - ထမင်းစားဇွန်း တစ်ဝက်
  10. နာနတ်ယို - ထမင်းစားဇွန်း တစ်ဝက်
  11. စတော်ဘယ်ရီယို - ထမင်းစားဇွန်း တစ်ဝက်
  12. နှင်းဆီရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. သကြား - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  • ဖန်ခွက်တစ်ခုထဲမှာ ရေ ထမင်းစားဇွန်း သုံးဇွန်းစာနှင့် အစာအရောင်ဆိုးဆေး အနီရောင်ကို ထည်ွှပြီး မွှေထားပါ
  • အထက်ပါ နည်းအတိုင်းဘဲ အဝါရောင်နဲ့ အစိမ်းရောင်တို့ကို ဖျော်ပေးထားပါ
  • ဇောက်နက်သော အိုးအနေတော်ထဲမှာ ရေ 1 cupနှင့် သကြားတို့ကို ထည့်ပြီး သကြားများ အရည်ပျော်သွားအောင် ကျိုပေးပါ
  • သကြားများ အရည်ပျော်သွားတာနဲ့ အအေးခံထားပေးပါ
  • မြေပဲလှော်ကို အခွံများ ခြွတ်ပေးကာ အခွံများ ဖယ်ပေးပြီး မြေပဲစေ့များကို မညက်တစ်ညက် ထောင်းထားပေးပါ
  • မိမိနှစ်သက်သော စသ်စေ့သစ်ဆံများကို အဆင်သင့် ပြင်ထားပါ
  • ကျောက်ဖရုံယိုကို လက်တစ်စာ အတုံးလေးလေးတွေ တုံးထားပေးပါ
  • နာနတ်ယို စတော်ဘယ်ရီယိုတို့ကို ပြင်ထားပါ
  • နှင်းဆီရည်နှင့် နီု့ဆီတို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ရေခဲတုံးလေးတွေကို ဗလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ရေခဲတုံးလေးတွေ ကျေသွားပါက ပန်းကန်လုံး (သို့) ဖန်ခွက်ထဲကို ထည့်ပေးပါ
  • ရေခဲခြစ်ပြီးသား အပေါ်မှ အစေ့အဆံများ ယိုမျိုးစုံနှင့် မြေပဲလှော်ထောင်းတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရောင်ဆိုးဆေးများကို ထည့်ပေးပါ
  • ထိုအပေါ်ကမှ နှင်းဆီရည် သကြားရည်နှင့် နီု့ဆီကို ဆမ်းပေးပါ
  • အရသာအားလုံး မျှတအောင် ထည့်ပေးပြီးတာနဲ့ ရေခဲသုပ် ချိုချိုမွှေးမွှေး အေးအေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီရှင်။
Tuesday, 25 February 2020
အီကြာကွေး အစာသွပ်
ဒီနေ့တော့ အီကြာကွေး အစာသွပ် ကြော်နည်းလေး မျှဝေပေးချင်ပါတယ် အီကြာကွေး အစာသွပ်နည်းလေးက လွယ်ပါတယ် တစ်ချို့ကလဲ ပုဇွန်ထုတ် ကြက်သား ဝက်သားနှင့် မိမိတို့ နှစ်သက်ရာ အသားတို့ကို စင်းကောလုပ်ပြီး အရသာစပ်ကာ အစာသွပ်ကြပါတယ်။
မာမာကတော့ ပဲပြုပ်ကို အရသာထည့်ကာ ကျေနေအောင်ချေပြီး အစာသွပ်ထားပါတယ် ကြော်ပြီးတာနဲ့ စိမ့်ပြီးမွှေးနေတဲ့ အီကြာကွေး အစာသွပ်ကြော်လေးကို ကော်ဖီ လက်ဖက်ရည် ချိုစိမ့်စိမ့်လေးနဲ့ တွဲဖက်ပြီး သုံးဆောင်ဖို့ ရပါပြီ။
ပါဝင်ပစ္စည်းများ
  1. အီကြာကွေး - တစ်ချောင်း
  2. ပဲပြုပ် - တရုတ်ဟင်းရည်သောက် ပန်းကန်းအသေး - တစ်လုံးစာ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ရေနွေးပူပူ - ထမင်းစားဇွန်း သုံးဇွန်း (ပဲချေရာတွင် သုံးရန်)
  7. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. အကြော်မှုန့် - ထမင်းစားဇွန်း ငါးဇွန်း
  9. ရေ - လိုသလောက် သုံးပေးပါ (အကြော်မှုန့်ဖျော်ရန်)
