Monday, 21 October 2019

ပဲပြားအုန်းနို့ ကြာဇံကြီး




ဒီနေ့တော့ ကြာဇံကြီးဖတ်လေးတွေ ဝယ်လာဖြစ်တာနဲ့ သတ်သတ်လွတ် အုန်းနို့ ကြာဇံကြီး စားချင်သူတွေအတွက် အရမ်းကိုအဆင်ပြေလွန်းတဲ့ ပဲပြားဆီသတ် အုန်းနို့ ကြာဇံကြီး ချက်စားဖြစ်ပါတယ်။

မာမာ့သမီးလေး စားရအောင် ချက်လိုက်ပြီး အသားမပါဘဲ သတ်သတ်လွတ်လေး ချက်ဖြစ်ပေမဲ့ စားလို့ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. နန်းကြီးဖတ်အစို - ၇ဆယ်သား
  2. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ပဲပြား - ၂တုံး
  4. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်ဥ (ပဲပြားဆီသတ်ရန်)
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄ မွှာ (ပဲပြားဆီသတ်ရန်)
  6. ကြက်သွန်နီ - အလုံးသေး ၇ ဥ (ဟင်းရည်အိုးထဲထည့်ရန်)
  7. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်ဥ (မုန့်ပွဲပြင်သည့်အထဲ ထည့်ရန်)
  8. အုန်းဆီ ချက်ပြီးသား - ထမင်းစားဇွန်း ၅ဇွန်းသာသာ
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ (ဆီသတ်ရန်)
  10. ဆား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (အငံစားပါက ပိုထဲ့ပေးပါ)
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  14. ခေါက်ဆွဲဖတ် သို့မဟုတ် နန်းကြီးဖတ် - 1500 g
  15. ဆီ - ထမင်းစားဇွန်း ၅ဇွန်း (အုန်းဆီချက်ရန်)
  16. ဆီ - ထမင်းစားဇွန်း ၅ဇွန်း ပဲပြားဆီသတ်ရန်) )
  17. ဘဲဥ - သို့မဟုတ် ကြက်ဥ ၅လုံး (ပြုပ်ပြီးအခွံခွာထားပါ)
  18. သံပုရာသီး - လိုသလောက် သုံးပေးပါ
  19. နံနံပင် - လိုသလောက် သုံးပေးပါ
ပဲပြားဆီသတ်ရန်

  •  
  • ပဲပြားကို ရေဆေးပြီး အနေတော် အတုံးလေးများ ရအောင် လှီးထားပါ
  • ကြက်သွန်နီ အလုံးကြီးနှစ်လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေေေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ညက်နေအောင် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထဲ့ပြီး အပူပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးထောင်းတို့ကို နွမ်းအောင်ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းပါက လှီးထားသော ပဲပြားနှင့် ဆားကို ထည့်ပြီး မွှေးလာအောင် မွှေပေးပါ
  • ငရုတ်သီးနံ့မွှေးလာပြီး ဆီပြန်လာပါက ရပါပြီ။

