Saturday, 15 June 2019

ကြာဇံကြော် မွှေးမွှေးလေး










ဒီနေ့တော့ ဆန်ကြာဇံကြော်လေး စားချင်တာနဲ့ အသီးအရွက်ေလးတွေလှီးပြီး အသားမပါဘဲ ကြော်ဖြစ်ပါတယ် မာမာက အခုနောက်ပိုင်း အသားသိပ်မစားတော့ အသားမထည့်ဘဲ ချက်ဖြစ်တာက များပါတယ်။

အသားမပါပေမဲ့ မာမာအခုပြထားတဲ့ အရသာလေးတွေကို ထည့်ကြော်မယ်ဆိုရင်တော့ တရုတ်ဆိုင်တွေက အရသာအတိုင်းထွက်တဲ့ ခေါက်ဆွဲကြော် ကြာဇံကြော် အရသာတွေအတိုင်း ထွက်မှာဖြစ်လို့ မာမာကြော်တဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်ကြာဇံ - 150 g
  • ပဲတောင့်ရှည် - ၅တောင့်
  • ပန်းဂေါ်ဖီ - အခက်ကြီးကြီး နှစ်ခက်
  • ဂေါ်ဖီ - တစ်စိတ်ခန့်
  • မုံလာဥနီ - အနေတော် တစ်ဥ
  • ဘရော့ကိုလီ - အခက်ကြီးကြီး နှစ်ခက်
  • တရုတ်နံနံ - အနည်းငယ်
  • ငံပြာရည်အကြည် ထမင်းစားဇွန်း - ၂ဇွန်း
  • ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  • ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ငံပြာရည်မွှေး - ထမင်းစားဇွန်း တစ်ဝက်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ဥ - တလုံး
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ

  1. ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ပြီး ၅နာရီလောက် စိမ်ထားပါ
  2. ကြော်ကာနီးပါက ရေစိမ်ထားသော ကြာဇံကို ရေစစ်ထားပါ
  3. ပါဝင်သော အသီးအရွက်များ အားလုံးကိုမလှီးခင် ရေဆေးပြီး ရေစစ်ထားပါ
  4. ရေစစ်သွားတာနဲ့ မိမိနှစ်သက်သလို ခပ်ထူထူလေးတွေ လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  7. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 
  8. ကြက်သွန်ဖြူနံ့ မွှေးလာပါက ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  9. ကြက်ဥကျက်တာနဲ့ ပဲသီး မုံလာဥနီ ဘရော့ကိုလီ ဂေါ်ဖီနှင့် ပန်းဂေါ်ဖီတို့ကို ထည့်ကြော်ပါ
  10. အသီးအရွက်များ ထည့်ပြီးတာနဲ့ ဆား ငံပြာရည်အကြည် နှမ်းဆီမွှေး ခရုဆီ ငံပြာရည်မွှေးနှင့် အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ အနည်းငယ် နွမ်းအောင်ကြော်ပေးပြါ
  11. ပီးတာနဲ့ ကြာဇံထဲ့ပြီး ရောကြော်၍ ကြာဇံပျော့လာပြီ ဆိုတာနဲ့ ပဲငံပြာရည်နှင့် ငရုတ်ကောင်းမှုန့် ထည့်မွှေပေးပါ 
  12. အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ 
  13. အရသာ ပြင်ပြီးတာနဲ့ တရုတ်နံနံထည့်ပြီး အားလုံးကို ရောမွှေကာ မီးပိတ်ပေးပါ။
  14. အသားမပါပေမဲ့ အင်မတန်မှ စားလို့ကောင်းလွန်းတဲ့  ဆန်ကြာဇံကြော်လေး ရပါပြီ။

Friday, 14 June 2019

ဂဏန်း ကော်ရည်ခေါက်ဆွဲ





ရာသီဥတု အရမ်းအေးနေချိန်မှာ ဘာစားချင်မှန်း မသိဖြစ်နေပြီး ဂဏန်းသားလေးတွေ ရှိနေတာနဲ့ ဂဏန်းသားကော်ရည် လုပ်စားဖြစ်ပါတယ်။

