ဒီနေ့တော့ တို့ဟူးနွှေး လုပ်စားဖြစ်တာလေးကို မျှဝေပေးချင်ပါတယ် တို့ဟူးနွှေးဆိုတာမျိုးက ပဲနဲ့လုပ်ရတာမို့လို့ ပဲမှုန့်က အရမ်းလတ်ဆတ်ဖို့တော့ လိုပါတယ်။
ပထမအကြိမ် မြန်မာပြည်က ဝယ်လာတဲ့ ပဲမှုန့်နဲ့ လုပ်လိုက်တာ ပဲမှုန့်က မလတ်တော့ ကျိုပြီးအခါမှာ ခါးသက်သက်နဲ့ စားလို့မကောင်းတဲ့အတွက် သွန်ပြစ်လိုက်ရပါတယ်။
ဒါကြောင့်မို့လို့ တို့ဟူးနွှေး လုပ်တော့မယ်ဆိုရင်တော့ ကုလားပဲမှုန့် လတ်လတ်ဆတ်ဆတ်နဲ့ လုပ်ပေးပါလို့လဲ အကြံလေး ပေးချင်ပါသေးတယ်။
ပြင်ဆင်ပုံ ပြင်ဆင်နည်းတွေကတော့ မြန်မာပြည်က အစားအစာ တစ်မျိုးဖြစ်ပြီး ရှမ်းလူမျိုးတို့ရဲ့  အစားအစာ တစ်မျိုးဖြစ်တဲ့အတွက် ကိုယ်တွေနဲ့ အလှမ်းဝေးပါတယ်။
အလှမ်းဝေးတယ် ဆိုတာက ကိုယ်တွေအနေနဲ့ နေ့စဉ်ပြင်ဆင်ပြီး စားနေကျ မဟုတ်တဲ့အတွက် အလှမ်းဝေးတယ်လို့ ပြောခြင်းမျှသာပါ မြန်မာပြည်မှာ နေတုံးကတော့ ရန်ကုန်မှာ မကြာမကြာ စားဖူးပေမဲ့ ချက်နည်းပြင်ဆင်နည်းတွေကို မသိခဲ့ပါဘူး ဒါကြောင့်မို့လို့ ရှမ်းအစားအစာများ မျှဝေရာ ဂရုကနေကြည့်ပြီး ပြင်ဆင်ထားပြီး မာမာချက်ထားဖြစ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - ၁၅၀ ဂရမ်
- ဆန်စေးခေါက်ဆွဲခြောက် - ၁၂၀ ဂရမ်
- ကုလားပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
- ပဲငံပြာရည်အကြည် - လိုသလောက်
- ဆီ - ထမင်းစားဇွန်း ၂၀ဇွန်း
- ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (၂မျိုးသုံးရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (၂မျိုးသုံးရန်)
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ရေ - ၂ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
- နံနံပင် - မိမိနှစ်သက်သလောက်
- မုန့်ညှင်းချဉ် - မိမိနှစ်သက်သလောက်
- နှမ်းလှော် - မိမိနှစ်သက်သလောက်
ကြက်သားဟင်းချက်ရန် ပြင်ဆင်ပုံ
- ကြက်ရင်ပုံသားကို ရေဆေးပြီး ခပ်သေးသေးလေးတွေ တုံးထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
- တခြားပါဝင်ပစည်းများကို ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီး ဆား အချိုမှုန့် ငံပြာရည်နှင့် ရေအနည်းငယ်တို့ကို ထည့်မွှေပါ
- ခရမ်းချဉ်သီးများ ကျေလာပြီး ရေအနည်းငယ် ကျန်ချိန်မှာ လှီးထားသော ကြက်သားကို ထဲ့မွှေပေးပါ
- ကြက်သားအသား မာလာချိန်မှာ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
- ကြက်သား ဆီမပြန်ခင် အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာရလာပြီး ဆီပြန်လာပါက မီးပိတ်ထားပါ
ဆန်စေးခေါက်ဆွဲပြုပ်ရန်
- ဆန်စေးခေါက်ဆွဲကို ရေတစ်နာရီလောက် စိမ်ထားပါ
- ရေစိမ်ထားသော ဆန်စေးခေါက်ဆွဲကို ရေနွေးဆူဆူမှာ နှစ်မိနစ်လောက် ပြုပ်ပေးပါ
- ခေါက်ဆွဲသားပျော့ပြီး အနေတော် ဖြစ်လာပါက ရေနွေးများသွန်ပြီး ရေအေးနှင့်ဆေးပြီး ရေစစ်ထားပါ
တို့ဟူးကျိုရန်
- ပဲစိမ်းမှုန့်ကို ဆား သကြား နနွင်းမှုန့်တို့ကိုထည့်ပြီး သမအောင် မွှေပေးကာ ရေတစ်ခွက်ထည့်ပြီး မွှေတံနှင့် ပျော်အောင် ဖျော်ပေးပါ
- ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ရေတစ်ခွက်စာ ထည့်ပေးပြီး အိုးပေါ်မှာ ဇကာစိတ်စိတ်ခံကာ ပဲရည်ကို သွန်ချပေးပါ
- ထိုအိုးကို မီးဖိုပေါ်တင်ပြီး ကျိုပေးပါ
- ပဲရည်ကျိုနေစဉ် အဆက်မပြတ် မွှေပေးပါ
- ပဲရည်ပျစ်လာပါက မီးပိတ်ကာ မီးပေါ်မှ ဖယ်ထားပေးပါ
တို့ဟူးနွှေးထဲထည့်ရန်
- နံနံပင်ကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးထားပါ
- မြေပဲလှော်ပြီးသားကို မညက်တစ်ညက် ထောင်းထားပါ
- ပဲငံပြာရည် အကြည်ကို ပြင်ထားပါ
- မုန့်ညှင်းချဉ်ကို အနေတော်လေးတွေ လှီးထားပေးပါ
စားပွဲပြင်ရန်
- ဇောက်နက်သော ပန်းကန်တစ်ခုထဲမှာ ဆန်စေးဖတ်ကို ထည့်ပေးပါ
- ထိုအပေါ်မှ တို့ဟူးရည်ကို ပူပူနွေးနွေးလေးကို ထည့်ပေးပါ
- ပဲအရည်အပေါ်မှ ချက်ထားသော ကြက်သားဟင်း ပဲငံပြာရည် နှမ်းလှော် နံနံပင် မုန့်ညှင်းချဉ်နှင့် မြေပဲလှော်ထောင်းတို့ကို ထည့်ပေးပါ
- အားလုံးပြင်ပေးပြီးပါက စားလို့ရမ်းကောင်းတဲ့ တို့ဟူးနွှေးလေးကို သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
No comments:
Post a Comment