အုန်းဆီချက်ရန်
  • အုန်းသီးကို သုံးပါက အုန်းသီးကို ခြစ်နဲ့ခြစ်ပြီး အုန်းသီးမှုန့်များကို ရေနွေးပူပူလေး နဲနဲခြင်းလောင်းပြီး နယ်ပါ
  • ရေနွေးကို နည်းနည်းခြင်းဘဲ ထည့်ပြီးနယ်လိုက် အရည်ယူလိုက် လုပ်ပါ
  • ရေအရမ်းများစေရန် သတိထားပြီးနယ်ပါ
  •  ရေများပါက အုန်းဆီချက်လျှင် ကြာတတ်ပါတယ်
  • အုန်းနို့များ ထွက်လာပါက အဖတ်များ မပါအောင် အ၀တ်ပါးထဲ ထည့်ပြီး ညှစ်ချပါ
  • ရလာသော အုန်းနို့ကို ဆီထမင်းစားဇွန်း ၅ဇွန်းခန့်ထည့်ပြီး အုန်းဆီဖတ်လေး ရတဲ့အထိ အုန်းဆီချက်ပေးထားပါ
  • Ready made အုန်းနို့ဗူးကို သုံးပါက အုန်းနို့ကို အိုးထဲပြောင်းထည့်ပြီး ဆီထမင်းစားဇွန်း ၅ဇွန်းထည့်ပြီး အုန်းဆီဖတ်လေးများ ရတဲ့အထိ ချက်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ထားပါ။
ဟင်းရည်ချက်ရန်
  • ဇောက်နက်သော အိုးထဲမှာ ကုလားပဲ အစိမ်းမှုန့်ကို ရေ 2 cups နှင့် ကျသွေားအောင် ဖျော်ပေးပါ
  • ပဲများကျေသွားပါက မီးဖိုပေါ်တင်ပြီး အဆက်မပြတ် မွှေပေးပါ
  • ၅မိနစ်လောက် မွှေပေးပြီးပါက ပဲများ ဥလာပြီဆိုရင် ပဲပြားဆီသတ်ပြီးသားကို ဟင်းရည်အိုးထဲကို ထည့်ပေးပါ
  • တစ်ဆက်ထဲမှာဘဲ အခွံခွာထားသော ကြက်သွန်နီ ဥလေးများကို ထည့်ပေးပါ
  • အခွံခွာထားသော ကြက်ဥနှစ်လုံးကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကက်သွန်နီ အလုံးသေးများကို ဟင်းရည်ထဲထဲ့ရန် အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  • ပြီးတာနဲ့ ပဲရည်ကျိုထားသော အိုးထဲကို သကြား အရသာမှုန့်  ချက်ထားသော အုန်းဆီနှင့်  ရေ 5 cups ထည့်ပြီး ဟင်းရည်အိုးကို ဆူအောင် တည်ပေးပါ
  • ဟင်းရည်များ ဆူလာပြီး ကြက်သွန်ဥလေးများ နူးပါက လှီးထားသော ကြက်ဥကို ထည့်ပေးပါ
  • ပြီးတာနဲ့ အပေါ့အငံမြည်းပြီး အရသာကို မိမိစိတ်ကြိုက်ရတဲ့အထိ ပြင်ပေးကာ မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ။
တစ်ပွဲစာပြင်ရန်
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွကာ ထက်ဝက်ခြမ်းထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့်ကို ပြင်ထားပါ
  • ကြာဇံကြီးဖတ်ကို ပြင်ထားပါ
  • ပန်းကန်တခုထဲ ကြာဇံကြီးဖတ်ထည့်ကာ အားလုံးကို အနည်းငယ်စီ ထည့်ပေးထားပြီး သံပုရာရည် ညှစ်ပြီး ဟင်းရည်လိုသလောက်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

Sunday, 20 October 2019

တို့ဟူးနွှေး







ဒီနေ့တော့ တို့ဟူးနွှေး လုပ်စားဖြစ်တာလေးကို မျှဝေပေးချင်ပါတယ် တို့ဟူးနွှေးဆိုတာမျိုးက ပဲနဲ့လုပ်ရတာမို့လို့ ပဲမှုန့်က အရမ်းလတ်ဆတ်ဖို့တော့ လိုပါတယ်။

ပထမအကြိမ် မြန်မာပြည်က ဝယ်လာတဲ့ ပဲမှုန့်နဲ့ လုပ်လိုက်တာ ပဲမှုန့်က မလတ်တော့ ကျိုပြီးအခါမှာ ခါးသက်သက်နဲ့ စားလို့မကောင်းတဲ့အတွက် သွန်ပြစ်လိုက်ရပါတယ်။

ဒါကြောင့်မို့လို့ တို့ဟူးနွှေး လုပ်တော့မယ်ဆိုရင်တော့ ကုလားပဲမှုန့် လတ်လတ်ဆတ်ဆတ်နဲ့ လုပ်ပေးပါလို့လဲ အကြံလေး ပေးချင်ပါသေးတယ်။

ပြင်ဆင်ပုံ ပြင်ဆင်နည်းတွေကတော့ မြန်မာပြည်က အစားအစာ တစ်မျိုးဖြစ်ပြီး ရှမ်းလူမျိုးတို့ရဲ့  အစားအစာ တစ်မျိုးဖြစ်တဲ့အတွက် ကိုယ်တွေနဲ့ အလှမ်းဝေးပါတယ်။

အလှမ်းဝေးတယ် ဆိုတာက ကိုယ်တွေအနေနဲ့ နေ့စဉ်ပြင်ဆင်ပြီး စားနေကျ မဟုတ်တဲ့အတွက် အလှမ်းဝေးတယ်လို့ ပြောခြင်းမျှသာပါ  မြန်မာပြည်မှာ နေတုံးကတော့ ရန်ကုန်မှာ မကြာမကြာ စားဖူးပေမဲ့ ချက်နည်းပြင်ဆင်နည်းတွေကို မသိခဲ့ပါဘူး ဒါကြောင့်မို့လို့ ရှမ်းအစားအစာများ မျှဝေရာ ဂရုကနေကြည့်ပြီး ပြင်ဆင်ထားပြီး မာမာချက်ထားဖြစ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - ၁၅၀ ဂရမ်
  2. ဆန်စေးခေါက်ဆွဲခြောက် - ၁၂၀ ဂရမ်
  3. ကုလားပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  4. ပဲငံပြာရည်အကြည် - လိုသလောက်
  5. ဆီ - ထမင်းစားဇွန်း  ၂၀ဇွန်း
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  8. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (၂မျိုးသုံးရန်)
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (၂မျိုးသုံးရန်)
  12. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  14. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ရေ - ၂ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  16. နံနံပင် - မိမိနှစ်သက်သလောက်
  17. မုန့်ညှင်းချဉ် - မိမိနှစ်သက်သလောက်
  18. နှမ်းလှော် - မိမိနှစ်သက်သလောက်