တယောက်နဲ့တယောက် အကြိုက်ချင်း မတူနိုင်ကြတဲ့အတွက် အပေါ့အငံ အရသာကိုတော့ မိမိစိတ်ကြိုက် ပြင်ဆင်ပြီး ချက်ပေးနိုင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ ကော်ရည်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (ပွဲကြီးနှစ်ပွဲစာ)

  • ဂဏန်းအသား - မိမိနှစ်သက်သလောက် 
  • ကြက်ရင်ပုံ - 150 g
  • ခေါက်ဆွဲဖတ် အစို - တရုတ်ဟင်းပြင်ပန်းကန် အလတ် တစ်လုံးစာ
  • မှိုမဲ - ၁၀ပွင့်
  • မုန်လာဥနီ - အနေတော် တဥ
  • ကြက်ဥ - တစ်လုံး
  • ကော်မှုန့် ( corn flour ) - ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
  • ရေ - 1 cup (ကော်မှုန့်ဖျော်ရန်)
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ကြက်သွန်ဖြူဆီချက်အဖတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  • တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  • ရေ - 6 cups (ကြက်သားပြုပ်ရန်)
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေ 6 cups ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  •  ပွက်ပွက်ဆူနေသော ရေနွေးထဲမှာ ကြက်သားကို ထည့်ပေးပြီး မီးအားပြင်းပြင်းနှင့် ၈ မိနစ်ခန့် ပြုပ်ပေးပါ
  • ပြုပ်ပြီးတာနဲ့ ဆယ်ပြီးအအေးခံကာ အသားများကို အမျှင်လေးများဖြစ်အောင် ထွင်ထားပေးပါ
  • ဂဏန်းအသားကို ပြင်ထားပါ
  • ကြက်သွန်ဖြူ ဆီချက်ဖတ်ကို ပြင်ထားပါ
  • မှိုမည်းကို  ရေ၃နာရီလောက် စိမ်ထားပြီး ပါးပါးလှီးထားပါ
  • မုံလာဥနီကို မိမိနှစ်သက်သည့်ပုံစံ လှီးပေးထားပါ
  • ကြက်ဥကို ခလောက်ထားပါ
  • ခေါက်ဆွဲဖတ်ကို ပြင်ထားပါ
ကော်ရည်အိုးတည်ရန်
  • ကြက်ပြုပ်ရည်အိုးကို ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အသားထွင်ထားသော ကြက်သားနှင့် ဂဏန်းအသားများကို ထည့်ပေးပါ
  • လှီးထားသော မှို မုန်လာဥနီနှင့် ပဲပြားတို့ကို ဟင်းရည်အိုး ဆူဆူထဲ ထည့်ပေးပါ
  • တရုတ်မဆလာ ကြက်သားမှုန့်နှင့် ဆားတို့ကို ထည့်ပေးပါ
  • ဟင်းရည်အိုး ပြန်ဆူလာတာနဲ့ ခလောက်ထားသော ကြက်ဥကို ဇကာခံပြီး ထည့်ပေးပါ 
  • ကြက်ဥအမျှင်လေးများ ရလာအောင် ဇကာထဲသို့ လောင်းထည့်နေသည့် အချိန်မှာ ဇကာကို ဝေ့ဝှိုက်ပေးပါ
  • ကြက်ဥထည့်ပြီး ဟင်းရည်အိုး ပြန်ဆူလာပါက မီးကိုအလယ်လောက်ထိ လျှော့ပေးပြီးမှ ဖျော်ထားသော ကော်မှုန့်အရည် အနည်ထိုင်နေတာတွေကို ပြန်မွှေပေးပြီးမှ လောင်းထည့်ပေးပါ
  • ကော်မှုန့်များ ခဲမသွားစေရန် နှစ်မိနစ်ခန့် အဆက်မပြတ် မွှေပေးပါ 
  • ပြီးတာနဲ့ ပဲငံပြာရည်အပျစ်  ငရုတ်ကောင်းမှုန့် နှင့် ကြက်သွန်ဖြူဆီချက်တို့ကို ထည့်ပြီး ဟင်းရည်အိုးကို အဖုံးဖုံးကာ မီးကိုပိတ်ပေးပါ
  • မီးပိတ်ပြီးတာနဲ့ မိမိစားနိုင်သလောက် ခေါက်ဆွဲဖတ်ကို ပန်းကန်လုံးထဲမှာ ထည့်ပေးပြီး ဟင်းရည်ကိုထည့်ပေးကာ ကော်ရည်ခေါက်ဆွဲ ပူပူလေးကို ပုဇွန်ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Monday, 10 June 2019

