Wednesday, 23 January 2019

ရေမုန့် (သို့မဟုတ် ) လမ်းသရဲမုန့်







ဒီနေ့တော် သမီးတော်လေး စားချင်တဲ့ လမ်းသရဲမုန့်လေးတွေ လုပ်ဖြစ်ပါတယ် ဒီမုန့်လေးတွေကို လုပ်ရတာ အရမ်းလွယ်ပေမဲ့ အောက်ချေ မကပ်တဲ့အိုးကို သုံးမှသာ မုန့်လှလှလေး ရမှာ ဖြစ်ပါတယ်။

မုန့်သားမကြွတ်သေးဘဲ မုန့်သားအောက်ချေကို ထိုးလှန်ခြင်း မလုပ်မိဖို့နှင့် မီးအရမ်း မများဖို့ကိုလဲ သတိထားရပါမယ် ဒီမုန့်ထဲမှာ မိမိနှစ်သက်ရာ အသီးအရွက်လေးတွေ ဘဲဥ ကြက်ဥတို့ကိုထည့်ပြီး လုပ်နိုင်သလို မာမာကတော့ မဆလာလေးထည့်ပြီး လုပ်တဲ့အတွက် ပိုပြီးစားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ (၁၀ ချပ်စာအတွက်)

  1. ဆန်အစိမ်းမှုန့် - 1 cup
  2. ရေ - 3 cups
  3. ဆိုဒါ(baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ (ဆန်မှုန့်ထဲ ထည့်ဖျော်ရန်)
  5. ပဲပြုတ် - မိမိနှစ်သက်သလောက်
  6. နံနံပင် - မိမိနှစ်သက်သလောက်
  7. မုန်လာဥနီ - အနေတော် တစ်ဥ
  8. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  9. ခရမ်းချဉ်သီး - အလုံးကြီးကြီး၂ လုံး
  10. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  11. မဆလာ - အနည်းငယ်
  12. ဆား - အနည်းငယ် ( အသီးအရွက်ထဲထည့်ရန်)
  13. ဆီ - လိုသလောက်

ပြင်ဆင်ပုံ

  1. ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ဆန်မှုန့် ရေ ဆိုဒါနှင့် ဆားတို့ကို ထည့်ပေးပြီး အရည်ပျော်အောင် ဖျော်ထားပေးပါ
  2. ဆိုဒါမှုန့် မရှိလျှင် မုန့် နှစ်ရည်ကို အနည်းဆုံး ၅နာရီခန့် နှပ်ထားပေးပါ(မာမာကတော့ ဆိုဒါမကြိုက်တဲ့အတွက် မုန့်နှစ်ရည်ကို ကြိုစပ်ပြီး ဖောက်ထားပါတယ်)
  3. ဆိုဒါထည့်ပြီး မုန့်နှစ်ရည်ကို ဖောက်ထားပါက မုန့်လုပ်ပါက မုန့်သားက ပိုပြီးကြွတ်လွယ်ပါတယ်
  4. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  5. ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  6. ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  7. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  8. မုံလာဥနီကို အခွံခွာပြီး အမျှင်လေးများရအောင် ခြစ်ပေးထားပါ
  9. ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  10. ဆီ ဆား မဆလာနှင့် ပဲပြုပ်တို့ကို ပြင်ထားပါေ
  11. အာက်ချေမကပ်တဲ့ ဒယ်ပြားကို မီးဖိုပေါ်တင်ကာ အပူပေးပါ
  12. ဒယ်ပြားပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပါ
  13. ပြီးတာနဲ့ ဆီထမင်းစားဇွန်း တစ်ဝက်သာသာကို ဒယ်ပြားထဲ ထည့်ပေးပါ
  14. ဆီပူလာတာနဲ့ အိုကိုကိုင်းမှကိုင်ပြီး ဆီကိုဖြန့်ပေးပါ
  15. ဆီပူလာတာနဲ့ မုန့် ရည်ကို ယောက်ချိုဇွန်းနှင့် သမအောင် မွှေပေးပါ
  16. အထက်အောက် သမသွားတာနဲ့ မုန့်နှစ်ကို ယောက်ချိုဇွန်း အပြည့်ခပ်ပေးပါ
  17. ခပ်ပြီးတာနဲ့ ဒယ်ပြားထဲကို လောင်းချပြီး ဒယ်အိုးလက်ကိုင်ကိုင်းမှကိုင်ကာ မုန့်နှစ်များ အိုးအပြည့် ပြန့်သွားအောင်ဝေ့ဝိုက်ပြီး ဖြန့်ပေးပါ
  18. မုန့်နှစ်များ ဒယ်အိုးအပြည့် ပြန့်သွားတာနဲ့ မုန့်နှစ်အပေါ်ကို ဆီနည်းနည်း သုတ်ပေးပြါ
  19. ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော မုံလာဥနီ ဂေါ်ဖီ ပဲပြုတ် ခရမ်းချဉ်သီး နံနံပင် နှင့် ငရုတ်သီးစိမ်းတို့ ကို ထည့်ပေးပါ
  20. အသီးအရွက်များ အပေါ်မှ ဆားအနည်းငယ်နှင့် မဆလာ အနည်းငယ်ကို ဖြူးပေးပြီး အိုးအဖုံးကို မိနစ်ဝက်လောက် အုပ်ပေးထားပါ
  21. မုန့်လုပ်နေစဉ် မီးကိုသတိထားပါ မီးအရမ်းများပါက အောက်ဖက်ပိုင်း ကျွမ်းလွယ်ပါတယ်
  22. မုန့်သားများ ကျွတ်လာမှ အသီးအရွက်များကို အုပ်မိအောင် ခေါက်တင်ပေးပါ
  23. ပြီးတာနဲ့ ပန်းကန်ပြားထဲ ပြောင်းပြီးထည့်ပေးပါ
  24. အထက်ပါ နည်းအတိုင်း မုန့်နှစ်ရည် ကုန်တဲ့အထိ လုပ်ပေးပါ
  25. မုန့်တစ်ခု ထပ်လုပ်တိုင်း ဒယ်အိုးကို ဆီမထည့်ခင် ဒယ်အိုးသန့်သွားအောင် paper towelနှင့် သုတ်သုတ်ပေးပါ
  26. ရေမုန့် လို့ခေါ်တဲ့ လမ်းသရဲမုန့် ပူပူကြွတ်တ်ကြွတ် စပ်စပ်မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Tuesday, 22 January 2019

ပုဇွန်​ဖက်​ထုတ်​ပေါင်း






ဒီနေ့တော့ ခရီးသွားကအပြန် ပုဇွန်ဖက်ထုတ်ပေါင်းလေး ပေါင်းလိုက်တယ် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ဖက်ထုတ်ပေါင်းနည်းလေး ကရောသောပါး ရေးပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်အခွံခွာပြီး သန့်စင်ပြီးသား - 350 g
  • Wonton skin  - အရွက်၃၀ခန့် ready made အရွက်ကို သုံးထားပါတယ်
  • အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • Mushroom soy sauce - ထမင်းစားဇွန်း တဇွန်း
  • Corn flour - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင် (40 mlခန့်) ဓါတ်ပုံထဲမပါ
  • ကြက်သွန်နီ - အနေတော် တစ်ဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  • မုန်လာဥနီ - အနေတော် တစ်ဥ
  • ဂေါ်ဖီအကြမ်းဖတ် - နှစ်ဖတ်
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်းခန့်
ပြင်ဆင်ပုံ
  • ပုဇွန်အခွံခွာပြီး သန့်စင်ပြီးသားကို အသားကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ထားပါ
  • ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စဉ်းပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်တဆစ်စာ အနေလောက် လှီးပေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး သေးသေးနုတ်နုတ်လေးတွေ လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ခပ်နုတ်နုတ် စဉ်းထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးပါ
  • ဇလုံတလုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ပုဇွန် ကြက်သွန်မိတ် ကြက်သွန်နီ ကြက်သွန်ဖြူ မုံလာဥနီ ဂေါ်ဖီ ဆီ ငရုတ်ကောင်းမှုန့် Mushroom soy sauce ဆား အချိုမှုန့် နှမ်းဆီ နှင့် cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ
ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ
  • Wonton skin ကို တရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက် ပုံပေးပါ
  • Ready made  ခဲထားသော အရွက်ကို သုံးပါက အစာမထည့်ခင် နာရီဝက်လောက် ကြိုထုတ်ထားပေးပါ
  • ရေခဲပျော်မှ တရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်
  • လက်ညိုးနှင့် လက်မကို အဝိုင်းလေး လုပ်ပြီး Wonton skin တရွက်ကိုယူကာ တင်ပေးပါ
  • ထိုအရွက်ထဲကို အစာထမင်းစားဇွန်း တဇွန်းစာ ထည့်ပေးပြီး လက်မနှင့် လက်ညိုးကို ညှစ်ပေးကာ အစာများ အပြင်ကို မထွက်အောင် အသာလေး ဖိပေးပါ
  • ထိုနည်းအတိုင်း အစာကို ကုန်အောင် ထုတ်ပေးပါ
  • ထုတ်ပြီးသော ဖက်ထုတ်များကို တခုနှင့် တခုမကပ်စေရန် ခပ်ဝေးဝေးထားပါ
  • ချက်ချင်း ပေါင်းမစားသေးပါက နာရီဝက်လောက် လေသလပ်ခံပြီးမှ အိတ်တလုံးထဲ ထည့်ကာထားပြီး သိမ်းပေးပါ
  • ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိုင်သလောက် ပေါင်းပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ အပေါ်ထပ်မှာ သိမ်းထားပြီး လိုမှထုတ်၍ မိမိနှစ်သက်သလို ကြော်စား ပေါင်းစား နိုင်ပါတယ်။

ပေါင်းရန် ပြင်ဆင်ပုံ
  • မိမိစားနိုင်သလောက် ဖက်ထုတ်များကို ပေါင်းရန်အတွက် ပေါင်းအိုးဇကာထဲ ထည့်ပေးပါ
  • ပေါင်းအိုး အောက်ခံ အိုးထဲကို ရေတဝက်လောက်ထည့်ပြီး ပူအောင်တည်ပေးပါ
  • ရေနွေးအိုး အိုးပူလာတာနဲ့ဖက်ထုတ်ထည့်ထားသော ပေါင်းဇကာကို အဖုံးအုပ်ပြီး တင်ပေးပါ
  • ရေနွေးအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ
  • မီးအားအရမ်းပြင်းလျှင် ပေါင်းအိုးအောက်ခံ အိုးထဲမှ ရေများ ခနလေး ခမ်းသွားတတ်ပါတယ်
  • ဖက်ထုတ်ပေါင်းချိန် ၂၅မိနစ်လောက် ပေါင်းပေးပြီးရင် ရပါပြီ
  • အရသာရှိလွန်းသော ပုဇွန်ဖက်ထုတ်ပေါင်းကို နှစ်သက်ရာ အချဉ်ဖြင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

Monday, 21 January 2019

တို့ဟူး တုံတုံအိအိလေး




တို့ဟူးကျိုနည်းတွေကို တစ်မျိုးပြီးတစ်မျိုး ကျိုကျိုကြည့်တိုင်း ပြစ်လိုက်ရတယ်ဆိုတာ မရှိသလောက်ပါဘဲ ဒီတစ်ခါလဲ တုံတုံအိအိလေးရအောင် ကျိုကြည့်တာ အောင်မြင်လေတော့ မာမာကျိုတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

တို့ဟူးကျိုနည်းတွေ အမျိုးမျိုးကျိုကြပေမဲ့ အချိုးအစား တိတိကျကျ မရေးကြတာကြောင့် တစ်ချို့လဲ ကျိုတိုင်းပျက်ကြပါတယ်လို့ လာလာပြောလေတော့ မာမာကျိုတဲ့ နည်းလေးအတိုင်းသာ ကျိုကြည့်ပါ တို့ဟူးကောင်းကောင်းလေး ရမှာပါလို့ ပြောပါရစေရှင်။

ပါဝင်ပစ္စည်းများ

  1. ကုလားပဲအစိမ်းမှုန့် - 150 g
  2. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်( ဗူးထဲထိုးကလော်လိုက်လို့ ပါလာတဲ့အတိုင်း ထည့်ပါ)
  3. ဆန်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက် (ဗူးထဲထိုးကလော်လိုက်လို့ ပါလာတဲ့အတိုင်း ထည့်ပါ)
  4. ပဲမှုန့်ရေစိမ်ရန် ရေ - 5 cups (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  5. ပဲရည်ကျိုရန် ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (3/4 cup)
  6. ဆီ - ထမင်း​စားဇွန်း နှစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဂျုံစစ်ဇကာ - တခု
  11. ဇောက်နက်ပြီး မကပ်သောအိုး ခပ်ကြီးကြီး - တစ်လုံး
  12. သစ်သားယောင်းမ - အရိုးရှည်ရှည် တစ်ခု
  13. ဇလုံ - ခပ်ကြီးကြီး ၂လုံး
  14. အပူခံနိုင်သော ပလပ်စတစ်ဗူး - တစ်ဗူး

ပဲမှုန့်​ရေစိမ်​ရန်
  • ဇလုံတစ်လုံးထဲမှာ ကုလားပဲအစိမ်းမှုန့် ပြောင်းကော်မှုန့် ဆန်မှုန့်နှင့်ရေကိုရောကာ အမှုန့်များ ကျေအောင် မွှေတံနှင့်ချေပေးပါ
  • ပြီးတာနဲ့ နောက်ဇလုံ တစ်လုံးပေါ်မှာ ဂျုံစစ်ဇကာ ဇကာစိတ်စိတ်လေးကို တင်ပေးပါ
  • ပဲရည်များကို ထိုဇကာပေါ် လောင်းထည့်ပြီး မကျေဘဲ ကျန်နေသော ပဲအနှစ်များကို ဇွန်းနှင့်ဖိပြီး ချေပေးကာ ပဲအကြည်ရည် အနည်းငယ်နှင့် လောင်းချပေးပါ
  • ပဲရည်ပေါ်မှာ တက်လာသော အမြှုပ်များကို ခပ်သွန်ပေးပါ
  • ပြီးတာနဲ့ အနည်းဆုံး ၇နာရီလောက် ပဲအနည်ထိုင်အောင် နှပ်ထားပေးပါ (သို့မဟုတ်)
  • မနက်ကျိုမယ်ဆို ညဘက်ထဲက နှပ်ပြီး အနည်ထိုင်အောင် နှပ်ထားပေးပါ

တို့ဟူးကျိုရန်
  • တို့ဟူးကျိုပြီးထဲ့ရန် ဇလုံ (သို့) ပန်းကန်လုံး (သို့) အပူခံနိုင်သော ဗူးကို ဆီအနည်းငယ်နှင့် နေရာနှံ့အောင် သုပ်ထားပေးပါ
  • ညကပဲရည် အနည်ထိုင်ထားသော ပဲရည်ဇလုံထဲမှ အပေါ်ယံ အရည်ကြည် ထမင်းပေါင်းအိုး မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်နဲ့ 3 cupsကို အပေါ်ယံမှ အသာလေးခပ်ပြီး သွန်ပလိုက်ပါ
  • ပြီးတာနဲ့ အနည်ထိုင်နေသော ပဲအနှစ်များကျေအောင် မွှေပေးပါ
  • ပြီးတာနဲ့ တို့ဟူးကျိုရာမှာ ပါဝင်မဲ့ သကြား ဆား ဆီနှင့် နနွင်းမှုန့် အစရှိသည့် ပါဝင်ပစ္စည်းများကို တခါထဲ ပြင်ထားပါ
  • တို့ဟူးကျိုရန် ဇောက်နက်သော အိုးထဲကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာထည့်ပြီး ဆူအောင်တည်ပေးပါ 
  • အိုးပူလာပြီး ရေပွက်ပွက် ဆူလာတာနဲ့ သကြား ဆီ ဆားနှင့် နနွင်းမှုန့်တို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပြီးမှ ပဲရည်ကြည် သွန်ထားသော ပဲအနှစ်များကို ဇလုံထဲမှာ ကုန်သွားအောင် လောင်းထည့်ပေးပါ
  • ပဲအနှစ်ရည် ထည့်ပေးပြီးတာနဲ့ သစ်သားယောင်းမ အရိုးရှည်ရှည်ဖြင့် အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်းက ပဲအနှစ်ရည် စပြီးပြစ်လာတာနဲ့ အဆက်မပြတ် ဆက်မွှေပေးပါ
  • မွှေနေစဉ် အိုးမကပ်စေရန် မီးအပူချိန်ကို သတိထားပါ
  • ပဲအနှစ်များ ပျစ်လာတာနဲ့ လက်အားသန်သန်နဲ့ ခပ်သွက်သွက်လေး မွှေပေးပါ 
  • အဆက်မပြတ် မွှေပေးရင်းက ပဲများပျစ်လာပြီး ပဲအနှစ် ကြည်ရောင်ရောင်လေး သန်းလာတာနဲ့ အထဲမှ ရေများကုန်အောင် မွှေပေးပါ
  • ပဲပျစ်လာချိန်မှစပြီး ၈မိနစ်မှ၁၀မိနစ်လောက် မွှေပြီးပါက အထဲများ ရေများတဗွက်ဗွက် ပေါက်မလာတော့ရင် ရပါပြီ
  • တစ်ခါတလေ အသုံးပြုသော မီးဖိုရဲ့ မီးအပူရှိန် မတူညီတဲ့အတွက် ကျိုချိန်လဲ အနည်းငယ် ကွာတတ်ပါတယ်
  • တို့ဟူးကျိုလို့ ပြီးပြီဆိုတာနဲ့ အဆင်သင့်ပြင်ကာ ဆီသုပ်ထားသော ဇလုံ(သို့) ပန်းကန်(သို့) ဗူး အစရှိသည့် မိမိအစဉ်ပြေသော အထဲသို့ ကျိုထားသော ပဲအနှစ်များ လောင်းချပေးပြီး မျက်နှာပြင်ညီအောင် ဖိပြီး ညှိပေးပါ
  • တစ်နာရီ တစ်နာရီခွဲဝက်လောက်နေရင် ကောင်းကောင်းကြီး အေးပြီးခဲနေသာ တို့ဟူးတုံတုံ အိအိလေးရပါပြီ
  • ပူနေသော တို့ဟူးထည့်ထားသည့် ဗူးများကို ရေခဲသေတ္တာထဲ မထည့်မိဖို့ သတိထားပါ
  • အခန်းအတွင်းမှာ ရိုးရိုးလေးဘဲ အအေးခံထားပါ
  • အေးသွားပြီ ဆိုတော့မှ  ရေခဲသေတ္တာထဲမှာ ထဲ့ထားပြီး သုံးရက်လောက် ထားပြီး စားလို့ရပါတယ်
  • ချဉ်ငံစပ်လေး သုပ်စားမလား တို့ဟူးကြော်လေး ကြော်စားမလား တို့ဟူးချဉ်စပ်လေး ချက်စားကြမလား အရမ်းကို အဆင်ပြေစေတဲ့ တို့ဟူးတုံတုံ အိအိလေး ရပါပြီရှင်။

Sunday, 20 January 2019

ပလို့ ပြောင်းဖူးထောင်း



ဒီနေ့တော့ အေးရှန်းဆိုင်က ပလို့ပြောင်းဖူးလေးတွေ ရလာတာနဲ့ ချိုချဉ်ငံစပ် ပြောင်းဖူးထောင်းလေး ထောင်းဖြစ်ပါတယ် အသီးအရွက်ထောင်းလေးတွေထောင်းတိုင်း ချိုချဉ်ငံစပ်လေးမို့ ဒီအတိုင်းလေးဘဲစားရတာ စားလို့အရမ်းကောင်းပါတယ်။

ပလို့ပြောင်းဖူးဖြစ်တဲ့အတွက် စေးစေးပိုင်ပိုင်လေးနဲ့ စားလို့အရသာ အင်မတန် ရှိပါတယ် ယိုးဒယားမိတ်ဆွေတွေ ထောင်းကျွေးတဲ့ နည်းအတိုင်း ထောင်းထားလို့ စားမိန်အရန်ဟင်းလေး တစ်မှာသေချာပါတယ် ဒါကြောင့်မို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ပလို့ ပြောင်းဖူး - နှစ်ဖူး
  • ချယ်ရီခရမ်းချဉ်သီး - ၅လုံးခန့်
  • ပဲတောင့်ရှည် - ၅တောင့်ခန့်
  • ကြက်သွန်ဖြူ - ၃မွှာ
  • ပုဇွန်ခြောက် - ၁၅ကောင်ခန့်
  • ငရုတ်သီး အခြောက်တောင့် - ၇တောင့်ခန့်
  • ထန်းလျှက်ခဲ - တခဲ
  • ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - အနည်းငယ်
  • သံပုရာသီး - တခြမ်း
  • ဆလတ်ရွက် - ၅ရွက်ခန့်
  • ကြက်ဥ -၂လုံး
ပြင်ဆင်ပုံ
  • ပြောင်းဖူးကို ကျက်အောင်ပြုပ်ပြီး ဓါးနှင့်လှီးချပေးထားပါ
  • ဆလတ်ရွက်ကို ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ပုဇွန်ခြောက်ကို ရေဆေးထားပါ
  • ငရုတ်သီး အခြောက်တောင့်ကို ရေဆေးထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
  • ကြက်ဥကို အခွံခွာပြီး အနေတော် စိတ်ပေးထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ငရုတ်ဆုံထဲမှာ အရင်ဆုံး ငရုတ်သီးတောင့်နှင့် ပုဇွန်ခြောက်ကို မညက်တညက် ရအောင် ထည့်ထောင်းပါ
  • ပြီးတာနဲ့ထန်းလျှက်ခဲနှင့် ပဲသီးတို့ကို ခပ်ဖွဖွ ထည့်ထားပါ
  • ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး ခရမ်းချဉ်သီး ဆား ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာပြင်ပြီးတာနဲ့ ပန်းကန်တခုထဲမှာ ဆလတ်ရွက်ခင်းပြီး ပြောင်းဖူးထောင်းကိုထည့်ကာ ကြက်ဥကိုထည့်ပေးပြီး ပြောင်းဖူးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Saturday, 19 January 2019

မုန့်​ပျားသလက်​ စိမ့်စိမ့်လေး



မုန့် ပျားသလက်လို့လဲ ခေါ်ကြပြီး မုန့်ပြစ်စလက်လဲ ခေါ်ကြတဲ့ ဆန်မုန့်လေးကို မနက်စောစောစာဘဲစားစား နေ့လည်နေ့ခင်း အစာပြေဘဲစားစား အရမ်းကို စားလို့ ကောင်းတဲ့ မုန့်လေးဖြစ်ပါတယ်။ 

မုန့်ပျားသလက် စစ်စစ်ကလေးကတော့ မြေအိုးလေးနဲ့လုပ်ပြီး မြေစလောင်းဖုံးလေးနဲ့ ဖုံးတဲ့အတွက် မြေနံ့လေး ပိုမွှေးပါတယ် မာမာကတော့ မြေအိုးမရှိတဲ့အတွက် မကပ်တဲ့ ဒယ်အိုးသေးသေးနဲ့လုပ်ပါတယ်။

မာမာကတော့ နှမ်းထောင်းအငံ ခပ်လေးလေးနဲ့ စားရတာကို ပိုပြီးနှစ်သက်ပါတယ် နှမ်းအရသာ မွှေးပြီးစိမ့်နေတဲ့အတွက် မုန့်အရသာကို ပိုပြီးပေါ်စေပါတယ်၊

ဒီမုန့်နှစ်ရည်နဲ့ကိုဘဲ မိမိနှစ်သက်ရာ အသီးအရွက်လေးတွေ ကြက်ဥဘဲဥလေးတွေ ထည့်ပြီးတော့လဲ လုပ်စားနိုင်ပါတယ် ကလေးလူကြီး အကုန်ကြိုက်ကြတာမို့လို့  အခုလို မုန့်ရည်လေးစပ်ကာ လုပ်စားကြည့်ဖို့ မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆန်အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  3. yeast - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ (သို့) baking powder 
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (မုန့်ရည်အရသာစပ်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း ( နှမ်းထောင်းထဲထည့်ရန်)
  6. နှမ်းဖြူ - ထမင်းစားဇွန်း နှစ်ဇွန်း ( နှမ်းလှော်ရန်)
  7. ပဲပြုပ်ပြုပ်ပြီးသား - မိမိနှစ်သက်သလောက်
  8. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  9. နှမ်းလှော်ထောင်း - မိမိနှစ်သက်သလောက်
  10. ဆီ - လိုသလောက်သုံးပါ
  11. အောက်ခြေမကပ်သော ဒယ်အိုး - ခပ်သေးသေး တစ်လုံး
  12. မုန့်ရည်ခတ်ရန် ယောက်ချိုဇွန်း - တစ်ခု
  13. ဆီသုတ်ရန် - brush တစ်ခု
နှမ်းလှော်ထောင်းရန်

  1. နှမ်းအဖြူကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  2. ဒယ်အိုးပူလာတာနဲ့ မီးကိုအလယ်အလတ်လောက်ထိ လျှော့ပေးပြီးမှ နှမ်းကိုထည့်ပြီး လှော်ပေးပါ
  3. နှမ်းလှော်နေစဉ် အဆက်မပြတ် မွှေပေးပါ
  4. ညိုရောင်ရောင်လေး သန်းလာတာနဲ့ နှမ်းလှော်ကို ငရုတ်ဆုံထဲ တန်းထည့်ပေးပါ
  5. ပြီးတာနဲ့ ဆားထည့်ပြီး မညက်တစ်ညက် အနေအထားရအောင် ထောင်းပေးပါ

