ဒီနေ့တော့ အေးရှန်းဆိုင်က ပဲတောင့်ရှည်လေးတွေ ဝယ်လာပြီးတော့ ဆန်ဆေးရည်လေး အချဉ်တည်ကာ ချဉ်ဖတ်ထဲ့ထားတာ ရသွားပါပြီ။
ဒါကြောင့်မို့လို့ ငါးပိရည်ကို ငါးကင်နဲ့ဖျော်ကာ ချဉ်ဖတ်တို့စရာနဲ့ ထမင်းပွဲအတွက် ပြင်ဆင်ဖြစ်ပါတယ် ပဲသီးချဉ်ဖတ်လေး တို့စားချင်တယ် ဆိုရင်တော့ အိမ်မှာ သန့်သန့်လေး အချဉ်ထည့်ပြီး စားနိုင်အောင် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
အချဉ်တည်ရန် ပါဝင်ပစ္စည်းများ
- ပဲတောင့်ရှည် - ၃၅ တောင့်ခန့်
- ဆန်ဆေးရည် - 4 cups
- ဆား - ထမင်းစားဇွန်း ၃ဇွန်းကျော်ကျော်
- အအေးခံထားသော ထမင်း - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ
- ထမင်းချက်ရန် ဆေးထားသော ဆန်ဆေးရည်ကို ဇလုံသန့်သန့်ဖြင့် ထည့်ထားပါ
- ဆန်ဆေးရည်ထဲမှာ ဆားကိုပျော်အောင် ဇွန်းနဲ့မွှေပြီး ဖျော်လိုက်ပါ
- အငံ ခပ်လေးလေး ဖြစ်မဖြစ် ဇွန်းနှင့်ခပ်ကာ လျှာနှင့် အနည်းငယ် တို့ကြည့်လိုက်ပါ
- တော်တော်လေး ငံနေမှ ဖြစ်မှာမို့ ဆားကို ပေးထားတဲ့အတိုင်း ထည့်ပေးပါ
- ဆားမငံပါက အချဉ်ရည် အူလည်လည်ကြီး ဖြစ်သွားတတ်ပါတယ်
- ဆားထည့်ပြီးတာနဲ့ အအေးခံထားသော ထမင်းကို ဆန်ဆေးရည်ထဲ ထည့်ပေးပါ( မနက်ကချက်ပြီး ညနေပိုသော ထမင်းကြမ်းဆို ပိုပြီးကောင်းပါတယ်)
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ အချဉ်တည်ရန် ပုလင်းထဲသို့ ပြောင်းထည့်ပြီး အဖုံးအုပ်ကာ နေပူပူမှာ ၃ရက်လောက် လှန်းပေးပါ
- နေပူမရပါက အခန်းအပူချိန်များသော မီးဖိုဆောင်ထဲမှာ ထားပေးပါ
- နေပူထဲမှာ ထားပေးပါက ၃ရက်လောက်ဆို အချဉ်တည်ရန် အဆင်သင့် ဖြစ်ပါပြီ
အချဉ်ထည့်ရန်
- ပဲတောင့်ရှည်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ မိမိအဆင်ပြေသလို အစည်းလေးတွေ စည်းပေးပါ
- အစည်းလေးတွေ စည်းပြီးထည့်ထားပါက ပုလင်းထဲက ပြန်ထုတ်တဲ့အခါ သပ်သပ်ယပ်ယပ်လေး ထုတ်ယူလို့ ရပါတယ်
- အချဉ်ထည့်ခါနီး လက်ကို သန့်ရှင်းအောင် အရင်ဆုံး ဆေးထားပါ
- ပဲတောင့်ရှည်များကို အချဉ်ရည်ထဲစိမ်ပြီး အဖုံးအုပ်ကာ သုံးရက်လောက် ထားပေးပါ
- ပဲသီးများ အရောင်ပြောင်းလာပြီး ချဉ်လာပါက ငါးပိရည် တို့စရာတို့နှင့် ပြင်ဆင်ပေးနိုင်ပါပြီ
- ပဲသီးချဉ်ဖတ်ကို တို့စရာ လုပ်စားနိုင်သလို အသုပ်သုပ်ပေးကာ ပြင်ဆင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ကာ စားသုံးနိုင်ပါပြီ ။
No comments:
Post a Comment