ဆယ်လ်မွန် ငါးကင်






ဆယ်လ်မွန်းငါး ပိုင်းပြီးသားလေးတွေ ဝယ်လာပြီး ဒီနေ့တော့ pressure cooker အိုးလေးနဲ့ ကင်ဖြစ်သွားလို့ မာမာကင်တဲ့နည်းလေး မျှဝေလိုက်ပါတယ် မိမိအသုံးပြုမဲ့ ငါးရဲ့ အသားတုံး အထူအပါး အပေါ်မူတည်ပြီး မိနစ်အနည်းအများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ဆယ်လ်မွန်ငါး - လေးပိုင်း
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း  ငါးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ
  • သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • ငါးကိုရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး စိတ်ထားပါ
  • ရေစစ်ထားသောငါးကို ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါ
  • အသားငါးကင်ရန်အတွက် အကင်အိုးကို အသုံးမပြုပါက အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာပါက ဆီထည့်ပြီး မီးကိုအနည်းငယ်လျှော့ပြီးမှ အရသာနယ်ထားသောငါးကို အရည်ခွံဘက်မှ စပြီးထည့်ပေးပါ
  • ငါးရဲ့အရည်ခွံဖက်ကို ၃မိနစ်လောက် ကင်ပေးပြီးမှ နောက်တဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
  • အသားဖက်အခြမ်းကို နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
Pressure Cooker နဲ့ကင်နည်း
  • Pressure Cooker ကို brown ခလုတ်ကို နှိပ်ပြီး ၅မိနစ် နာရီ ချိန်ပေးပါ
  • ပြီးတာနဲ့ အိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူတာနဲ့ ငါးကို အရည်ခွံဘက်မှ စပြီး ထည့်ပေးပြီး အဖုံးမအုပ်ဘဲ ကင်ပေးပါ
  • သုံးမိနစ်လောက် ကင်ပေးပြီး အရည်ခွံဖက်မှ ကျက်တာနဲ့ အသားဘက်ကို လှန်ပေးကာ နှစ်မိနစ်ခန့် ကင်ပေးပါ
  • ငါးအသား ကျက်ပြီဆိုတာနဲ့ အိုးထဲမှ ဖယ်ပေးပြီး စားပွဲပြင်ပေးပါ
  • ဆယ်လ်မွန်ငါးကင်နှင့်သံပုရာသီးစိတ်လေးများကို ပြင်ပေးပြီးတာနဲ့ ငါးကင် မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပါပြီ။

Sunday, 9 June 2019

ငါးလေးအိုးကပ် ဆီပြန်ဟင်း









ဒီနေ့တော့ ဗီယက်နမ်ဈေးကနေ white bait ငါးလေးတွေ ဝယ်လာလို့ အချဉ်ဆီပြန်ဟင်းလေးကို အရိုးနူးပြီး လွယ်ကူမြန်ဆန်စွာ ချက်နိုင်မဲ့ ရိုးရိုးအိုးရယ် pressure cooker ရယ်နဲ့ ချက်တဲ့နည်းလေးကို မျှဝေပေးလိုက်တယ်။

