ဒီနေ့တော့ ဗီယက်နမ်ဈေးကနေ white bait ငါးလေးတွေ ဝယ်လာလို့ အချဉ်ဆီပြန်ဟင်းလေးကို အရိုးနူးပြီး လွယ်ကူမြန်ဆန်စွာ ချက်နိုင်မဲ့ ရိုးရိုးအိုးရယ် pressure cooker ရယ်နဲ့ ချက်တဲ့နည်းလေးကို မျှဝေပေးလိုက်တယ်။
ပါဝင်ပစ္စည်းများ
- ငါးသားလေး - 500 g
- ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်းသာသာ
- ကြက်သွန်နီ - အနေတော် တဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ချင်း - လက်တဆစ်ခန့်
- သံပုရာသီး - တစ်လုံး
- ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ပြင်ဆင်ပုံ
- ငါးကို ရေစင်အောင်ဆေးပြီး ဆား ငါးငံပြာရည် သံပုရာရည် အရသာမှုန့် နနွင်းမှုန့်တို့နဲ့ အရသာဝင်အောင် ခပ်ဖွဖွ နယ်ထားပါ
- ချင်း ကြက်သွန်ဖြူ ကြက်သွန်နီ တို့ကို အခွံခွာပြီး ရေစင်အောင်ဆေးထာပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းထားပါ
ရိုးရိုးအိုးနှင့် ချက်ရန်
- အောက်ခြေမကပ်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို မွှေးလာတဲ့ထိ ထည့်မွှေပါ
- ငရုတ်သီးဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသောငါးကို ထည့်ပြီးဆီသတ်ပါ
- ဆီသတ်နေစဉ် ငါးထဲမှ ထွက်လာသော အရည်များခမ်းတဲ့ထိ အိုးကို မကြာမကြာ လှုပ်လှုပ်ပေးပါ
- ရေခမ်းပြီဆိုတာနဲ့ ငါးများရေမြုပ်အောင် ရေထပ်ထည့်ပေးပြီး ဆက်တည်ပေးပါ
- ငါးအသားများ မကျေစေရန် အရမ်းမွှေမပေးဘဲ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
- ဆီပြန်ပြီး အိုးကပ်ပြီဆိုတာနဲ့ ငါးလေးအိုကပ်ဆီပြန်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးနိုင်ပါပြီ။
Pressure Cooker နှင့် ချက်ရန်
- Pressure Cooker ကို brown ခလုတ်ကို နှိပ်ပြီး ၁၀မိနစ် နာရီချိန်ပေးပါ
- ပြီးတာနဲ့ ဆီထည့်ပေးပါ
- ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နေစဉ် အကျက်ညီစေရန် သစ်သားယောင်းမနှင့် မွှေပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ငါးကိုထည့်မွှေပေးပါ
- ပြီးတာနဲ့ ငါးအသား မာလာတဲ့အထိ ချက်ပေးပါ
- ငါးအသား မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံး မအုပ်ဘဲ တည်ပေးပါ
- ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ရေခမ်းပြီး ဆီပြန်လာတာနဲ့ငါးသားလေး ဆီပြန်ဟင်း မွှေးမွှေးလေးကို ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment