Tuesday, 26 May 2020

ပုဇွန်ထောင်းကြော်










ဒီနေ့တော့ မာမာတို့ ငယ်ငယ်က အမေကြော် ခနခနကြော်ကျွေးတတ်တဲ့ ပုဇွန်ထောင်းကြော်လေးကို သတိရတာနဲ့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ပုဇွန်ထောင်းကြာ်လေး ကြော်ဖြစ်ပါတယ်။

ပုဇွန်ဆိတ်လေးတွေနဲ့ ကြော်ရင် အခွံလေးတွေ ပါတဲ့အတွက် ပိုပြီး ကောင်းပါတယ် မာမာကတော့ ပုဇွတ်ဆိတ်တဲ့ အကောင်ကြီးတဲ့ ပုဇွန်ခေါင်းချိုးသာသာ အရွယ်လေးတွေနဲ့ ကြော်တဲ့အတွက် ခေါင်းတွေအခွံတွေ ဖြုတ်ပြီးမှ ကြော်ထားပါတယ်။

အရသာ ရှိလွန်းပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို စိတ်ဝင်စားသူတွေအတွက် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခေါင်းချိုး - 250 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး လေးမွှာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပုဇွန်အရသာနယ်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပုဇွန်အရသာနယ်ရနိ)
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပုဇွန်အရသာနယ်ရန်)
  7. အကြော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း မောက်မောက် (မည်သည့်အကြော်မှုန့်မဆို သုံးနိုင်ပါတယ်)
  8. ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပုဇွန်ထောင်းထဲထည့်ရန်)
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပုဇွန်ထောင်းထဲထည့်ရန်)
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပုဇွန်ထောင်းထဲထည့်ရန်)
  11. နံနံပင် - နှစ်သက်သလောက် 
  12. ဆီ - လိုသလောက် သုံေးပေးပါ

ပြင်ဆင်ပုံ
  • ပုဇွန်ကို အခွံခွာ အမြှီးဖြုတ် ခေါင်းဖြုတ်ပြီး ကြောဖက်မှ အမဲကြောင်းကို ဖယ်ပေးပါ
  • အားလုံးပြီး သန့်စင်ပြီးလျှင် ရေတစ်ထပ်ဆေးပြီး ရေစစ်ထားပါ
  • ပုဇွန်ရေစစ်သွားပါက ဆား နနွင်းမှုန်နှင့် အရသာမှုန့်တို့ထည့်ကာ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်ဆုံထဲမှာ ပုဇွန်ကို အရင်ဆုံထည့်ပြီး ညက်နေအောင် ထောင်းပေးပါ 
  • ပုဇွန်ညက်တာနဲ့ ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် အကြော်မှုန့်တို့ကို ထည့်ပြီး အရသာ သမသွားအောင် ခပ်ဖွဖွ ထောင်းပေးပါ
  • ထောင်းလို့ပြီးပါက အရသာ သမသွားအောင် ဇွန်းနှင့်ရောနယ်ပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်ခုထဲမှာ ခပ်ထည့်ပြီး အဖုံးအုပ်ပေးကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီလောက် နှပ်ထားပေးပါ
  • နှပ်ထားချိန် ပြည့်တာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်စာယူပြီး လက်ကိုရေစွတ်ကာ ခပ်ဖွဖွ ဆုတ်လုံးပေးပါ
  • ။ယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာပါက လုံးထားသော ပုဇွန်လုံးကို မထည့်ခင် မီးကို အနေတော် ပြန်လျှော့ပေးပြီးမှ ပုဇွန်လုံးကို ထည့်ကြော်ပါ
  • မီးအရမ်းများပါက အထဲက မကျက်သလို အပြင်ကလဲ ခနလေးနဲ့ ကျွမ်းသွားတတ်ပါတယ်
  • ပုဇွန်ထောင်းကြော်က ကြော်နေတဲ့ အခါမှာ အရမ်းဘဲ ပွလာတတ်တဲ့အတွက် အိုးထဲမှာ အများကြီး မထည့်ဖို့ သတိထားပေးပါ
  • တစ်ဖက်ကျက်တာနဲ့နောက်တစ်ဖက်လှန်ပြီး ဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါ  ထမင်းပူပူလေးနဲ့ စားနိုင်သလို ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Thursday, 21 May 2020

ငှက်ပျောသီးပေါင်း မွှေးမွှေးလေး



















COVID 19 ကာလကြီးမှာ အပြင်ထွက်လဲ အထိတ်တစ်လန့်နဲ့ ထွက်နေရတော့ တော်ရုံအပြင်သွားဖို့ ဝန်လေးနေမိတာတော့ အမှန်ပါဘဲ တစ်ပါတ်တစ်ခါ ဈေးသွားပြီး လိုမယ်ထင်တာလေးတွေ ဝယ်ထားကာ အိမ်ထဲမှာဘဲ အမျိုးမျိုး လုပ်စားဖြစ်ပါတယ်။

ဒီနေ့တော့ ငှက်ပျောသီးလေးတွေ ဝယ်လားတာ တစ်ပါတ်ပြည့်တော့မယ် အတော်လေးလဲ မှည့်ကုန်ပြီမို့လို့ ငှက်ပျောသီးပေါင်းလေး လုပ်ဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး လုပ်ရတာ လွယ်ကူတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. 3 - bananas
  2. 1 - egg
  3.  1/2 cup - white sugar
  4.  1/2 cup - brown sugar
  5. 1/2 cup - milk 
  6.  1 tsp - vanilla
  7. 1 1/2 cup - all purpose flour 
  8. 1 tsp - salt 
  9. 1 tsp - baking soda 
  10. 1 tsp - baking powder
  11. 1/2 cup - butter 
ပြင်ဆင်ပုံ 
  • ထောပါတ်ခဲကို အနည်းငယ် အပူပေးပြီး အရည်ဖျော်ထားပါ
  • မုန့်ထည့်ပေါင်းမည့် ပန်းကန်လေးများကို ထောပါတ်သုတ်ပေးထားပါ
  • ပထမဦးဆုံး ငှက်ပျောသီးကို အခွံခွာပြီး ဇလုံတစ်လုံးထဲထည့်ကာ ကျေညက်သွားတဲ့အထိ ချေထားပါ
  • ငှက်ပျောသီးများ ကျေညက်သွားတာနဲ့ ကြက်ဥကို ဖောက်ထည့်ကာ ငှက်ပျောသီးနဲ့ ရောပြီး မွှေပေးပါ
  • ပြီးတာနဲ့ သကြားအဖြူ  သကြားအညို တို့ကို ရောပြီးသကြားများ ပျော်သွားတဲ့အထိ မွှေပေးပါ
  • သကြားများ ပျော်သွားတာနဲ့ နောက်ထပ် ဇလုံတစ်လုံးထဲမှာ ဂျုံမှုန့် ဆား ဘိတ်ကင်ပေါင်ဒါနှင့် ဘိတ်ကင်ဆိုဒါတို့ကို ရောပြီးမွှေပေးပါ
  • ပြီးတာနဲ့ ငှက်​​ပျောသီး ဇလုံထဲကို ဇကာခံပြီး ဂျုံ ​မှုန့်များကို စစ်ချ ​ပြီးထည့်​​ပေးပါ
  • ဂျုံမှုန့်ထည့်ပြီးတာနဲ့ မုန့်​နှစ်​သမသွား​အောင်​ ​​မွှေတံဖြင့်​ ​မွှေပေးပါ
  • ပြီးတာနဲ့ မုန့်​နှစ်​များကို ထောပါတ်ဆီ သုတ်ပေးထားသော ပန်းကန်လေးတွေထဲကို ပန်းကန်​တစ်​၀က်​ သာသာ​လောက်​ လိုက်​ထည့်​​ပေးပါ
  • အားလုံးအဆင်​သင့်​ ဖြစ်​တာနဲ့ ​ပေါင်းအိုးအောက်ခံအိုးထဲကို ပေါင်းခံခုံကို ထိတယ်ဆိုရုံလေး ရေထည့်ပေးပါ
  • ရေထဲမှာ ပေါင်းခံကို ထည့်ပေးပြီးတာနဲ့ ခုံပေါ်မှာ အိုးဆန့်​သ​လောက်​ ပန်းကန်​​လေး​တွေ ထည့်​​ပေးပါ
  • ​ပေါင်းအိုးကို အဖုံးလုံအောင်အုပ်​ပြီး steam ခလုတ်​ကို နှိပ်​​ပေးကာ ၁၅မိနစ်​ ​ပေါင်း​ပေးပါ
  • မုန့်​​ပေါင်းချိန်​ ပြည့်​တာနဲ့ အိုးထဲမှ ​လေ​တွေကုန်​​အောင်​ အကုန်​ထုတ်​​ပေပြီးမှ အိုအဖုံးကို ဖွင့်​​ပေးပါ
  • ပေါင်းအိုးထဲမှာ လေများကျန်နေပါက အဖုံးဖွင့်တဲ့အခါမှာ ပေါက်ကွဲပြီး လူကိုအပူလောင်စေပါတယ်
  • ​ပေါင်းအိုးထဲမှ ငှက်​​ပျော​ပေါင်း​လေ​တွေကို အိုးအပြင်ကို ​ထုတ်​​ပေးပြီး စားသုံးရန်​ ပြင်​​ပေးနိုင်​ပါပြီ။
မှတ်ချက် ။ ။ မာမာပြထားသော အိုးမျိုးနှင့် မပေါင်းဘဲ ရိုးရိုးပေါင်းအိုး အောက်ခံအိုးကို ရေထည့်ပြီး အပေါ်မှ ပေါင်းခံဇကာကိုတင်ကာ ပေါင်းပါက မိနစ်သုံးဆယ် ပေါင်းပေးရပါမယ် နောက်တစ်ခုက ငှက်ပျောသီးတို့ရဲ့  သဘာဝ ပေါင်းပြီးကာစမှာ အရောင်ရဲရဲလေးနေပေမဲ့ အအေးခံပြီးတာနဲ့ ညိုရောင်လေး သန်းသွားတတ်ပါတယ်။