ကြက်သားဟင်းချက်ရန် ပြင်ဆင်ပုံ
  1. ကြက်ရင်ပုံသားကို ရေဆေးပြီး ခပ်သေးသေးလေးတွေ တုံးထားပါ
  2. ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  5. ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  6. တခြားပါဝင်ပစည်းများကို ပြင်ထားပါ
  7. ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ 
  8. ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ
  9. ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီး ဆား အချိုမှုန့် ငံပြာရည်နှင့် ရေအနည်းငယ်တို့ကို ထည့်မွှေပါ 
  10. ခရမ်းချဉ်သီးများ ကျေလာပြီး ရေအနည်းငယ် ကျန်ချိန်မှာ လှီးထားသော ကြက်သားကို ထဲ့မွှေပေးပါ
  11. ကြက်သားအသား မာလာချိန်မှာ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  12. ကြက်သား ဆီမပြန်ခင် အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  13. မိမိစိတ်ကြိုက် အရသာရလာပြီး ဆီပြန်လာပါက မီးပိတ်ထားပါ
ဆန်စေးခေါက်ဆွဲပြုပ်ရန်
  1. ဆန်စေးခေါက်ဆွဲကို ရေတစ်နာရီလောက် စိမ်ထားပါ
  2. ရေစိမ်ထားသော ဆန်စေးခေါက်ဆွဲကို ရေနွေးဆူဆူမှာ နှစ်မိနစ်လောက် ပြုပ်ပေးပါ
  3. ခေါက်ဆွဲသားပျော့ပြီး အနေတော် ဖြစ်လာပါက ရေနွေးများသွန်ပြီး ရေအေးနှင့်ဆေးပြီး ရေစစ်ထားပါ
တို့ဟူးကျိုရန်
  1. ပဲစိမ်းမှုန့်ကို ဆား သကြား နနွင်းမှုန့်တို့ကိုထည့်ပြီး သမအောင် မွှေပေးကာ ရေတစ်ခွက်ထည့်ပြီး မွှေတံနှင့် ပျော်အောင် ဖျော်ပေးပါ
  2. ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ရေတစ်ခွက်စာ ထည့်ပေးပြီး အိုးပေါ်မှာ ဇကာစိတ်စိတ်ခံကာ ပဲရည်ကို သွန်ချပေးပါ
  3. ထိုအိုးကို မီးဖိုပေါ်တင်ပြီး ကျိုပေးပါ
  4. ပဲရည်ကျိုနေစဉ် အဆက်မပြတ် မွှေပေးပါ 
  5. ပဲရည်ပျစ်လာပါက မီးပိတ်ကာ မီးပေါ်မှ ဖယ်ထားပေးပါ
တို့ဟူးနွှေးထဲထည့်ရန်
  1. နံနံပင်ကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးထားပါ
  2. မြေပဲလှော်ပြီးသားကို မညက်တစ်ညက် ထောင်းထားပါ
  3. ပဲငံပြာရည် အကြည်ကို ပြင်ထားပါ
  4. မုန့်ညှင်းချဉ်ကို အနေတော်လေးတွေ လှီးထားပေးပါ

စားပွဲပြင်ရန်
  1. ဇောက်နက်သော ပန်းကန်တစ်ခုထဲမှာ ဆန်စေးဖတ်ကို ထည့်ပေးပါ
  2. ထိုအပေါ်မှ တို့ဟူးရည်ကို ပူပူနွေးနွေးလေးကို ထည့်ပေးပါ
  3. ပဲအရည်အပေါ်မှ ချက်ထားသော ကြက်သားဟင်း ပဲငံပြာရည် နှမ်းလှော် နံနံပင် မုန့်ညှင်းချဉ်နှင့် မြေပဲလှော်ထောင်းတို့ကို ထည့်ပေးပါ
  4. အားလုံးပြင်ပေးပြီးပါက စားလို့ရမ်းကောင်းတဲ့ တို့ဟူးနွှေးလေးကို သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Saturday, 19 October 2019

ငါးကြော်နှပ်



ဒီနေ့တော့ ဇလားဗီးယား ငါးတွေဝယ်လာပြီး ကြော်ဖြစ်သွားတယ် ဒီတော့လဲ ငါးကြော်ကို အသီးအရွက် ကော်ရည်ဆမ်းပြီး ချိုချဉ်ငံစပ်လေး  ချက်ဖြစ်သွားလို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါး - 400 g တစ်ကောင်
  2. ပဲငပိ အချို - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  3. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  4. နံနံပင် - နှစ်သက်လောက်
  5. ကြက်သွန်မိတ် - နှစ်သက်သလောက်
  6. ကြက်သွန်နီ - အနေတော် တစ်လုံး
  7. ကြက်သွန်ဖြူ -  သုံး မွှာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးအရသာနယ်ရန်)
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကော်ရည်ဖျော်ရန်)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက် (ငါးအရသာနယ်ရန်)
  11. သကြား - ထမင်းစားဇွန်း တစ်ဇွန်း (ကော်ရည်ဖျော်ရန်)
  12. ချင်း - လက်မဝက်ခန့် ပါးပါးလှီးပေးပါ
  13. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ရေ - တရုတ်ဟင်းပြင်ပန်းကန် အသေးတစ်လုံးစာ ( ကော်ရည်ဖျော်ရန်)
  15. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
ငါးအရသာနယ်ရန်
  • ငါးကိုဆူးတောင်ခုတ် ဗိုက်ခွဲ အကြေးခွံထိုးပြီး မလိုတာတွေ ဖယ်ပေးကာ ရေငါးထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ငါးကိုသုံးချက်လောက် ခပ်ကျဲကျဲလေး မွှန်းပေးပါ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့ ထဲ့ပေးပြီး အရသာဝင်အောင် နယ်ပေးပါ
ငါးကြော်နှပ်ရန်အတွက်
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး ဆီကိုအပူပေးပါဆီ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးကာ ငါးကိုထည့်ကြော်ပေးပါ
  • တစ်ဖက်ကျက်တာနဲ့ တစ်ဖက်ကို လှန်ပေးကာ ငါးတစ်ကောင်လုံး ကျက်သွားအောင် ကြော်ပေးပါ
  • ငါးကြော်ကျက်ပါက ဆယ်ပြီး ဆီစစ်ပေးထားပါ
ဟင်းချက်ရန်
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ထူထူ လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်က ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ထူထူ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
  • ပန်းကန်တစ်လုံးထဲမှာ ဆား သကြား  ရေနှင့်ကော်မှုန့်ကိုထည့်ပြီး ဖျော်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • ပဲငပိကို ပြင်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်း ပေးထားပါ
  • ပြီးတာနဲ့ ငါးကြော်ကို ပန်းကန်ပြား တစ်ချပ်ထဲမှာ ထည့်ပေးထားပါ
  • ငါးကြော်ပန်းကန်ထဲမှာ နံနံပင် ကြက်သွန်မိတ် ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတို့ကို အလှဆင် ပေးထားပါ
  • နောက်ထပ်အိုး အသန့်တစ်လုံးထဲမှာ ဆီထမင်းစားဇွန်း လေးဇွန်းကိုထဲ့ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို မွှေးသွားအောင် ကြော်ပေးပါ
  • ပြီးတာနဲ့ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပြီး ကော်ရည်ပျစ်လာအောင် မွှေပေးပါ
  • ကော်ရည်ပျစ်လာတာနဲ့ ပဲငပိထဲ့ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
  • အားလုံးကျက်သွားပါက ကြော်ပြီးဆီစစ်ကာ ပြင်ဆင်ထားသော ငါးကြော်ပန်းကန်ထဲကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ မိမိတို့ နှစ်သက်သလို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Thursday, 17 October 2019

နာနတ်ရည်ဆမ်း အစိမ်းကြော်


ဒီနေ့တော့ သတ်သတ်လွတ် စားတဲ့သူတွေလဲ အဆင်ပြေစွာ စားနိုင်အောင်ရယ် အရန်ဟင်းတစ်မယ်အတွက် လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိုင်အောင်ရယ်အတွက် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ နာနာတ်ရည်ဆမ်း အစိမ်းကြော် ကြော်နည်းကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲပြား - 100 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ဘေဘီပြောင်းဖူး - ငါးဖူး
  6. ပန်းဂေါ်ဖီ - အနေတော် ၃ခက်
  7. ရွှေပဲသီး - ၁၅တောင့်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  10. နာနတ်ရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ချိုချဉ်ကြော်ရန်)
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
  4. နာနတ်ရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
  • တို့ဟူးကို ရေတစ်ထပ်ဆေးပြီး မိမိနှစ်သက်တဲ့ ပုံစံရအောင် လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော်  အခက်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
  • ဘေဘီပြောင်းဖူးကို ရေဆေးပြီး ထက်ဝက်ခြမ်းကာ လေးစိတ်စိတ်ထားပါ
  • ရွှေပဲသီးကို အကြောသင်ပေးပြီး အတောင့်လိုက် ရေဆေးကာ ထက်ဝက်ပိုင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲပြားကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • ပဲပြား အနည်းငယ် မာလာပါက ကျန်နေသော အသီးအရွက်မျာကို ထည့်မွှေပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲ ကြော်ပေးပါ
  • အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ချဉ်ဖြုံ့  ဖြုံ့ လေးနဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ သတ်သတ်လွတ် ပဲပြားအစိမ်းကြော်လေး ရပါပြီ။