ပါဝင်ပစ္စည်းများ

  • ငါးသားလေး - 500 g
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်းသာသာ
  • ကြက်သွန်နီ - အနေတော် တဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  • ချင်း - လက်တဆစ်ခန့်
  • သံပုရာသီး - တစ်လုံး
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ပြင်ဆင်ပုံ
  1. ငါးကို ရေစင်အောင်ဆေးပြီး ဆား ငါးငံပြာရည် သံပုရာရည် အရသာမှုန့် နနွင်းမှုန့်တို့နဲ့ အရသာဝင်အောင် ခပ်ဖွဖွ နယ်ထားပါ
  2. ချင်း ကြက်သွန်ဖြူ ကြက်သွန်နီ တို့ကို အခွံခွာပြီး ရေစင်အောင်ဆေးထာပါ
  3. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းထားပါ
ရိုးရိုးအိုးနှင့် ချက်ရန်
  1. အောက်ခြေမကပ်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို မွှေးလာတဲ့ထိ ထည့်မွှေပါ
  3. ငရုတ်သီးဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသောငါးကို ထည့်ပြီးဆီသတ်ပါ
  4. ဆီသတ်နေစဉ် ငါးထဲမှ ထွက်လာသော အရည်များခမ်းတဲ့ထိ အိုးကို မကြာမကြာ လှုပ်လှုပ်ပေးပါ
  5. ရေခမ်းပြီဆိုတာနဲ့ ငါးများရေမြုပ်အောင် ရေထပ်ထည့်ပေးပြီး ဆက်တည်ပေးပါ
  6. ငါးအသားများ မကျေစေရန် အရမ်းမွှေမပေးဘဲ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  7. ဆီပြန်ပြီး အိုးကပ်ပြီဆိုတာနဲ့ ငါးလေးအိုကပ်ဆီပြန်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးနိုင်ပါပြီ။
Pressure Cooker နှင့် ချက်ရန်
  1. Pressure Cooker ကို brown ခလုတ်ကို နှိပ်ပြီး ၁၀မိနစ် နာရီချိန်ပေးပါ
  2. ပြီးတာနဲ့ ဆီထည့်ပေးပါ 
  3. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  4. ဆီသတ်နေစဉ် အကျက်ညီစေရန် သစ်သားယောင်းမနှင့် မွှေပေးပါ
  5. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ငါးကိုထည့်မွှေပေးပါ
  6. ပြီးတာနဲ့ ငါးအသား မာလာတဲ့အထိ ချက်ပေးပါ
  7. ငါးအသား မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံး မအုပ်ဘဲ တည်ပေးပါ
  8. ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  9. ရေခမ်းပြီး ဆီပြန်လာတာနဲ့ငါးသားလေး ဆီပြန်ဟင်း မွှေးမွှေးလေးကို ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Saturday, 8 June 2019

ငါးဥ သရက်သီးစိမ်းကြော်











ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ ငါးဥလေးတွေကို သရက်သီးစိမ်းနဲ့ ချဉ်စိမ့်စိမ့်လေး ကြော်ဖြစ်လို့ စားလို့ရမ်းကောင်းလွန်းတဲ့ ငါးဥ အချဉ်ဆီပြန်ကြော်လေး ချက်ဖြစ်သွားတာနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးဥ - ၂ခု
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး မွှာ
  • ကြက်သွန်နီ - အနေတော် နှစ်လုံး
  • ချင်း - လက်တဆစ်ခန့်
  • သရက်သီးစိမ် - အနေတော် နှစ်လုံး
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်ပုံ