Sunday, 10 May 2020

ငါးရံ့ ဆန်လှော်ဆန်ပြုပ်


ဒီနေ့တော့ ငါးရံ့ အသား လွှာထားတာလေးတွေနဲ့ ဆန်လှော်ဆန်ပြုပ်လေး ပြုပ်ပါတယ် ဆန်ပြုပ်ဟေ့လို့ဆိုရင် ငါးရံ့ အသားနဲ့ ပြုပ်တဲ့ ဆန်လှော်ဆန်ပြုပ်က အရသာ တစ်မျိုးလေး ပိုနေတတ်တဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ဆန်ပြုပ် ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆန် - ​ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ရေ - လိုသလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  6. ငါးရံ့ အသား - 150 g
  7. ကြက်သွန်နီ - အနေတော် သုံးလုံး
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  9. နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ကြက်သွန်နီကြော် - မိမိနှစ်သက်သလောက်
  12. ဆီ - ထမင်းစားဇွန်း လေးဇွန်း
ဆန်လှော်ပုံ
  1. ဒယ်အိုးထဲမှာ ဆန်ထည့်ပြီး မီးအနေတော်နဲ့ လှော်ပေးပါ
  2. ဆန်လှော် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  3. ဆန်လှော်များ ညိုရောင်သန်းလာပြီး မွှေးလာပါက မီးပိတ်ပေးထားပါ

ပြင်ဆင်ပုံ
  1. ဆန်ပြုပ်မည့် အိုးထဲသို့ ဆန်လှော်များကို ထည့်ပေးပါ
  2. ဆန်လှော်အထက် ရေလက်ငါးလုံးလောက် မြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  3. အောက်ခြေ မကပ်စေရန် မကြာမကြာ မွှေပေးပါ
  4. ရေခမ်းကာနီး ဆန်စေ့လေးများ ကျေလာတာနဲ့ ရေအပျစ်အကျဲကို ကြည့်ပြီးထည့်ကာ မီးအေးအေးနှင့် တည်ထားပေးပါ
  5. ဆန်သားကျေလာလေ ဆန်လှော်ဆန်ပြုပ်က ကောင်းလေမို့ မီးအေးအေးနှင့် တည်ထားပြီး မကြာမကြာမွှေပေးပါ
  6. ကြက်သွန်မိတ်ကို အနေတော် လှီးထားပါ
  7. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အဖတ်လေးများရအောင် လှီးထားပါ
  8. ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
  9. ငရုတ်ကောင်းကို ညက်နေအောင် ထောင်းထားပါ
  10. ငါးရံ့ အသားများကို ခပ်ပါးပါး လှီးထားပြီး ဆားလက်ဖက်ရည်ဇွန်း တစ်ဝက် ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် နယ်ထားပါ
  11. ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  12. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တစ်ဝက်ဆီ ထည့်ကြော်ပါ
  13. ကြက်သွန်များ နွမ်းတာနဲ့အရသာ နယ်ထားသော ငါးအသားများကိုထည့်ပြီး ၄မိနစ်လောက် ဆီသတ်ပါ
  14. ငါးအသား အသားမာလာတာနဲ့ ဆန်ပြုပ်အိုးထဲ ပြောင်းထဲ့ပါ
  15. ငါးအသား ထည့်ပြီးတာနဲ့ ဆား ဟင်းချိုမှုန့် ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီနွမ်းတဲ့ထိ မီးအနေတော်နှင့် ပြုပ်ပေးပါ
  16. ကြက်သွန်နီ နူးလာတာနဲ့ ရေအပျစ်အကျဲ လိုသလိုပြင်ရန် ရေနွေးကို ထည့်ပေးပါ
  17. ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့ထည့်ပြီး ရေဆူအောင်တည်ကာ အရသာမြည်း၍ လိုသလိုပြင်ကာ ငါးရံ့ ဆန်လှော်ဆန်ပြုပ်ကို ကြက်​သွန်​နီ​ကြော်​နှင့်​ ကြက်သွန်မိတ်ဖြူးပြီး သောက်နိုင်ပါပြီ။

Friday, 8 May 2020

ပြည်ကြီးငါး သံပုရာ​ပေါင်း
















ဒီနေ့တော့ ပြည်ကြီးငါး လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့ ပြည်ကြီးငါး သံပုရာပေါင်းလေး လုပ်စားဖြစ်ပါတယ် အင်မတန်မှ စားလို့ကောင်းပြီး ရာသီဥတု အေးစိမ့်စိမ့်လေးနဲ့ လိုက်ဖက်လွန်းတဲ့ စားဖွယ်ရာ တစ်မျိုး ဖြစ်လေတော့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပြည်ကြီးငါးပေါင်း ပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပြည်ကြီးငါး - နှစ်ကောင် (350 g)
  2. ငါးငံပြာရည် -  ထမင်းစားဇွန်း နှစ်ဇွန်း
  3. သံပုရာရည် -  ထမင်းစားဇွန်း လေးဇွန်း
  4. ငရုတ်သီးစိမ်း အနီရောင် -  လေးတောင့် 
  5. ငရုတ်သီးစိမ်း အစိမ်းရောင် - လေးတောင့် 
  6. နံနံပင်  - နှစ်သက်သလောက် 
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ငါးမွှာ 
  8. သံပုရာသီး - တစ်လုံး
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပြည်ကြီးငါး အရသာနယ်ရန်)
  10. ကြက်သားမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပြည်ကြီးငါး အရသာနယ်ရန်)
  11. သကြား  - ထမင်းစားဇွန်း တစ်ဇွန်း
  12. ရေ - ခွက်တစ်ဝက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
ဆော့ရည်အတွက် ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာဖြုတ်ပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ဇလုံတစ်လုံးထဲမှာ အဆင်သင့်ပြင်ထားသော သံပုရာရည် ငါးငံပြာရည် သကြား ရေ ကြက်သွန်ဖြူ  ငရုတ်သီးစိမ်းတို့ကို ရောပြီး သကြားပျော်တဲ့အထိ ဖျော်ထားပေးပါ
ဟင်းပွဲအလှဆင်ရန်
  • သံပုရာသီးကို အလုံးလိုက် ရေဆေးပြီး အကွင်းလိုက် ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို အပင်လိုက် ရေဆေးပြီး မထူမပါး လှီးပေးထားပါ
    
ပြင်ဆင်ပုံ
  • ပြည်ကြီးငါးကို ကြောဘက်မှ ကော်ချောင်းကို ထုတ်ပေးပါ
  • ဗိုက်ထဲမှ အစာအိတ်ကို မပေါက်မပြဲအောင် သေသေချာချာကိုင်ပြီး ထုတ်ပေးပါ
  • ဗိုက်ထဲမှ သည်းခြေအိတ်ကို မပေါက်မပြဲအောင် သေသေချာချာ ကိုင်ပြီး ထုတ်ပေးပါ 
  • မျက်လုံးနှစ်လုံးနှင့် သွားတို့ကို လက်နှင့်ညှစ်ပြီး ထုတ်ပေးပါ
  •  ပြီးတာနဲ့ ပြည်ကြီးငါးကို ဇလုံထဲမှာ ထည့်ပေးကာ ဆားထည့်ပြီး ခပ်ဖွဖွနယ်ပြီး ရေစင်အောင် ဆေးပေးကာ ရေစစ်ထားပါ
  • ရေစစ်ထားသော ပြည်ကြီးငါးကို ဆား ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနယ်ပေးထားပါ
  • အရေသာ နယ်ပြီးတာနဲ့ အရသာ စပ်ထားသော ဆော့ရည်ကို ပြည်ကြီးငါး အပေါ်သို့ လောင်းထည့်ပါ 
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုံမှာပြထားသော ပေါင်းအိုးဖြင့် steam ခလုတ်ကို နှိပ်ပေးကာ ၅မိနစ် ပေါင်းပေးပါ
  • ပြည်ကြီးငါး ပေါင်းချိန်ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို မိမိစိတ်ကြိုက်ရအောင် ပြင်ပေးကာ သံပုရာသီး အစိတ်လေးများနှင့် နံနံပင် ထည့်ပေးကာ အိုးအဖုံးကို ခနအုပ်ထားပါ
  • ပြီးတာနဲ့ ပြည်ကြီးငါးပေါင်း အလှဆင်ရန်အတွက် ပန်းကန်ထဲမှာ ပြည်ကြီးငါးကို ထည့်ပေးပြီး ထိုအပေါ်မှ သံပုရာကွင်းနှင့် နံနံပင်ကို တင်ပေးပါ
  • ချိုချဉ်ငံစပ် အရသာရှိသော ပြည်ကြီးငါး သံပုရာပေါင်းကို ဓါးပြတ်ပြတ်လေးဖြင့် လှီးပေးကာ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ မာမာပြထားသော ပေါင်းအိုးမျိုး အဆင်သင့် မရှိပါက ဇောက်နက်သော အိုးထဲမှာ ရေလေးပုံတစ်ပုံခန့် ထည့်ပေးပြီး ပေါင်းခံခုံကို တင်ပေးပါ
ထိုပေါင်းခံခုံပေါ်မှာ ပြည်ကြီးငါး ပန်းကန်ကို တင်ပေးကာ အဖုံးအုပ်ပြီး ဆယ့်ငါးမိနစ်လောက် ပေါင်းပေးပါ။