  10. ဆီ - လိုသလောက် သုံးပေးပါ
အကြော်မှုန့် အရည်ဖျော်ရန်
  1. ဇလုံတစ်လုံးထဲမှာ အကြော်မှုန့်နှင့် ရေအနည်းငယ်ကို ထည့်ပေးပါ
  2. ရေကိုတစ်ခါထဲ အများကြီး မထည့်ဘဲ ခပ်ပျစ်ပျစ် အနေအထားရအောင် ရေနည်းနည်းချင်း ထည့်ပေးပါ
  3. မုန့်နှစ် ခပ်ပျစ်ပျစ် အနေအထား ရလာရင် ရပါပြီ
ပြင်ဆင်ပုံ
  • အီကြာကွေးကို ပုံပါအတိုင်း အလယ်မှနေပြီး ထက်ဝက်ပိုင်းဖြတ်ပေးပါ
  • ပြီးတာနဲ့ အလယ်မှနေပြီး ကပ်ကြေးနှင့် ခွဲပေးပါ
  • ဇလုံတစ်လုံးထဲမှာ ပဲပြုပ် ကြက်သားမှုန့် ဆား သကြားနှင့် ရေနွေးပူပူတို့ ထည့်ပေးကာ ပဲပြုပ်ကို ကျေသွားအောင် ချေပေးပါ
  • ပဲပြုပ်များ ကျေသွားတော့မှ ကြက်သွန်ကြော် ဆီချက်ဖတ်ကို ထည့်ပေးပြီး နယ်ပေးပါ
  • ပဲပြုပ်အဆင်သင့် ဖြစ်တာနဲ့ အီကြာကွေး အထဲကို ပဲများဝင်သလောက် ဖိသိပ်ပြီး သွပ်ပေးပါ
  • အားလုံး အစာသွပ်ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူပြီး အငွေ့တက်လာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး အီကြာကွေး တစ်ခုချင်းစီကို မုန့်နှစ်ထဲမှာ လူးပေးပါ
  • အီကြာကွေး တစ်ခုလုံး မုန့်နှစ်အုပ်သွားတာနဲ့ ဆီပူအိုးထဲကို အိုးဆန့်သလောက် ထည့်ပေးပါ
  • ကြော်နေစဉ် အီကြာကွေး တစ်ခုလုံး အကျက်ညီစေရန် အထက်အောက်ကို မကြာ မကြာ လှန်လှန်ပေးပါ
  • အီကြာကွေး တစ်ခုလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • အထက်ပါ နည်းအတိုင်း အီကြာကွေး ကုန်တဲ့အထိ ကြော်ပေးပါ
  • ဆီစစ်သွားတာနဲ့ အီကြာကွေးကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို ကော်ဖီ လက်ဖက်ရည် ပူပူလေးနဲ့ တွဲဖက်ကာ သုံးဆောင်ဖို့ ပြင်ပေးနိုင်ပါပြီရှင်။
Friday, 21 February 2020
Tiger Prawns အချိုကြော်
ပုဇွန်တွေထဲမှာ အရသာ တစ်မျိုးထူးပြီး အချိုအရသာ လေးပင်လွန်းတဲ့ Tiger Prawns တွေ တစ်ကီလိုကို $ 45နဲ့ ဝယ်လာခဲ့ပါတယ်။
ဝယ်ပြီးကာမှ ဈေးကြီးလွန်းလို့ မစားရက်စားရက်နဲ့ ဒီနေ့တော့ အချိုကြော်လေး ကြော်စားလိုက်ပါတယ် ထမင်းစားမြိန်စေမဲ့ ဟင်းတစ်မယ်ဖြစ်လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. Tiger Prawns - 500 g
  2. ကြက်သွန်နီ - အနေတော် သုံးလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ချင်း - ခပ်ပါးပါး လေးပြား
  5. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပုဇွန် အရသာနယ်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသား
  9. ဆီ - ထမင်းစားဇွန်း ၁၅ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ကိုရေဆေးပြီး ခေါင်းထဲမှ အစာအိတ်ကြောဖက်မှ အစာလမ်းကြောင်းကို ဖယ်ပေးပါ
  • ပြီးတာနဲ့ ပုဇွန်အခွံနှင့် ခေါင်းတို့ကို ဖယ်ပေးပါ
  • ပုဇွန်အခွံနဲ့ ခေါင်းတွေကိုတော့ ထည့်မကြော်ဘဲ ပုဇွန်ဆီချက်ဖို့အတွက် ဖယ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ အမျှင်လေးတွေ ရလာအောင် လှီးထားပါ
  • သန့်စင်ထားသောပုဇွန်ကို နနွင်း အရသာမှုန့် ငံပြာရည်တို့နဲ့နယ်ပြီး အရသာဝင်အောင် ဆယ်မိနစ်ခန့် နှပ်ထားပေးပါ
  • လိုအပ်တာတွေ ပြင်ပြီးပါက ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထဲ့ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာပါက ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အနည်းငယ် ဝါပြီးပျော့လာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်များ ဝါရောင်သန်းလာတာနဲ့ အရသာ နယ်ထားသော ပုဇွန်ကို ထဲ့ကြော်ပေးပါ
  • ပုဇွန်အရသာနယ်ကို ထဲ့ပြီးတာနဲ့ ၄မိနစ်လောက် ထဲ့ကြော်ပေးပါ
  • ပုဇွန်ကျက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာတဲ့အထိ လိုသလိုပြင်ကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ချိုပြီးမွှေးကာ အရသာ ရှိလွန်းတဲ့ Tiger Prawns ကြော်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
Thursday, 20 February 2020
ပဲသီးချဉ်ဖတ်
ဒီနေ့တော့ အေးရှန်းဆိုင်က ပဲတောင့်ရှည်လေးတွေ ဝယ်လာပြီးတော့ ဆန်ဆေးရည်လေး အချဉ်တည်ကာ ချဉ်ဖတ်ထဲ့ထားတာ ရသွားပါပြီ။
ဒါကြောင့်မို့လို့ ငါးပိရည်ကို ငါးကင်နဲ့ဖျော်ကာ ချဉ်ဖတ်တို့စရာနဲ့ ထမင်းပွဲအတွက် ပြင်ဆင်ဖြစ်ပါတယ် ပဲသီးချဉ်ဖတ်လေး တို့စားချင်တယ် ဆိုရင်တော့ အိမ်မှာ သန့်သန့်လေး အချဉ်ထည့်ပြီး စားနိုင်အောင် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
အချဉ်တည်ရန် ပါဝင်ပစ္စည်းများ
  1. ပဲတောင့်ရှည် - ၃၅ တောင့်ခန့်
  2. ဆန်ဆေးရည် - 4 cups
  3. ဆား - ထမင်းစားဇွန်း ၃ဇွန်းကျော်ကျော်
  4. အအေးခံထားသော ထမင်း - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ
အချဉ်ရည်တည်ပုံ
  • ထမင်းချက်ရန် ဆေးထားသော ဆန်ဆေးရည်ကို ဇလုံသန့်သန့်ဖြင့် ထည့်ထားပါ
  • ဆန်ဆေးရည်ထဲမှာ ဆားကိုပျော်အောင် ဇွန်းနဲ့မွှေပြီး ဖျော်လိုက်ပါ
  • အငံ ခပ်လေးလေး ဖြစ်မဖြစ် ဇွန်းနှင့်ခပ်ကာ လျှာနှင့် အနည်းငယ် တို့ကြည့်လိုက်ပါ
  • တော်တော်လေး ငံနေမှ ဖြစ်မှာမို့ ဆားကို ပေးထားတဲ့အတိုင်း ထည့်ပေးပါ
  • ဆားမငံပါက အချဉ်ရည် အူလည်လည်ကြီး ဖြစ်သွားတတ်ပါတယ်
  • ဆားထည့်ပြီးတာနဲ့ အအေးခံထားသော ထမင်းကို ဆန်ဆေးရည်ထဲ ထည့်ပေးပါ( မနက်ကချက်ပြီး ညနေပိုသော ထမင်းကြမ်းဆို ပိုပြီးကောင်းပါတယ်)
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အချဉ်တည်ရန် ပုလင်းထဲသို့ ပြောင်းထည့်ပြီး အဖုံးအုပ်ကာ နေပူပူမှာ ၃ရက်လောက် လှန်းပေးပါ
  • နေပူမရပါက အခန်းအပူချိန်များသော မီးဖိုဆောင်ထဲမှာ ထားပေးပါ
  • နေပူထဲမှာ ထားပေးပါက ၃ရက်လောက်ဆို အချဉ်တည်ရန် အဆင်သင့် ဖြစ်ပါပြီ
အချဉ်ထည့်ရန်
  • ပဲတောင့်ရှည်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ မိမိအဆင်ပြေသလို အစည်းလေးတွေ စည်းပေးပါ
