ဗီယက်နမ်ဈေးကိုသွားတိုင်း ကိုယ်စားတတ်တာလေးတွေ တွေ့ရင် အပင်ပန်းခံပြီး ဝယ်လာတတ်ပါတယ် ဒီတခါလဲ ဂွေးသီးတွေတွေ့တော့ အများကြီးဝယ်လာပြီး အမျိုးစုံ လုပ်စားဖြစ်ပြန်တယ်။
ဒီနေ့တော့ ထမင်းလဲ စားလို့ မိန်စေသလို နေ့လည်နေ့ခင်း ဆားငရုတ်သီးမှုန့်လေးနဲ့ အပျင်းပြေစားချင်ရင်လဲ စားလို့ရအောင် ဂွေးသီးဆားရည်စိမ်လေးတွေ လုပ်ထားတာ ရပြီမို့လို့ ဂွေးသီးဆားရည်စိမ် လုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဂွေးသီး - ၁၈လုံးခန့်
- ရေ - ဖန်ပုလင်း တစ်ဝက် (ဂွေးသီးများ ဖိသိပ်ပြီး ထည့်လို့ရမည့် ဖန်ပုလင်း)
- ဆားကြမ်း - ထမင်းစားဇွန်း တဇွန်း(ဆားကို ဖန်ပုလင်းထဲမှာ ထည့်ထားသည့် ရေငံနေသည် ထိမွှေပေးပါ )
ပြင်ဆင်ပုံ
- ဂွေးသီးများကို ရေစင်အောင် ဆေးပေးပါ။
- ပုလင်းသန့်သန့်ဖြစ်တဲ့ ဖန်ပုလင်း တစ်လုံးထဲမှာ ရေနှင့်ဆားကို ငံနေသည်ထိ ရောပြီးဖျော်ထားပေးပါ။
- ဆားများ အရည်ပျော်သွားတာနဲ့ ရေဆေးထားသော ဂွေးသီးများကို ပုလင်းဆန့်သလောက် ဖိသိပ်ထည့်ပေးပါ။
- အသီးများ ဆန့်သလောက် ဖိသိပ်ပြီး ထည့်ပေးပါ။
- အသီးများ ပေါလောပေါ် နေပါက အပေါ်ယံအသီးများ ပုတ်ပြီးမဲကုန်တတ်ပါတယ်။
- ပြီးတာနဲ့ ပုလင်းအဖုံးကို အဖုံးလုံအောင် ပိတ်ထားပါ။
- တပါတ်လောက်နေရင် အသီးများ အရောင်ပြောင်းလာကာ ဂွေသီးဆားရည်စိမ် ချဉ်ချဉ်ငံငံလေးကို ရပါပြီ။
- မှတ်ချက် ။ ။ မိမိအသုံးပြုမည့် အသီးအရည်အတွက် ခပ်များများလေး လုပ်ချင်ရင်လဲ ပုလင်းခပ်ကြီးကြီးထဲမှာ ရေတစ်ဝက်ထည့်ပေးကာ ဆားကိုငံနေအောင် ဖျော်ပေးရင်ရပါတယ်။
No comments:
Post a Comment