Sunday, 3 May 2020

ဘဲသား ဆန်ပြုပ်


ဒီနေ့တော့ ဆောင်းရာသီရဲ့ အေးချမ်းတဲ့ဒဏ်ကို ခံနိုင်ဖို့အတွက် ဘဲသားနဲ့ ဆန်ပြုပ်လေး ပြုပ်ပါတယ် အရမ်းသောက်လို့ ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ဆန်ပြုပ်ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ဘဲသား - အနေတော် တစ်စိတ်
  3. ကြက်သွန်နီ - ဥအသေး ဆယ်လုံး (ဆန်ပြုပ်ထဲထည့်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း လေးဇွန်း ( ဇွန်းတစ်ဝက်ကို ဘဲသားပြုပ်ထဲထည့်ရန်)
  5. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ (တစ်ဝက်ကို ဘဲသားပြုပ်ထဲ့ထည့်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး၎မွှာ (ဆန်ပြုပ်ထဲထည့်ရန်)
  8. ငရုတ်ကောင်းမှုန့် - လိုသလောက် ပြင်ပေးပါ
  9. ကြက်သွန်ဖြူ ဆီချက် - လိုသလောက် ပြင်ထားပါ
    ပြင်ဆင်ပုံ
    • ဇောက်နက်သော အိုးထဲမှာ ဆန်ကိုထဲ့ပြီး ရေနှစ်ထပ်လောက် ဆေးပေးကာ ရေများများထဲ့ပြီး နူးအောင်ပြုပ်ထားပါ
    • ဆန်လုံးများ ကျေလာအောင် ပြုပ်ပေးပါ
    • ဘဲသားကို အခြမ်းလိုက် ရေဆေးပေးပါ
    • ရေဆေးထားသော ဘဲသားကို အိုးထဲမှာထည့်ပြီး အရသာမှုန့်နှင့် ဆားတို့နှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
    • ဘဲသားပြုပ်ထားစဉ် အပေါ်ယံကို တက်လာသော အမြှုပ်များကို ခပ်ခပ်ပြီး သွန်ပေးပါ
    • ဘဲသားအိုး ရေခမ်းတာနဲ့ ဘဲသားကို အသားမျှင်လေးတွေ ရအောင်ထွင်ထားပါ
    • ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
    • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
    • ကြက်သွန်ဖြူ  ဆီချက်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ပြင်ထားပါ
    • ဆန်ပြုပ်များ မနူးသေးပါက ဆန်နူးတဲ့ထိ ရေထပ်ထပ်ထဲ့ပြီး ပြုပ်ပေးပါ
    • ဆန်ပြုပ်နေစဉ် အိုးမကပ်အောင် မကြာမကြာ မွှေမွှေပေးပါ
    • ဆန်များနူးပြီ ဆိုပါက ရေကို မိမိလိုသလောက် ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ဘဲသားပြုပ်ထားတာကို ထဲ့ပြုပ်ပေးပါ
    • ဆားနှင့်အရသာမှုန့် နှစ်ဇွန်းကိုထဲ့ပြီး အရသာ သမအောင် မွှေပေးပြီး အရသာ မြည်းပေးပါ
    • မိမိနှစ်သက်သော အရသာ ရလာအောင် ပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက မီးနွေးနွေးနဲ့တည်ထားပါ
    • ပန်းကန်လုံးထဲမှာ ဘဲသားဆန်ပြုပ်ကို မိမိ လိုသလောက် ထဲ့ပေးကာ သောက်ကာနီးမှ ငရုတ်ကောင်းမှုန့်  ကြက်သွန်ဖြူ ဆီချက်နှင့် ကြက်သွန်မိတ်ဖြူးပြီး သောက်နိုင်ပါပြီ။

    ငါးသံပုရာပေါင်း







    သားကြီးလာလည်တုံးက ငါးသံပုရာပေါင်း စားချင်တယ် ဆိုတာနဲ့ ချဉ်ငံစပ်လေး ပေါင်းဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ငါးသံပုရာပေါင်းလေး ပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ
    ငါးပေါင်းရန်အတွက်

    1. ကကတစ်ငါး - 500 g
    2. Chinese cooking wine - ထမင်းစားဇွန်း ၂ဇွန်း
    3. ချင်း - လှီးပြီးသား ထမင်းစားဇွန်း ၃ဇွန်းခန့်
    4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
    5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

    ငါးပေါင်းပြီး ဟင်းပွဲအရသာစပ်ရပ်အတွက်
    • Fish Sauce - ထမင်းစားဇွန်း တစ်ဝက်
    • ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
    • သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
    • ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၇တက်ခန့်
    • နံနံပင် - သုံးပင်ခန့်
    • သကြား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
    • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
    • သံပုရာသီး - အနေတော် တစ်လုံး
    • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာ
    ပြင်ဆင်ပုံ
    1. ငါးကို အရည်ခွံနှင့်အတူ မလိုတာတွေဖယ်ပြီး ရေဆေးကာ၂လက်မသာသာ အရွယ်တော်တုံးပြီး ရေစစ်ထားပါ
    2. ရေစစ်သွားတာနဲ့ နနွင်းမှုန့် ဆား အရသာမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ပေးပါ
    3. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အရှည်အမြှောင်းလေးများ ရအောင် လှီးထားပါ
    4. အပူခံသော ကြွေပန်းကန် တစ်ခုထဲမှာ အရသာ နယ်ထားသောငါးကို ထည့်ပြီး ငါးအပေါ်မှာ ချင်းကိုထည့်ပေးပါ
    5. အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပေါင်းအိုးအောက်ခံ ရေအိုးကို ရေတ၀က်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
    6. ရေဆူလာတာနဲ့ ငါးထည့်ထားသော ပန်းကန်ကို ပေါင်းအိုးဇကာထဲထည့်ကာ အဖုံးအုပ်ပြီး ၁၅မိနစ်လောက် ပေါင်းပေးပါ
    7. ငါးပေါင်းကျက်သွားပါက ပေါင်းအိုးထဲမှာ ငါးပန်းကန်ကို ခနထားပေးပါ
    ငါးအပေါ်ဆမ်းရန် အရသာစပ်ရန်
    1. သံပုရာသီးကို ရေဆးကာ အကွင်းလိုက် ခပ်ပါးပါးလေးတွေ လှီးထားပါ
    2. ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါး ခပ်နုတ်နုတ် လှီးထားပါ
    3. နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
    4. ပြီးတာနဲ့ ပေါင်းထားသော ငါးပန်းကန်ထဲကို သံပုရာကွင်းများ နံနံပင်တို့ ဖြူးပေးထားပါ
    5. ဇောက်နက်သော အိုးသေးသေး တစ်လုံးမှာ ဆား သကြား သံပုရာရည်  ငံပြာရည် ပဲငံပြာရည်အကြည်နှင့် ရေတို့ကိုထည့်ပြီး  ပွက်ပွက်ဆူအောင် တည်လိုက်ပါ
    6.  ပွက်ပွက်ဆူအောင် ကျိုထားသော အရသာ အရည်ကို ငါးအပေါ် လောင်းချဖို့ ပြင်ပေးပါ
    7. ပွက်ပွက်ဆူနေသော ဟင်းအရသာ အရည်ကို  ပူနေတုန်း ဖြည်းဖြည်းချင်း လောင်းချပပေးပါ
    8. ပြီးတာနဲ့ သံပုရာ ငါးပေါင်း မွှေးမွှေးလေးကို ခပ်ပူပူလေး စားသုံရန် ပြင်ပေးနိုင်ပါပြီ။