  • အစည်းလေးတွေ စည်းပြီးထည့်ထားပါက ပုလင်းထဲက ပြန်ထုတ်တဲ့အခါ သပ်သပ်ယပ်ယပ်လေး ထုတ်ယူလို့ ရပါတယ်
  • အချဉ်ထည့်ခါနီး လက်ကို သန့်ရှင်းအောင် အရင်ဆုံး ဆေးထားပါ
  • ပဲတောင့်ရှည်များကို အချဉ်ရည်ထဲစိမ်ပြီး အဖုံးအုပ်ကာ သုံးရက်လောက် ထားပေးပါ
  • ပဲသီးများ အရောင်ပြောင်းလာပြီး ချဉ်လာပါက ငါးပိရည် တို့စရာတို့နှင့် ပြင်ဆင်ပေးနိုင်ပါပြီ
  • ပဲသီးချဉ်ဖတ်ကို တို့စရာ လုပ်စားနိုင်သလို အသုပ်သုပ်ပေးကာ ပြင်ဆင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ကာ စားသုံးနိုင်ပါပြီ ။
Wednesday, 19 February 2020
ကြက်ဟင်းခါးသီး ကြော်ချက်
ကြက်ဟင်းခါးသီး အကျစ်သီးလေးတွေ ဝယ်လာပြီး ကြော်ချက်လေး ချက်ထားပါတယ် အခါးအရသာဘက်ကို နည်းနည်းပိုပါတယ်။
မာမာက အခါးအရသာကို ပိုကြိုက်တဲ့အတွက် ကြက်ဟင်းခါးသီးကို ရေနဲ့ဘဲဆေးပြီး သဘာဝ အရသာလေး ရအောင်ချက်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်ဟင်းခါးသီး အကျစ်သီး ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အနေတော် ၅လုံး
  2. ပုဇွန်ခြောက် - အကောင် နှစ်ဆယ်ခန့်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  10. ဆီ - စားပွဲတင်ဇွန်းကြီး နှစ်ဇွန်း
ပြင်ဆင်ပုံ
  1. ကြက်ဟင်းခါးသီးကို ထိပ်နှစ်ဖက်မှ ဖြတ်ကာ ဇွန်းရှည်ရှည်ဖြင့် အထဲမှ အစေ့များကို ကလော်ထုတ်ပေးပါ
  2. အစေ့များဖယ်ပြီးပါက ခပ်ထူထူ အနေအထားလေးတွေ လှီးပေးပါ
  3. အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  4. ဖယ်ထားသော အစေ့များကို အသုံးမလိုတဲ့အတွက် ဖယ်ထားလိုက်ပါ
  5. ပုဇွန်ခြောက်ကို ရေမြုပ်အောင်ထဲ့ပြီး ရေစိမ်ထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
  7. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စဉ်းထားပါ
  8. ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  9. အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထဲ့ပြီး ဆီကိုအပူပေးပါ
  10. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထဲ့ကြော်ပေးပါ
  11. ပြီးတာနဲ့ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
  12. ငရုတ်သီးနံ့ သင်းလာတာနဲ့ ငံပြာရည် ထည့်မွှေပေးပါ
  13. ပြီးတာနဲ့ ပုဇွန်ခြောက်ကို မိနစ်ဝက်လောက် ထည့်ကြော်၍ ကြက်ဟင်းခါးသီးကို ထည့်ကြော်ပေးပါ
  14. ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တမိနစ်လောက် ပြည့်တာနဲ့ ရေ ထမင်းစားဇွန် ၇ ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  15. ဟင်းအိုး အိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  16. ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်ဟင်းခါးသီးဟင်း ကြော်ချက်စပ်စပ်လေးကို စားသုံးဖို့ပြင်ဆင်ပေးနိုင်ပါပြီ။