ပြင်ဆင်ပုံ


  1. ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ဆား yeastနှင့် ရေတို့ကို ဆန်မှုန့်များ ပျော်သွားအောင် ဖျော်ပေးပါ
  2. Yeast မရှိပါက baking powder ထည့်ပေးပါ
  3. ဆန်မှုန့်များ ပျော်သွားပါက ၈နာရီလောက် မုန့်ရည်ဖောက်ထားပေးပါ
  4. ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးပေးထားပါ
  5. ဆီ ပဲပြုပ်နှင့် နှမ်းထောင်းကိုလဲ ပြင်ထားပေးပါ
  6. မုန့်နှစ်ရည်ဖောက်ထားချိန် ပြည့်တာနဲ့ ဒယ်အိုးကို ဆီသုတ်ပေးပြီး အပူပေးပါ
  7. ဒယ်အိုးပူလာတာနဲ့ မီးကိုအလယ်လောက်ထိ လျှော့ပေးပြီးမှ မုန့်နှစ်ရည်ကို သမအောင်မွှေပြီး ယောက်ချိုဇွန်းဖြင့် ခပ်ပြီး လောင်းထည့်ပေးပါ
  8. ပြီးတာနဲ့ နှမ်းထောင်း ကြက်သွန်မိတ်နှင့် ပဲပြုပ်တို့ကို မုန့်နှစ်ရည်အပေါ်မှာ ဖြူးထည့်ပေးပြီး အဖုံးအုပ်ပေးပါ
  9. နှစ်မိနစ်လောက် အဖုံးအုပ်ပြီးတာနဲ့ မုန့်သားကျက်လာလိမ့်မယ်
  10. မုန့်သားကျက်တာနဲ့ မုန့်အပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးပြီး အိုးထဲမှ ဖယ်ပေးပါ
  11. ကျန်နေသော မုန့်နှစ်ရည်များကိုလဲ အထက်ပါနည်းအတိုင်း မုန့်ရည်ကုန်တဲ့အထိ ဆက်လုပ်ပေးပါ
  12. မုန့်လုပ်လို့ ပြီးတာနဲ့ စိမ့်စိမ့်လေးနဲ့ မွှေးနေတဲ့ မုန့်ပျားသလက်လေးတွေကို ရေနွေးကြမ်းနဲ့ဘဲ ဖြစ်ဖြစ် ကော်ဖီခါးခါးလေးနဲ့ဘဲဖြစ်ဖြစ် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Friday, 18 January 2019

မုန့်​ညှင်းပေါင်း အိအိလေး



တစ်နေ့တစ်နေ့ ဘာစားရမလဲ စဉ်းစားရတိုင်း ခေါင်းအင်မတန် နောက်ရတာက အိမ်ရှင်မတွေပါဘဲ စိတ်ထဲပေါ်လာတာတွေ ထထချက်မိတိုင်းလဲ စားလို့ကောင်းတယ်လို့ ပြောတဲ့အခါတိုင်း ပီတိဖြစ်ရတာလဲ အိမ်ရှင်မတွေပါဘဲ။

ဒီနေ့တော့ မာမာနေတဲ့မြို့လေးမှာ ဆောင်းအငွေ့အသက်လေး မကုန်ခင် မုန့်ညှင်းပင်လေးတွေ လတ်လတ်ဆတ်ဆတ် ရလေတော့ မုန့်ညှင်းပေါင်းလေး ပေါင်းပြီး ထမင်းလွတ် စားကြဖို့ ပြင်မိပါတယ် ဒါကြောင့်မို့လို့ စားလို့ကောင်းပြီး လျှာကိုစွဲနေစေတဲ့  မာမာပြင်ဆင်ထားတဲ့ မုန့်ညှင်းပေါင်းနည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုန်ညှင်းပင် - 500 g
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  7. မြေပဲလှော် - ထမင်းစားဇွန်း ၃ဇွန်း
  8. ချင်း - လက်တစ်ဆစ်သာသာ
  9. ကြက်သွန်ုဖြူ - အမွှာကြီးကြီး ၃မွှာ
  10. ပဒဲကော - ခပ်ပါးပါး ၃ပြား
  11. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  12. ရေ - အနည်းငယ်
  13. နံနံပင် - မိမိနှစ်သက်သလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  14. ကြက်သွန်ဖြူဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  15. ငရုတ်သီး အကြမ်းမှုန့် ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန်)
  16. ပေါင်းခံဇကာပါသော ပေါင်းအိုး - တစ်လုံး 
  17. မုန့်ညှင်းထည့်ရန် - ပန်းကန်လုံးတစ်ခု