ပဲငပိ အစပ်ဟင်း













ဒီနေ့တော့ ပုဇွန်ခေါင်းချိုး လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့ ပဲငပိကို ချဉ်ချဉ်ငံငံ စပ်စပ်လေး ချက်ဖြစ်သွားပါတယ် ထမင်းစားလို့ မြန်စေတဲ့ ဟင်းလေးတစ်မယ်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲငပိ အစပ်ဟင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခေါင်းချိုး -  တစ်ဆယ်သား
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၄မွှာ
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  4. ငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း သုံးဇွန်း
  5. ခရမ်းချဉ်သီး - အနေတော် ၅လုံး 
  6. ပဲငပိ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံး                                      
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး ခေါင်းနှင့်အမြှီးများ ဖြုတ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးအကြမ်းမှုန့်ကို အဆင်သင့် ပြင်ထားပါ။
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အကြမ်းဖတ်တို့ကို မညက်တစ်ညက် ရောထောင်းပေးထားပါ
  • ပဲငပိကို ပြင်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မီးအနေတော်နဲ့ အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုန်သီးထောင်းကို မိနစ်ဝက် မရှိတရှိကြော်ပေးပါ။။
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ကျေပြီး အခွံများ  လိတ်သွားတဲ့ထိ ချက်ပေးပါ။
  • ခရမ်းချဉ်သီးများ ကျေသွားတာနဲ့ ပုဇွန်ကိုထည့်ပြီး ၂မိနစ်လောက်မွှေပါ။
  • ပြီးတာနဲ့ ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ မခမ်းခင် ပဲငပိနှင့် အချိုမှုန့်ကို ထည့်မွှေပါ။
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ အရမ်းမခမ်းခင် ငရုတ်သီးစိမ်း ထည့်မွှေကာ အရသာမြည်ပြီးး လိုသလိုပြင်ပေးပါ။
  • ပြီးတာနဲ့ မီးပိတ်ပေးကာ ချဉ်ချဉ်ငံငံစပ်စပ် ရှမ်းပဲငပိချက် မွှေးမွှေးလေးနဲ့ ထမင်းမိန်မိန် သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။ ။ ပဲငပိကို အချိုသုံးပါက အငံအရသာအတွက် ငံပြာရည်ထည့်ပေးပါ မာမာကတော့ အငံကို သုံးထားတဲ့အတွက် ငံပြာရည် ထည့်မထားပါ။

Tuesday, 15 October 2019

အုန်းနို့ပေါင်း ငှက်ပျောသီးကောက်ညှင်းထုတ်
























ဒီနေ့တော့ ငှက်ပျောသီး အုန်းနို့ ကောက်ညှင်းထုပ်လေးတွေ ထုတ်စားဖြစ်ပါတယ် အုန်းနို့အနံ့ လေး သင်းနေပြီး စေးထမ်းထမ်း ချိုစိမ့်စိမ့်လေးနဲ့ အရမ်းကို စားလို့ကောင်းပါတယ်။

ငှက်ပျောရွက်နဲ့ ထုတ်တဲ့အတွက် ငှက်ပျောရွက်ကိုတော့ သေသေချာချာ ဆေးစေချင်ပါတယ် ငှက်ပျောရွက်မှာ ကပ်နေတတ်တဲ့ ဖုံတွေ ငှက်ချေးတွေ ကပ်နေတတ်ပါတယ် နောက်တစ်ခုက ဖဲထားတဲ့ ငှက်ပျောရွက်တွေဆိုရင် ပိုပြီးသတိထားပြီး ဆေးပေးပါ။

မာမာတို့ဆီမှာ ငှက်ပျောရွက်က လတ်လတ်ဆတ်ဆတ် မရလေတော့ ခဲထားတာကိုဘဲ သုံးရပါတယ် ခဲထားတဲ့ အထုတ်ကို ဖြေလိုက်ထဲက ရွှံ့ လိုမဲမဲ အဖတ်တွေ ကိုင်မိတဲ့အတွက် ရေကို၈ထပ်လောက် ဆေးရပါတယ် ရေဆေးပြီးပြန်တော့ တစ်ခါသုံး အဝတ်စနဲ့ သေသေချာချာ သုတ်ပေးပြီးမှ သုံးပေးတာ အကောင်းဆုံးပါဘဲ။

နောက်တစ်ခုက ခဲထားတဲ့ အရွက်တွေကို သုံးထားတဲ့အတွက် အရွက်တွေက စုတ်ပျဲလွယ်ပါတယ် ထိလိုက်တာနဲ့ ကွဲထွက်သွားတတ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း မကိုင်ဖို့လဲ သတိပေးပါရစေ။

ကောက်ညှင်းထုတ်ဖို့ အရွက်ကို ပိုင်းဖြတ်တဲ့ နေရာမှာလဲ အတိအကျ ပိုင်းဖြတ်လို့ မရပြန်ပါဘူး မိမိအဆင်ပြေသလို ကောင်းတဲ့နေရလြေးတွေကို ရွေးပြီးပိုင်းဖြတ်ပေးပါ။

ကောက်ညှင်းထုတ်တော့မယ် ဆိုရင်လဲ အရွက်တစ်ထဲဆိုရင် ကွဲထွက်သွားတတ်တဲ့အတွက် အရွက်ကို နှစ်ထပ်သုံးထပ်လောက် ထပ်ပေးပြီးမှ ထုတ်ပေးပါလို့ အကြံပေးရင်း မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (ငါးဖူးစာ)

  1. ကောက်ညင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ
  2. ငှက်ပျောသီး - နှစ်လုံးခွဲ
  3. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း မောက်မောက် (အချိုကြိုက်ပါက ပိုထည့်ပါ)
  4. အုန်းနို့ - 300 ml
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. အုန်းသီးဖတ် - မိမိနှစ်သက်သလောက် သုံးပေးပါ
  7. ငှက်ပျောရွက် - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေမြုပ်အောင်ထည့်ပြီး တစ်ညအိပ် ရေစိမ်ထားပါ 
  • နောက်နေ့မနက်မှာ တစ်ညအိပ် ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ရေတစ်ထပ်ဆေးပြီး ဇကာထဲလောင်းထည့်ကာ ရေစစ်ထားပါ
  • ဇောက်နက်ပြီး မကပ်သော အိုးအနေတော် တစ်လုံးထဲမှာ အုန်းနို့ ဆားနှင့် သကြားကို အပူပေးပြီး သကြား ပျော်သွားအောင် တည်ပေးထားပါ
  • ဆားနှင့်သကြား ပျော်သွားစေရန် မကြာ မကြာ မွှေမွှေပေးပါ
  • ဆားနှင့်သကြား ပျော်သွားပါက ရေစစ်ထားသော ကောက်ညှင်းများကိုထည့်ပြီး မွှေပေးပါ
  • အိုးမကပ်အောင် မကြာခဏ မွှေကာ အုန်းနို့များ ခမ်းသွားသည်အထိ တည်ထားပါ
  • ကောက်ညှင်းသား လှစေရန် ကောက်ညှင်းဆန်ကို ခပ်ဖြေးဖြေးဘဲ မွှေပေးပါ
  • ပြီးတာနဲ့ မီးဖိုမှဖယ်ကာ အအေးခံထားပါ
  • ငှက်ပျောရွက်များအား အနေတော် ပိုင်းဖြတ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  • လတ်လတ်ဆတ်ဆတ် ငှက်ပျောရွက် သုံးပါက ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး အနည်းငယ်ပျော့သွားအောင် microwave ထဲ ၁ မိနစ် (သို့) ၁ မိနစ်ခွဲခန့်ထည့်ပါ
  • Microwave မရှိပါက  အနည်းငယ် နွမ်းသွားစေရန် နေပူပူမှာ တစ်နာရီလောက် နေလှန်းပေးပါ
  • နေမပူပါက မီးဖိုပေါ်မှာ မီးအပူရှိန် ခပ်ဝေးဝေးမှာထားပြီး အနည်းငယ် နွမ်းသွားအောင် ကင်ပေးပါ
  • မီးကင်ခြင်း နေပူလှန်းခြင်း မိုက်ခရိုဝေ့ မီးဖိုထဲမှာ အပူပြထားသော ငှက်ပျောရွက်များကို ကောက်ညှင်းမထုတ်ခင် ရေစင်အောင် ဆေးပေးပြီး တစ်ခါသုံး အဝတ်စလေးများဖြင့် သန့်ရှင်းသွားအောင် လိုက်သုတ်ပေးထားပါ
  • မာမာကတော့ ငှက်ပျောရွက် လတ်လတ်ဆတ်ဆတ် မရတဲ့အတွက် ခဲထားတဲ့ အရွက်များကို သုံးထားပါတယ်
  • ခဲထားတဲ့ အရွက်များက အင်မတန်မှ ညစ်ပါတယ် ဒါကြောင့်မို့ ရေစင်အောင်ဆေးပြီး အဝတ်စနှင့် သေသေချာချာ သုတ်ပေးပြီးမှ သုံးပါ
  • ငှက်ပျောသီးကို အခွံခွာပြီး မိမိထုတ်မည့် ကောက်ညှင်းထုတ် အနေအထားအတိုင်း ပိုင်းပေးထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ငှက်ပျောရွက်ထဲသို့ ကောက်ညှင်း ထမင်းစားဇွန်း တစ် ဇွန်း မောက်မောက် ကို အနည်းငယ် ဖြန့်ပြီးထည့်ပေးပါ
  • ထိုကောက်ညှင်းပေါ်မှာ ငှက်ပျောသီးကို တင်ပေးပါ
  • ငှက်ပျောသီး အပေါ်မှာ နောက်ထပ် ကောက်ညှင်း ထမင်းစားဇွန်း တစ် ဇွန်းကို ဖြန့်ပြီးတင်ပေးပါ 
  • ပြီးတာနဲ့ ဘေးနှစ်ဘက်မှ တစ်စဆီယူကာ ကောက်ညှင်းအပေါ်မှာ အုပ်ပေးပါ 
  • ဘေးနှစ်ဖက် အုပ်ပြီးတာနဲ့ အောက်ဖက်မှ ငှက်ပျောရွက်ကို အပေါ်ဖက်ကို ခေါက်တင်ပေးပါ
  • ပြီးတာနဲ့ အပေါ်ဖက်မှ အရွက်စကို ထပ်အုပ်ပေးပါ
  • ငှက်ပျောရွက်က ရှည်နေပါက အနားသားများကို ထုတ်လို့ ရရုံဘဲထားပြီး ကပ်ကြေးနှင့် ညှပ်ထုတ်ပေးပါ
  • ၈ ထုပ်လုံးကို အထက်ပါ နည်းအတိုင်း ကောက်ညှင်းဆန်များ ကုန်အောင် ထုတ်ပေးပါ
  • တစ်ထုတ် ထုတ်ပြီးတိုင်း အထုတ်ကို မှောက်ပြီး ဗန်းထဲမှာ ထည့်ထားပေးပါ
  • အားလုံးထုတ်ပြီးတာနဲ့ အထုတ်နှစ်ထုတ်ကိုပူးပြီး ကြိုးနှင့်ခပ်တင်းတင်း ချည်ပေးပါ
  • မုန့်ထုတ်များ အားလုံးခြည်ပြီးတာနဲ့ ပေါင်းမည့်ဇကာထဲ စီပြီးထည့်ပေးပါ
  • ပေါင်းအိုးထဲကို ပေါင်းခံခုံ မထိအောင်ရေထည့်ပေးပါ
  • ရေထည့်ပြီးတာနဲ့ ပေါင်းခံဇကာကို တင်ပေးပြီး အိုးအဖုံး အုပ်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးရဲ့  steam ခလုတ်ကို နှိပ်ကာ မိနစ်နှစ်ဆယ်ကို နှိပ်ပေးပြီး ပေါင်းပေးပါ
  • မိနစ်နှစ်ဆယ် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ငှက်ပျောသီးအုန်းနို့ ကောက်ညှင်းထုတ် မွှေးမွှေး အိအိလေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Monday, 14 October 2019

ပုဇွန်ဆီချက်နည်း (တတိယနည်း)


















တစ်ပါတ်စာ ပုဇွန်တွေ ဝယ်လာတော့ အခွံတွေရော ခေါင်းတွေပါ အများကြီး ထွက်လာခဲ့တယ် ဒီတော့လဲ ထုံးစံအတိုင်း ပုဇွန်ဆီချက်ဖို့ ပြင်ရပြန်ပါတယ် ဒီတစ်ခေါက် ပုဇွန်တွေက အကောင်ကြီးပြီး အခွံထူကာ အဆီတွေ ပေါလွန်းတာနဲ့ ပုဇွန်ဆီချက်မဲ့အထဲက တစ်ဝက်ကိုတော့ ပုဇွန်ဦးဏှောက်လေးလဲ ချက်လိုက်ပါသေးတယ်။

ဒါကြောင့်မို့လို့ ပုဇွန်ဆီချက်နည်း တတိယနည်းလေး တင်ပေးပြီးတာနဲ့ ပုဇွန်ဦးဏှောက် ချက်နည်းလေးကို ထပ်တင်ပေးပါ့မယ် ပုဇွန်ဆီ ချက်နည်း ပြင်ဆင်ပုံ ပထမနည်းကို  28/3 1017 နေ့ကhttps://mmlazp.blogspot.com/2017/03/blog-post_63.html  ဒီလင့်မှာ တစ်ခါတင်ဖူးပြီး ဒုတိယနည်းကိုတော့ http://mmlazp.blogspot.com/2019/09/blog-post_88.html ဒီလင့်လေးမှာ ကြည့်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ 

  1. ပုဇွန်ခေါင်နှင့် ပုဇွန်အခွံများ - 1500 g
  2. ဆီ - တစ်ဆယ်သား
  3. ဆား - လက်ဖက်ရည်ဇွှန်း နှစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ရေ - သုံးလီတာ

ပြင်ဆင်ပုံ

  1. ပုဇွန်မှ ထွက်လာသော ပုဇွန်အခွံများကို ဇလုံထကျယ်ကျယ်ထဲကို ထည့်ပေးပါ
  2. ပြီးတာနဲ့ ရေများများထည့်ပြီး အခွံမှာ ကပ်နေသော သဲများကုန်သွားအောင် ၇ခါလောက် ဆေးပေးပါ
  3. ပုဇွန်ခေါင်းများကိုလဲ အခွံခွာကာ အထဲမှ အစာအိတ်ကို ဒုတ်ချွန်လေးနဲ့ ထိုးထုတ်ကာ ဖယ်ပေးပါ
  4. ခေါင်းထဲမှာ ရှိနေတဲ့ သွားများကိုလဲ ဖယ်ပေးပါ
  5. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး အသားကြိတ်တဲ့ ဘလင်ဒါထဲ ထည့်ပေးကာ အရင်ဆုံး မညက်တညက် ကြိတ်ပေးပါ
  6. ကြိတ်ထားသော ပုဇွန်ကြိတ်ဖတ်များကို ရေအနည်းငယ်နှင့် အရည်ဆုံး ကျင်ပေးပါ
  7. အရည်ကျင်ထားသော ပုဇွန်အဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
  8. အရည်ညှစ်ချထားသော ပုဇွန်အဖတ်များကို နောက်တခေါက် ညက်နေအောင် ထပ်ပြီး ကြိတ်ပေးပါ
  9. ဒုတိယ အကြိမ်ကြိတ်ထားသော ပုဇွန်အဖတ်များကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ထားသော အဖတ်များကို ပြစ်လိုက်ပါ
  10. ဘလင်ဒါနဲ့ ကြိတ်တာဖြစ်တဲ့အတွက် နှစ်ခါလောက်ဘဲ ကြိတ်ပြီး အရည်ယူလိုက်ရင် ရပါပြီ 
  11. ပုဇွန်အခွံ ကြိတ်သားများကို အရည်ကျင်ရာမှာ ရေအများကြီး မထည့်ဘဲ ကျင်ပေးပါ
  12. ပုဇွန်အခွံ အရည်ကျင်ရာမှာ ရေအများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်
  13. အားလုံးအဆင်သင့် ဖြစ်ပါက အရည်ကျင်ထားသော ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံ ထောင်းထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ
  14. ပုဇွန်အရည် ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
  15. ပုဇွန်အခွံထောင်း အရည်များ ပြစ်လာပြီး အဖတ်လေးတွေ တက်လာပြီ ဆိုတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
  16. ဆီထည့်ပြီးတာနဲ့ ပုဇွန်ဆီများ ဥလာအောင် မီးအနေတော်လောက် လျှော့ကာ တည်ထားပေးပါ
  17. ပုဇွန်ဆီများ ပြစ်လာပြီး ဆီထဲမှာ ပုဇွန်ဆီ အဖတ်များ ဥလာပြီ ဆိုတာနဲ့ ပုဇွန်ဆီ မွှေးမွှေးလေး ရပါပြီ
  18. ပြီးတာနဲ့ မီးပိတ်ပေးပြီး အအေးခံကာ ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ
  19. ပုဇွန်ဆီ မွှေးမွှေးလေးကို ထမင်းကြော်စားရန်သော်၎င်း ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း မိမိနှစ်သက်သလောက်ထည့်ပြီး ကြော်လှော် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ အခုချက်လို့ရလာတဲ့ ပုဇွန်အနှစ်များကို တစ်ဝက်ဆီခွဲပြီး တစ်ဝက်က ပုဇွန်ဆီချက်ကာ တစ်ဝက်ကို ပုဇွန်ဦးနှောက် ချက်ရန် ပြင်ထားပါတယ်။