  • ငါးဥကို ရေဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလောက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော်လေးတွေ လှီးပေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • သရက်သီးစိမ်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • အရင်ဆုံး pressure cooker ကို simmer ခလုတ်ကိုနှိပ်ပြီး ၇မိနစ် ချိန်ပေးပါ
  • ပြီးတာနဲ့ ဆီထည့်ပေးပြီး ဆီပူလာအောင် တည်ပေးပါ
  • ဆီပူလာပါက နနွင်းမှုန့် ချင်း ကြက်သွန်ဖြူ ကြက်သွန်နီနီနှင့် ချင်းတို့ကို တမိနစ်လောက် မွှေးလာတဲ့ထိ ကြော်ပေးပါ
  • ဆီကြော်နံ့မွှေးလာပြီး ကြက်သွန်များ နွမ်းလာပါက သရက်သီးစိမ်းကို ထည့်ကြော်ပေးပါ
  • သရက်သီးစိမ်းများ အိသွားပါက ငါးဥ ဆား ငံပြာရည် အရသာမှုန့်တို့ကိုထဲ့ပြီး ငါးဥအသားများ ကျေလာတဲ့အထိ သစ်သားယောင်းမဖြင့် ဖိချေပေးပါ
  • ငါးဥများ ကျေသွားတာနဲ့ ဆီကြွတ်ကြွတ်မြည်တဲ့အထိ တည်ပေးပါ
  • ဆီမပြန်ခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဆီပြန်လာပါက ချဉ်ချဉ်စိမ့်စိမ့်လေးနဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ ငါးဥ သရက်သီးစိမ်းကြော်ဟင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Monday, 3 June 2019

ဂွေးသီးဆားရည်စိမ်









ဗီယက်နမ်ဈေးကိုသွားတိုင်း ကိုယ်စားတတ်တာလေးတွေ တွေ့ရင် အပင်ပန်းခံပြီး ဝယ်လာတတ်ပါတယ် ဒီတခါလဲ ဂွေးသီးတွေတွေ့တော့ အများကြီးဝယ်လာပြီး အမျိုးစုံ လုပ်စားဖြစ်ပြန်တယ်။

ဒီနေ့တော့ ထမင်းလဲ စားလို့ မိန်စေသလို နေ့လည်နေ့ခင်း ဆားငရုတ်သီးမှုန့်လေးနဲ့ အပျင်းပြေစားချင်ရင်လဲ စားလို့ရအောင်  ဂွေးသီးဆားရည်စိမ်လေးတွေ လုပ်ထားတာ ရပြီမို့လို့  ဂွေးသီးဆားရည်စိမ် လုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ဂွေးသီး - ၁၈လုံးခန့်
  • ရေ - ဖန်ပုလင်း တစ်ဝက် (ဂွေးသီးများ ဖိသိပ်ပြီး ထည့်လို့ရမည့် ဖန်ပုလင်း)
  • ဆားကြမ်း - ထမင်းစားဇွန်း တဇွန်း(ဆားကို ဖန်ပုလင်းထဲမှာ ထည့်ထားသည့် ရေငံနေသည် ထိမွှေပေးပါ )
ပြင်ဆင်ပုံ
  1. ဂွေးသီးများကို ရေစင်အောင် ဆေးပေးပါ။
  2. ပုလင်းသန့်သန့်ဖြစ်တဲ့ ဖန်ပုလင်း တစ်လုံးထဲမှာ ရေနှင့်ဆားကို ငံနေသည်ထိ ရောပြီးဖျော်ထားပေးပါ။
  3. ဆားများ အရည်ပျော်သွားတာနဲ့ ရေဆေးထားသော ဂွေးသီးများကို ပုလင်းဆန့်သလောက် ဖိသိပ်ထည့်ပေးပါ။
  4. အသီးများ ဆန့်သလောက် ဖိသိပ်ပြီး ထည့်ပေးပါ။
  5. အသီးများ ပေါလောပေါ် နေပါက အပေါ်ယံအသီးများ ပုတ်ပြီးမဲကုန်တတ်ပါတယ်။
  6. ပြီးတာနဲ့ ပုလင်းအဖုံးကို အဖုံးလုံအောင် ပိတ်ထားပါ။
  7. တပါတ်လောက်နေရင် အသီးများ အရောင်ပြောင်းလာကာ ဂွေသီးဆားရည်စိမ် ချဉ်ချဉ်ငံငံလေးကို ရပါပြီ။
  8. မှတ်ချက် ။ ။ မိမိအသုံးပြုမည့် အသီးအရည်အတွက် ခပ်များများလေး လုပ်ချင်ရင်လဲ ပုလင်းခပ်ကြီးကြီးထဲမှာ ရေတစ်ဝက်ထည့်ပေးကာ ဆားကိုငံနေအောင် ဖျော်ပေးရင်ရပါတယ်။

Saturday, 1 June 2019

မန်ကျည်းသီးစိမ်း ငါးပိချက်












ဗီယက်နမ်ဈေးကအပြန် မန်ကျည်းသီးစိမ်းလေးတွေ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်ေ ငါးပိချက်လေးလး ချက်ထားပါတယ် ဒီတစ်ခါချက်တဲ့ မန်ကျည်းသီးစိမ်းက အနည်းငယ် ရင့်နေတဲ့အတွက် ပြင်ဆင်ပုံလေးလဲ ပြောပြထားပါတယ်။

ငါးပိချက်က ပုဇွန်ခေါင်းချိုးလေးတွေလေးတွေနဲ့ချက်ရင် ပိုပြီးစားလို့ကောင်းပါတယ် ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ ပုဇွန်ခေါင်းချိုးလေးတွေနဲ့ ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ
  • မန်ကျည်းသီးစိမ်း - အနေတော် ၁၅၀တောင့်လောက်
  • ပုဇွန်ခေါင်းချိုး - နှစ်ဆယ်သား
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ခပ်ပါးပါးလှီးရန်)
  • ကြက်သွန်နီ - အနေတော် နှစ်လုံး (ထောင်းရန်)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း ၄ဇွန်း
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၆ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ဟင်းခတ်ဇွန်းကြီး တဇွန်း 
ပြင်ဆင်ပုံ
  • မန်ကျည်းသီးစိမ်း အခွံမှာ ကပ်နေသော အညိုရောင် အပေါ်ယံများ ကျွတ်သွားအောင် ဓါးနှင့် ခြစ်ပေးပါ။
  • မန်ကျည်းသီးစိမ်းက အနည်းငယ် ရင့်တဲ့အတွက် အစေ့များထုတ်ရန် ထက်ခြမ်းခြမ်းကာ အစေ့များ ထုတ်ပေးပါ။
  • ပြီးတာနဲ့ ရေသုံးထပ်လောက်ဆေးပြီး ရေစစ်ကာ မညက်တညက် ထောင်းပေးထားပါ။
  • ပုဇွန်ကို ရေဆေးပြီး ခေါင်းဖြုတ်ပြီး ကြောဖက်မှ အမည်းကြောင်းကို ဖယ်းထားပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရဆေးထားပါ။
  • ကြက်သွန်နီ နှစ်လုံးသို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • ငရုတ်သီးမှုန့်ကို ပြင်ထားပါ။
  • ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်တို့ကို ရောပြီး ထောင်းပေးပါ။
  • နနွင်းမှုန့် ဆီ ငံပြာရည် အရသာမှုန့်တို့ကို ပြင်ထားပါ။
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့် ထည့်ပေးပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းအောင်ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ကြော်ပေးပါ။
  • ငရုတ်သီးနံ့သင်းလာတာနဲ့ ပုဇွန်များကို ထည့်မွှေပေးပါ။
  • ပုဇွန်များ မာလာတာနဲ့ ငံပြာရည်နှင့်အရသာမှုန့်ကိုထည့်မွှေပေးပါ။
  • ပြီးတာနဲ့ ထောင်းထားသော မန်ကျည်းသီးစိမ်းကို ထည့်မွှေပေးပြီး ၅မိနစ်လောက် ကြော်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ။
  • ရေခမ်ုးပီး ဆီမပြန်ခင်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာမြည်းပြီးတာနဲ့ဆီပြန်ပြီး အနည်းငယ်ခြောက်လာအောင် မီးအေးအေးနဲ့ တည်ပေးပါ
  • ပြီးတာနဲ့ငရုတ်သီးစိမ်းလေးတွေ ထည့်မွှေပေးကာ မီးပိတ်ပေးပါ။
  • ချဉ်ငံစပ်မွှေး မန်ကျည်းသီးစိမ်း ငါးပိချက်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။