    ပြင်ဆင်ပုံ

    1. မုန်ညှင်းကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
    2. ရေစစ်သွားတာနဲ့ လက်နှစ်ဆစ်ခန့် အနေလေးတွေ လှီးထားပါ
    3. ဆန်မှုန့်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
    4. ကြက်သွန်ဖြူဆီချက်ကို ချက်ထားပါ
    5. ငရုတ်သီး အကြမ်းမှုန့် ဆီချက်ကို ချက်ထားပါ
    6. နံနံပင်ကို ရေဆေးပြီး ရေဆေးပြီး ရေစစ်ထားပါ
    7. ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
    8. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
    9. ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးကာ မထူမပါး လှီးထားပါ
    10. ပဒဲကောကို ရေဆေးပြီး အချပ်လိုက် ခပ်ပါးပါး လှီးထားပါ
    11. မြေပဲလှော်ကို အခွံခြွတ်ပြီး မညက်တညက် ထောင်းထားပါ
    12. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးကာ သမအောင် ရောနယ်ပေးပါ
    13. အရသာ သမအောင် နယ်ပြီးတာနဲ့ ပန်းကန်တစ်ခုထဲမှာ အရသာနယ်ထားသော မုန့်ညှင်းများကို ထည့်ပေးပါ
    14. ပေါင်းအိုးအောက်ခံအိုးကို ရေတစ်ဝက်သာသာ ထည့်ပေးကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
    15. ရေပွက်ပွက် ဆူလာတာနဲ့ မုန့်ညှင်းပန်းကန်ကို ပေါင်းအိုးဇကာထဲထည့်ကာ အဖုံးအုပ်ပြီး မုန်ညှင်းများ နူးအိလာတဲ့အထိ ပေါင်ပေးပါ
    16. ပေါင်းချိန် တစ်နာရီခန့် ပေါင်းပေးပါ
    17. မုန့်ညှင်းပေါင်းနေစဉ် အောက်ခံအိုးထဲမှာ ရေနည်းသွားပါက သတိထားပြီး ရေထပ်ထပ်ပြီး ဖြည့်ပေးပါ
    18. အသုံးပြုသော မုန့်ညှင်းနုပါက နာရီဝက်လောက် ပေါင်းပေးပြီး မုန့်ညှင်းပင်ရင့်ပါက တနာရီလောက် ပေါင်းပေးရင် ရပါတယ်
    19. မုန်ညင်းများ နူးအိလာပါက နံနံပင် ကြက်သွန်ဖြူဆီချက် ငရုတ်သီးဆီချက်တို့နှင့် တွဲဖက်ကာ မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ ။

    ဆန်ဘိန်းမုန့် မွှေးမွှေးလေး



    Blog အသစ်လေးမှာ ဆန်ဘိန်းမုန့် လုပ်နည်းလေးနဲ့ အရင်ဆုံး မိတ်ဆက်ပေးပါမယ်ရှင် အရင် မာမာရေးနေကျ mmlazp.blogspot.com လေးမှာ အကြောင်း အမျိုးမျိုးကြောင့် ဆက်လက်ပြီး ရေးခွင့်မရတော့တာကြောင့် ဟင်းချက်နည်း မုန့်လုပ်နည်းလေးတွေကို ဒီblog လေးကနေဘဲ ဆက်လက်ပြီး မျှဝေပေးသွားပါ့မယ်ရှင်။

    ဘိန်းမုန့်ဟေ့လို့ ဆိုလိုက်ရင် ဆန်ဘိန်းမုန့်လေးလဲ အရမ်းကြိုက်သလို ကောက်ညှင်းဘိန်းမုန့်လေးကိုလဲ အရမ်းကြိုက်ပါတယ်။

    ဒီနေ့တော့ မြန်မာပြည်နဲ့ အနောက်နိုင်ငံတွေမှာ အလွယ်တစ်ကူ ဝယ်လို့ရနိုင်တဲ့ ထိုင်းဆန်အစိမ်းမှုန့် အုန်းသီးခြောက်မှုန့် လေးတွေနဲ့ အလွယ်တစ်ကူ လုပ်စားနိုင်တဲ့ ဘိန်းမုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    အခုလုပ်တဲ့ မုန့်ရည်အချိုးအစားက မုန့်လုပ်ပြီးတဲ့အခါမှာ ဆယ်ယောက်လောက် စားနိုင်တဲ့အတွက် မိသားစုနည်းပြီး စားတဲ့သူနည်းပါက မုန့်ရည်အချိုးအစားကိုလျှော့ပြီး စပ်နိုင်ပါတယ်။

    ပါဝင်ပစ္စည်းများ

    • ဆန်အစိမ်းမှုန့် - 500 g
    • baking powder - လက်ဖက်ရည်ဇွန်း ၃ဇွန်း
    • ဒိန်ချဉ် - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
    • ထမင်းကြမ်းခဲ မွှထားပြီးသား  - ပေါင်းအိုးဆန်​ချင်​ဗူး ၂ဗူး
    • ရေ - ထမင်းပေါင်းအိုး ဆန်​ချင်​ဗူး နှစ်ဗူး (မုန့်​နှစ်​ကြိတ်​ရန်​)
    • သကြားအညို - 400 g (သို့) ထန်းလျှက် အညို - 400 g
    • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး ( ထန်းလျှက်ကျိုရန် )
    • ကြက်ဥ - လေးလုံး
    • ဆား - လက်​ဖက်​ရည်​ဇွန်း တဇွန်း ( ထန်းထျှက်ရည်ကျိုရန် )
    • ငှက်​ပျောသီး - တစ်လုံး
    • မြေပဲအစိမ်း ( သို့မဟုတ် ) လှော်ပြီးသား - မိမိနှစ်​သက်​သလောက်
    • နှမ်းဖြူ လှော်ပြီးသား - မိမိနှစ်​သက်​သလောက်
    • နှမ်းမည်း လှော်ပြီးသား - မိမိနှစ်​သက်​သလောက်
    • အုန်းသီးအစို စိတ်ပြီးသား (သို့မယုတ် ) အုန်းသီးခြောက် စိတ်ပြီးသား - မိမိနှစ်​သက်​သလောက်​ သို့
    • အုံးသီးအခြောက်မှုန့် ( သို့မဟုတ် ) အုန်းသီးအစိုခြစ်ပြီးသား​ - မိမိနှစ်​သက်​သလောက်
    • ဘိန်းစေ့ - မိမိနှစ်​သက်​သလောက်
    • ဆီ (သို့မဟုတ်) ထောပါတ် - လိုသလောက်သုံးပေးပါ
    • ဟင်းခတ်ယောက်ချိုဇွန်း - တစ်ဇွန်း
    • မကပ်​သော ဒယ်အိုး - အနေတော်​ တစ်အိုး
    • မုန့်ကလော်ရန် ရာဘာယောက်မ - တစ်ခု
    • ထောပါတ်ဆီသုတ်ရန် - ရာဘာအပျော့စား brush တစ်ခု
    ထန်းလျှက်ရည်ကျိုရန်
    1. ဇောက်နက်သော အိုးအနေတော် တစ်လုံးထဲမှာ ထန်းလျှက်ခဲ ဆား လက်ဖက်ရည်​ဇွန်း နှစ်ဇွန်း ရေ ဆန်ချင်ဗူး နှစ်ဗူး နှင့် ထန်းလျှက်ပျော်အောင် ကျိုပေးထားပါ
    2. ထန်းလျှက်ခဲများ အားလုံး ကျေသွားတာနဲ့ ဇလုံတစ်ခုပေါ်မှာ အဝတ်​ပါးစခံကာ ထန်းလျှက်​ရည်ကို သွန်ချပေးပြီး အမှိုက်​များစစ်​ကာ အအေးခံထားပါ။
    ပြင်ဆင်ပုံ
    1. ဇလုံကြီးကြီး တလုံးထဲမှာ ဆန်မှုန့် ထမင်းကြမ်းခဲ baking powder နှင့် ဒိန်ချဉ်တို့ကိုရောထားပါ
    2. ပြီးတာနဲ့ ဘလင်ဒါထဲထည့်ပြီး ရေထမင်းပေါင်းအိုး ဆန်​ချင်​ဗူး ၂ဗူးနှင့်​ရောကာ ၄မိနစ်လောက် ထည့်ကြိတ်ထားပါ
    3. ကြိတ်ပြီးတာနဲ့ မုန့်နှစ်များကို ဇလုံထဲကို ပြန်ထည့်ပြီး ကျိုထားသော ထန်းလျှက်ရည်နှင့် အားလုံးသမသွားအောင် ရောမွှေပေးပါ
    4. မုန့်သားအားလုံး သမသွားတာနဲ့  မုန့်နှစ်ပွလာအောင် ၇နာရီလောက် မုန့်ဖောက်ထားပေးကာ အပူဓါတ်ရှိသာ မီးဖိုခန်းထဲမှာ ထားပေးပါ
    5. မုန့်​ဖောက်​ထားစဉ်​ မြေပဲကို ခပ်​ပါးပါးလေးတွေ လှီးထားပါ
    6. နှမ်းနှစ်မျိုးလုံးကို မွှေးတယ်ဆိုရုံလေး လှော်ပေးထားပါ
    7. ဘိန်းစေ့ အုန်းသီးစိတ်​နှင့် အုန်းသီးခြစ်ပြီးသားတို့ကို ပြင်​ထားပါ
    8. ထောပါတ်​ကို အပူပေးကာ ဖျော်​ထားပါ
    9. မုန့်ရည်ဖောက်ထားချိန် ပြည့်ကာနီးတာနဲ့ ကြက်ဥ​နှင့် ငှက်ပျောသီးကို ဗလင်ဒါထဲမှာထည့်ပြီး ပွလာအောင် နှစ်မိနစ်လောက် ကြိတ်ပေးပါ
    10. မုန့်ရည်ဖောက်ထားချိန် ၅နာရီပြည့်တာနဲ့ မုန့်ဖောက်ထားသော ဇလုံထဲကို ကြက်ဥနှင့် ငှက်ပျောသီး ကြိတ်ပြီးသားကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
    11. အားလုံး အဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးကို ထောပါတ်အနည်းငယ်သုတ်ပြီး အပူပေးပါ 
    12. ဒယ်အိုးပူလာတာနဲ့ မီးကိုအလယ်လောက်ထိ လျှော့ပြီးမှ မုန့်ရည်ကိုထည့်ပေးပါ
    13. မုန့်ရည်ကို ယောက်ချိုဇွန်း တစ်ဇွန်းအပြည့်ခပ်ပြီး ထည့်ပြီးတာနဲ့ နှမ်းလှော်​ အုန်းသီးစိတ် မြေပဲနှင့်​ ဘိန်းစေ့တို့ကို သင့်တော်သလို ထည့်ပေးပြီး အဖုံးဖုံးထားပါ
    14. အဖုံးဖုံးထားချိန် အချိန်တစ်မိနစ်ခွဲလောက် ကြာတာနဲ့ အဖုံးဖွင့်ပြီး အပေါ်ယံကို ထောပါတ်ဆီ အနည်းငယ် သုတ်ပေးပါ
    15. ထောပါတ်ဆီ အနည်းငယ် သုတ်​ပေးပြီးတာနဲ့ နောက်​တဖက်​ကို လှန်​ပေးကာ ခနပြန်​အုပ်​ထားပါ 
    16. မုန့်သားကျက်လာတာနဲ့ ဆယ်ပေးပါ
    17. အထက်ပါ နည်းအတိုင်း မုန့်ရည်ကုန်တဲ့အထိ လုပ်ပေးပါ
    18. ဆန်ဘိန်းမုန့် ပူပူမွှေးမွှေးလေးကို အုန်းသီးမှုန့်ဖြူးပြီး မိမိနှစ်သက်သလို စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ။