Saturday, 10 August 2019

ဘူးချဉ်မွှေးမွှေးလေး















ဗီယက်နမ်ဈေးကနေ ဝယ်လာတဲ့ ဘူးသီးလေးတွေကို အမျိုးမျိုး လုပ်စားခဲ့တဲ့ အထဲက ဒီတစ်ခါတော့ ဘူးသီးကို အချဉ်ထည့်ပြီး ချက်စားဖြစ်တာနဲ့ သတ်သတ်လွတ် စားချင်တဲ့ သူတွေအတွက်ရယ် အသားငါးတို့နဲ့ ရောပြီး ချက်စားနိုင်အောင် ဘူးချဉ်တည်ပြီး မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ဘူးချဉ်တည်တာ ရာသီဥတုပူရင် သုံးရက်လောက်ဆို ကောင်းကောင်းချဉ်ပါတယ် မာမာတို့နေတဲ့ဆီမှာတော့ ဆောင်းတွင်းဘက် နေပူကလဲ မရသလို နေ့စဉ်ရေတွေခဲနေတဲ့အတွက် တပါတ်လောက်ထားမှ ကောင်းကောင်းချဉ်ပါတယ်။

ဘူးချဉ်ရပြီဆိုရင်လဲ ချဉ်တာနဲ့ မိမိနှစ်သက်သလို ချက်စား သုပ်စားနိုင်ပြီး ရက်အကြာကြီးတော့ ထားလို့မရပါဘူး ကြာကြာထားပါက အရမ်းဘဲ ချဉ်သွားတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘူးသီးနုနု - 1 kg
  2. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုးဆနိချင်ဗူး တစ်ဗူးခွဲ
  3. ဆား = ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  1. ကောက်ညှင်းဆန်ကို ရေမြုပ်အောင်ထည့်ပြီး တညသိပ် စိမ်ထားပေးပါ
  2. ဘူးသီးကို အလုံးလိုက် ရေဆေးပါ
  3. ရေဆေးပြီးတာနဲ့  ဘူးသီးကို ထက်ဝက်ခြမ်းပေးပါ
  4. ဘူးသီးအထဲမှ အစေ့များနှင့် အလယ်အူတိုင်များကို ဖယ်ပေးပါ
  5. အလယ်အူတိုင်နှင့် အစေ့အနုများကို ခပ်နူတ်နူတ် စင်းပေးပါ
  6. ဘူးစေ့များ ရင့်နေရင်တော့ မထည့်ဘဲ ဖယ်ပလိုက်ပါ
  7. ဘူးသီးခြမ်းကို စဉ့်နီတုန်းပေါ်တင်ပြီး မိမိမှာရှိသော အဆင်ပြေသည့် ခြစ်တခုခုနှင့် အားစိုက်ပြီး ဖိဖိကေးကာ ခြစ်ပေးပါ
  8. ခြစ်ထားသော ဘူးသီးအသားနှင့် စင်းထားသော အူတိုင်နှင့် အစေ့နုများကို ဇကာသန့်သန့်ထဲထည့်ပြီး ရေစစ်ပေးပါ
  9. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ခြစ်ထားသောဘူးသီး စင်းထားသော ဘူးသီးအူတိုင် ဆား နနွင်းမှုန့်နှင့် ကောက်ညှင်းဆန်တို့ကိုထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
  10. အရသာ သမသွားတာနဲ့ သန့်စင်ပြီး ရေခြောက်အောင် နေလှမ်းထားသော ဖန်ပုလင်းထဲမှာ ဖိသိပ်ထည့်ပေးပြီး ပုလင်းအဖုံးကို လေလုံအောင် ပိတ်ပေးပါ
  11. ပြီးတာနဲ့ နေပူပူမှာ ၃ရက်လောက် လှန်းပေးပါ
  12. နေလှန်းပြီးတာနဲ့ ဘူးချဉ်မွှေးမွှေးလေး ရပါပြီ
  13. ရလာသော ဘူးချဉ်ကို မိမိနှစ်သက်သလို သတ်သတ်လွတ် ကြော်စားပြီးသော်လည်းကောင်း အသားနှင့်သော်လည်းကောင်း ချက်စားနိုင်ပါပြီ။
  14. ချက်နည်းလေး ထပ်မံပြီး မျှဝေပေးပါအုံးမည်။

Friday, 9 August 2019

ဆယ့်နှစ်မျိုး ဟင်းချို









ဆယ့်နှစ်မျိုး ဟင်းချိုလို့ ပြောလိုက်တိုင်း အမေ့လက်ရာလေးတွေကို အရမ်းသတိရမိပါတယ် အမေချက်တဲ့ ဟင်းတိုင်းကတော့ မာမာတို့အတွကိတော့ တကယ်ကို စားလို့ကောင်းပြီး အားလုံးက ထမင်းမိန်စေတဲ့ ဟင်းတွေကြီးဘဲမို့လို့ ဒီနေ့အထိ လျှာမှာစွဲနေတုန်းပါဘဲ။

၁၂မျိုးဟင်းချို ချက်နည်းတွေ အမျိုးမျိုးရှိကြတဲ့ အထဲက အိမ်တအိမ်ရဲ့ မီးဖိုဆောင်မှာ အလွယ်တကူရနိုင်မဲ့ ပစ္စည်းလေးတွေနဲ့ သောက်လို့ကောင်းအောင် ချက်ထားတဲ့ နည်းလေးနဲ့ ဒီနေ့တော့ ၁၂မျိုးဟင်းချို အလွယ်ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရိုး( အရိုးအသားတွဲရက်) - 250 g
  • ဘူးသီး - တစိတ်
  • ဘရော့ကလီ - ၅ခက်
  • ဘိုစားပဲ - ဆယ်တောင့်ခန့်
  • ဂေါ်ဖီ - တစ်စိတ်
  • ရွှေပဲရွက် - လက်တစ်ဆုတ်စာ
  • မုံလာဥနီ - အနေတော် တစ်ဥ
  • ကိုက်လန် - သုံးပင်ခန့်
  • ပဲလိပ်ချောင်း -၂ချောင်း
  • ပန်းခြောက် - အခု၃၀ခန့်
  • မှိုခြောက် - ၁၅ခု
  • ပဲကြာဇံအခြောက် - လက်တဆုတ်စာ
  • ငါးဖယ်ငါးလုံး - မိမိနှစ်သက်သလောက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၆မွှာ
  • ငရုတ်ကောင်းမှုန့်  - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း   

ပြင်ဆင်ပုံ

  • ကြက်ရိုးများကို ရေဆေးပြီး ဆားအနည်းငယ်နှင့် နယ်ပေးကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ကြက်ပြုပ်ရည်အပေါ် တက်လာသော အရည်မည်းမည်းများနှင့် အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ
  • ကြက်ရိုးများ နူးလာတာနဲ့ အရိုးအသား ထွင်ပေးပြီး ကြက်ပြုပ်ရည်ကို ယူထားကာ အရိုးများကို ဖယ်ထားပေးပါ
  • ဗူးသီးကို အခွံခွာကာ ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးထားပေးပါ
  • ကိုက်လန်ကို အပင်လိုက် ရေဆေးပြီး အနေတော်လေးတွေ လှီးထားပေးပါ
  • ဘိုစားပဲတောင့်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
  • ဂေါ်ဖီကို ခပ်ကြမ်းကြမ်း လှီးပေးပြီး ရေဆေးတားပေးပါ
  • ရွှေပဲရွက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို ပုံစံရအောင် လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပေးပါ
  • ငရုတ်ကောင်းမှုန့် ဆား အရသာမှုန့်တို့ကို ပြင်ထားပေးပါ
  • ပဲကြာဇံ ပဲလိတ် မှိုခြောက် ပန်းခြောက်တို့ကို တစ်ပန်းကန်စီထဲမှာ သတ်သတ်စီ ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် စိမ်ထားပေးပါ
  • ရေစိမ်ထားတာတွေ ရလာတာနဲ့ မှိုခြောက်မှာ ကပ်နေတတ်တဲ့ သဲမျာနှင့်း ကျောက်ခဲများ စင်သွားအောင် သေသေချာချာ ပွတ်ပြီး ဆေးပေးပါ
  • ပန်းခြောက်ကိုလဲ သဲများစင်အောင် သေသေချာချာ ဆေးပေးပါ
  • ပဲကြာဇံကိုလဲ ထက်ဝက်မှနေ်းပြီး ပိုင်းထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အနေတော် အိုးတလုံးထဲမှာ ဆား ကြက်သားနှင့် အရသာမှုန့်တို့ကို ထည့်ပေးပြီး ရေပွက်ပွက် ဆူအောင် တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက် ဆူလာတာနဲ့ မုံလာဥနီ ဘူးသီး ပဲသီး ဂေါ်ဖီ ဘရော့ကလီ ပဲလိပ်နှင့် မှိုခြောက်တို့ကို အရင်ဆုံး ထည့်ပေးပါ
  • ဟင်းရည် အိုးထဲမှ  အသီးအရွက်များ အနည်းငယ် နွမ်းလာတာနဲ့  ရေစိမ်ထားသော ပဲကြာဇံ ငါးဖယ်လုံး ရွှေပဲရွက် ကိုက်လံအရွက်နှင့် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားသေးခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ထားပေးပါ
  • အသီးအရွက်များ အနေတော်လောက် နူးလာပါက ဆယ့်နှစ်မျိုးဟင်းချို ငရုတ်ကောင်းမှုန့်နံ့ သင်းသင်းလေးကို သုံးဆောင်နိုင်ပါပြီ။

Thursday, 8 August 2019

သရက်သီးစိမ်း ချတ္တနေး (Chutney)



သရက်သီးစိမ်းလေးတွေ ပေါ်လာပြီဆိုတော့ စားချင်တာလေးတွေ တမျိုးပြီးတစ်မျိုး လုပ်စားတဲ့ အထဲက ဒီနေ့တော့ သရက်သီးစိမ်းလေးတွေနဲ့ ချတ္တနေးလေး လုပ်ဖြစ်သွားပါတယ်။

မာမာကတော့ ချတ္တနေးကို ဇွန်းလေးနဲ့ ကော်ယူပြီး ဒီအတိုင်းလေး စားရတာကို ပိုပြီးသဘောကျပြီး ခံတွင်းရှင်းအောင်ရယ် ချဉ်ငံစပ်လေး စားချင်တဲ့အခါရယ် စားနိုင်ဖို့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သရက်သီးစိမ်း - 1 kg
  2. ကရဝေးရွက် - နှစ်ရွက်
  3. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. မုန့်ညှင်းစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွေန်း
  5. လေးညှင်း - လေးပွင့်
  6. ဖာလာစေ့ - ၅စေ့
  7. နာနတ်ပွင့် - တစ်ပွင့်
  8. သစ်ဂျပိုးခေါက် - နှစ်လက်မလောက်
  9. ငရုတ်သီးအစပ်တောင့် - ၇တောင့်
  10. သကြား - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက် (အချိုကြိုက်ပါက ပိုထည့်ပေးပါ)
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. အရသာမှုန့် - ညက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း


   ပြင်ဆင်ပုံ

  1. သရက်သီးစိမ်းကို အထဲမှ အစေးများ ထွက်သွားစေရန် အရင်ဆုံး အညှာဖက်မှ ဖြတ်ပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  2. သရက်စေးများ ကုန်တာနဲ့ အခွံခွာကာ သရက်သီးကို ဓါးနှင့် လိုက်ပေါက်ပေးပါ
  3. ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ ရလာအောင် လှီးပေးကာ သကြားထည့်ပြီး နယ်ပေးထားပါ
  4. သရက်သီး အဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  5. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်တို့ကို ထည့်ပေးပါ
  6. ပြီးတာနဲ့ မီးကိုအကုန် ပိတ်လိုက်ပြီး ကရဝေးရွက် သစ်ဂျပိုးခေါက် ဇီယာစေ့ လေးညှင်းပွင့် မုန့်ညှင်းစေ့ ဖာလာစေ့ နာနတ်ပွင့်နှင့် ငရုတ်သီးတောင့်တို့ကို ထည့်ပေးပြီး ကြော်ပေးပါ
  7. အစေ့အဆံများ အရမ်းမကျွမ်းစေရန် ခပ်မြန်မြန် ကြော်ပေးပြီးတာနဲ့ မီးဖိုပေါ်မှ ဖယ်ပေးပါ
  8. ကြော်ထားသော အစေ့အဆံများကို ဆီစစ်ပေးပြီး အမှုန့် ကြိတ်စက်ထဲ ထည့်ပေးကာ ညက်နေအောင် ကြိတ်ပေးပါ
  9. ဆီလက်ကျန်နှင့် ဒယ်အိုးကို အပူပြန်ပေးပြီး ကြိတ်ထားသော အစေ့အဆံများ လှီးထားသော သရက်သီး ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီးမွှေပေးပါ
  10. အနံ့ အရသာ သမသွားတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  11. သရက်သီးအိုး တည်ထားစဉ် အိုးမက်စေရန် မကြာမကြာ မွှေပေးပါ
  12. သရက်သီးများ နူးအိလာပါက အားလုံးကျေသွားအောင် သစ်သားယောင်းမနှင့် ဖိပြီးချေပေးကာ အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပါ
  13. အရသာ အနေတော် ဖြစ်လာပြီး သရက်သီးထဲမှ ရေခမ်းလာတာနဲ့ သရက်သီးစိမ်း ချတ္တနေး Chutney ကို မိမိတို့နှစ်သက်သလို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Wednesday, 7 August 2019

သျှားဖြူသီး ငပိထောင်း











ဒီနေ့တော့ သျှားဖြူသီးလေးတွေ ဝယ်လာပြီး ထမင်းစားလို့ အရမ်းကို မြိန်စေတဲ့ ပုဇွန်ငပိနဲ့ ချဉ်ငံစပ်လေး ထောင်းဖြစ်သွားပါတယ် ထမင်းစားလို့ အရမ်း မြိန်စေတဲ့အတွက် မာမာပြင်ဆင်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ဒီအသီးလေးတွေရဲ့  နံမည်ကို မာမာသိထားတာကတော့ သျှားဖြူသီးလို့ဘဲ သိထားပါတယ် တစ်ချို့ကတော့  တရုတ်ဇီးဖြူသီး တောင်ဇီးဖြူသီး တောဇီးဖြူသီး သင်္ဘောဇီးဖြူသီးဆိုပြီး တနေရာနဲ့တနေရာ အခေါ်အဝေါ်တွေ မတူကြတဲ့အတွက် မိမိသိထားသော နံမည်များ အစားထိုးပြီး ဖတ်ပေးကြစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သျှားဖြူသီး - အလုံး ၄၀ခန့်
  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း ၄ဇွန်း
  • ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၂၀ခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  • ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
ပြင်ဆင်ပုံ
  1. သျှားဖြူသီးကို ရေစင်အောင် ဆေးပြီး အထဲမှ အစေ့များကို ထုတ်ပေးပါ
  2. ပုဇွန်ငါးပိ ကြွေပန်းကန် (သို့) ကြွေဇွန်းမှာ ကပ်ပေးပြီး မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  3. မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တလုံးထဲ ပုဇွန်ငါးပိကိုကပ်ကာ ကင်ပေးပါ
  4. အပေါ်ယံ တင်းလာပါက နောက်တဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  6. ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းပေးထားပါ
  7. အားလုံး အဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ အရင်ဆုံး ကြက်သွန်ဖြူကို မညက်တညက် ထောင်းပေးပါ
  8. ပြီးတာနဲ့ သျှားဖြူသီးကိုထည့်ပြီး ထောင်းပေးပါ
  9. အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့ပုဇွန်ခြောက်မှုန့်  ပုဇွန်ငါးပိကင်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ထည့်ထောင်းပါ
  10. သျှားဖြူသီး ငပိထောင်း ညက်သွားတာနဲ့ ချဉ်ငံစပ် သျှားဖြူသီး ပုဇွန်ငါးပိထောင်းကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Sunday, 4 August 2019

သျှားဖြူသီးသနပ်









ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ သျှားဖြူသီးတွေကို ဝါတွင်းအချိန် ကာလလေးမှာ သတ်သတ်လွတ် စားဖွယ်ရာ တစ်မျိုးအတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ဒီအသီးလေးတွေရဲ့  နံမည်ကို မာမာသိထားတာကတော့ သျှားဖြူသီးလို့ဘဲ သိထားပါတယ် တစ်ချို့ကတော့  တရုတ်ဇီးဖြူသီး တောင်ဇီးဖြူသီး တောဇီးဖြူသီး သင်္ဘောဇီးဖြူသီးဆိုပြီး တနေရာနဲ့တနေရာ အခေါ်အဝေါ်တွေ မတူကြတဲ့အတွက် မိမိသိထားသော နံမည်များ အစားထိုးပြီး ဖတ်ပေးကြစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. သျှားဖြူသီး - 600 g
  2. မုန့်ညှင်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. နံနံစေ့ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဇီယာစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခပ်မောက်မောက်
  5. လေးညှင်း - ငါးပွင့်
  6. သစ်ဂျပိုးခေါက် - တလက်မခန့်
  7. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (လှော်ရန်အတတွ်)
  8. ကြက်သွန်ဖြု - အမွှာကြီးကြီး ၇မွှာ (သို့) မိမိနှစ်သက်သလောက်
  9. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ် ဇွန်း
  10. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  11. ဇီယာစေ့ နံနံစေ့ လေးညှင်းပွင့်နှင့် သစ်ဂျပိုးခေါက်တို့ အလွယ်တကူ မရှိပါက ရိုးရိုးမဆလာကို သုံးနိုင်ပါတယ်။

သျှားဖြူသီး သနပ်လုပ်ရန် မဆလာအတွက်  ပြင်ဆင်ပုံ
  1. ဇီယာစေ့ နံနံစေ့ သစ်ဂျပိုးခေါက် လေးညှင့်ပွင့်တို့ကို ဒယ်အိုးထဲမှာ ထည့်ပေးပြီး အစေ့လေးတွေ တဖျောက်ဖျောက်မြည်လာတဲ့အထိ လှော်ပေးပါ
  2. ပြီးတာနဲ့ ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  3. ကြိတ်စက်မရှိပါက ငရုတ်ဆုံထဲမှာထည့်ပြီး ညက်နေအောင်ထောင်းကာ မဆလာ လုပ်ထားပါ

သျှားဖြူသီး သနပ်လုပ်ရန် ပြင်ဆင်ပုံ
  1. သျှားဖြူသီးကို ရေစင်အောင်ဆေးပြီး ရေများကုန်သွားအောင် ဇကာထဲထည့်ကာ စစ်ထားပေးပါ
  2. ရေစစ်သွားတာနဲ့ ရေခြောက်အောင် paper towelနှင့် သုတ်ပေးကာ ဇလုံထဲ ထည့်ပေးထားပါ
  3. အဆင်သင့် ဖြစ်တာနဲ့ သျှားဖြူသီး သနပ်လုပ်ရန် စပ်ထားသော မဆလာကို ပြင်ထားပါ
  4. မုန့်ညှင်းစေ့ကို ဒယ်အိုးထဲထည့်ပြီး တဖျောက်ဖျောက် မြည်လာအောင် လှော်ထားပါ
  5. လှော်ရတာ အချိန်မရပါက မုန့်ညှင်းစေ့ကို ပန်းကန်လုံးထဲထည့်ကာ အဖုံးအုပ်ပေးပြီး တမိနစ်ခန့် အပူပေးပါ
  6. ဆားကို ဒယ်အိုးထဲထည့်ပြီး အနည်းငယ်  ညိုသွားအောင် လှော်ပြီး အအေးခံထားပါ
  7. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အစိတ်လေးတွေ စိတ်ထားပါ
  8. ဆီကို ဒယ်အိုးထဲ ထည့်ပြီး ပူလာအောင် အပူပေးပြီး အအေးခံထားပါ
  9. ဆီပူလာတာနဲ့ မီးဖိုပေါ်မှ ဖယ်ကာ ဇလုံတလုံးထဲမှာ သျှားဖြူသီး ငရုတ်သီး အရောင်တင်မှုန့် မုန့်ညှင်းစေ့ အပူပေးထားသေဆီ ထမင်းစားဇွန်း ၅ဇွန်းခန့် ဆားနှင့် ကြိတ်ထားသော မဆလာတို့ကို သမသွားအောင် ရောမွှေထားပါ
  10. အရသာ သမသွားတာနဲ့ ပိုနေသောဆီကို အရသာ စပ်ထားသာ သရက်သီး ဇလုံထဲ လောင်းထည့်ပြီး မွှေပေးပါ
  11. အားလုံး အရသာ သမသွားတာနဲ့ ပုလင်းသန့်သန့်ထဲမှာ သျှားဖြူသီးများကို ထည့်ပေးပြီး ဆီမြုပ်အောင် ထည့်ပေးပါ
  12. ပြီးတာနဲ့ အဖုံးလုံအောင် ပိတ်ပေးပြီး နေငါးရက်လောက် လှန်းပေးထားပါ
  13. ပြီးတာနဲ့ သျှားဖြူသီးသနပ်ပုလင်းကို အဖုံးလုံအောင်ပိတ်ပြီး  ရေခဲသေတ္တာထဲမှာ ထည့်ထားပေးကာ စားခါနီးတိုင်း ဇွန်းသန့်သန့်လေးနဲ့ ခပ်ပေးပြီးမှ စားသုံးဖို့ ခပ်ယူပေးပါ
  14. ခပ်သည့်ဇွန်း မသန့်ရှင်းပါက သျှားဖြူသီး သနပ်ထဲမှာ မှိုများအလွယ်တကူ တက်သွားနိုင်တဲ့အတွက် ဇွန်းသန့်သန့်နှင့် ခပ်ဖို့ သတိထားစေချင်ပါတယ်ရှင်။

Thursday, 1 August 2019

သရက်သီးစိမ်း သနပ်
























ဒီနေ့တော့ ဗီယက်နမ်ဈေးမှာ သရက်သီးစိမ်း အကြီးကြီးတွေ တွေ့တာနဲ့ ဝယ်လာပြီး သရက်သီးစိမ်းကို ဝါတွင်းအချိန် ကာလလေးမှာ သတ်သတ်လွတ် စားဖွယ်ရာ တစ်မျိုးအတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သရက်သီးစိမ်း - အလုံးကြီးကြီး  600 g ခန့်(လတ်လတ်ဆတ်ဆတ် သရက်သီးစိမ်းကို သုံးပေးပါ)
  2. မုန့်ညှင်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. နံနံစေ့ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဇီယာစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခပ်မောက်မောက်
  5. လေးညှင်း - ငါးပွင့်
  6. သစ်ဂျပိုးခေါက် - တစ်လက်မခန့်
  7. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (သရက်သီး အရသာနယ်ရန်)
  8. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (လှော်ရန်အတတွ်)
  9. ကြက်သွန်ဖြု - အမွှာကြီးကြီး ၇မွှာ (သို့) မိမိနှစ်သက်သလောက်
  10. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ် ဇွန်း
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  12. ဇီယာစေ့ နံနံစေ့ လေးညှင်းပွင့်နှင့် သစ်ဂျပိုးခေါက်တို့ အလွယ်တကူ မရှိပါက ရိုးရိုးမဆလာကို သုံးနိုင်ပါတယ်။

သရက်သီး ပြင်ဆင်ပုံ
  • သရက်သီးကို မခွံမခွာပဲ အညှာမှဖြတ်ကာ ဇကာတခုထဲမှာ ဇောက်ထိုးထားပြီး ထည့်ပေးကာ သရက်စေးများ ကုန်တဲ့အထိ စစ်ထားပေးပါ
  • အစေးကုန်သွားတာနဲ့ ရေမြုပ်အောင်ထည့်ပြီး သရက်သီးကို ကြွတ်ကြွတ်လေး ဖြစ်စေရန် တနာရီလောက် စိမ်ထားပါ
  • ရေစိမ်ပြီး ရေခြောက်အောင် paper towelနှင့် သုတ်ပေးကာ ထက်ခြမ်းခွဲပြီး သရက်စေ့ကို ထုတ်ပေးပါ
  • ပြီးတာနဲ့ ပုံပါအတိုင်း အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ဇလုံတစ်လုံးထဲမှာ လှီးထားသော သရက်သီးများနှင့် ဆားတို့ကို ထည့်ပေးပြီး သမသွားအောင် နယ်ပေးကာ glad wrap နှင့် လုံအောင်အုပ်ပေးပြီး အဖုံးအုပ်ပြီး အနည်းဆုံး ငါးနာရီလောက် နှပ်ထားပေးပါ

သရက်သီး သနပ်လုပ်ရန် မဆလာအတွက်  ပြင်ဆင်ပုံ
  1. ဇီယာစေ့ နံနံစေ့ သစ်ဂျပိုးခေါက် လေးညှင့်ပွင့်တို့ကို ဒယ်အိုးထဲမှာ ထည့်ပေးပြီး အစေ့လေးတွေ တဖျောက်တဖျောက်မြည်လာတဲ့အထိ လှော်ပေးပါ
  2. ပြီးတာနဲ့ ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  3. ကြိတ်စက်မရှိပါက ငရုတ်ဆုံထဲမှာထည့်ပြီး ညက်နေအောင်ထောင်းကာ မဆလာ လုပ်ထားပါ

သရက်သီး သနပ်လုပ်ရန် ပြင်ဆင်ပုံ
  1. အဆင်သင့် ဖြစ်တာနဲ့ သရက်သီးစိမ်း သနပ်လုပ်ရန် စပ်ထားသော မဆလာကို ပြင်ထားပါ
  2. မုန့်ညှင်းစေ့ကို ဒယ်အိုးထဲထည့်ပြီး တဖျောက်ဖျောက် မြည်လာအောင် လှော်ထားပါ
  3. လှော်ရတာ အချိန်မရပါက မုန့်ညှင်းစေ့ကို ပန်းကန်လုံးထဲထည့်ကာ အဖုံးအုပ်ပေးပြီး တမိနစ်ခန့် အပူပေးပါ
  4. ဆားကို ဒယ်အိုးထဲထည့်ပြီး အနည်းငယ်  ညိုသွားအောင် လှော်ပြီး အအေးခံထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အစိတ်လေးတွေ စိတ်ထားပါ
  6. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဆားရည်စိမ်ထားသော သရက်သီး ဇလုံထဲမှ ဆားရည်များကို သွန်ပေးပြီး ရေစစ်ထားပါ
  7. ဆီကို ဒယ်အိုးထဲ ထည့်ပြီး ပူလာအောင် အပူပေးပါ
  8. ဆီပူလာတာနဲ့ မီးဖိုပေါ်မှ ဖယ်ကာ ဇလုံတလုံးထဲမှာ ဆားရည်သွန်ထားသော သရက်သီးစိမ်း ငရုတ်သီး အရောင်တင်မှုန့် မုန့်ညှင်းစေ့ အပူပေးထားသေဆီ ထမင်းစားဇွန်း ၅ဇွန်းခန့် ဆားနှင့် ကြိတ်ထားသော မဆလာတို့ကို သမသွားအောင် ရောမွှေထားပါ
  9. အရသာ သမသွားတာနဲ့ ပိုနေသောဆီကို အရသာ စပ်ထားသာ သရက်သီး ဇလုံထဲ လောင်းထည့်ပြီး မွှေပေးပါ
  10. အားလုံး အရသာ သမသွားတာနဲ့ ပုလင်းသန့်သန့်ထဲမှာ သရက်သီးကို ဖိသိပ်ထည့်ပေးပြီး ဆီမြုပ်အောင် ထည့်ပေးကာ အအေးခံ ထားပေးပါ
  11. အရက်သီးများ အေးသွားတာနဲ့ အဖုံးလုံအောင် ပိတ်ပေးပြီး နေငါးရက်လောက် လှန်းပေးထားပါ
  12. ပြီးတာနဲ့ သရက်သီးစိမ်း သနပ်ပုလင်းကို အဖုံးလုံအောင်ပိတ်ပြီး  ရေခဲသေတ္တာထဲမှာ ထည့်ထားပေးကာ စားခါနီးတိုင်း ဇွန်းသန့်သန့်လေးနဲ့ ခပ်ပေးပြီးမှ စားသုံးဖို့ ခပ်ယူပေးပါ
  13. ခပ်သည့်ဇွန်း မသန့်ရှင်းပါက သရက်သီး သနပ်ထဲမှာ မှိုများအလွယ်တကူ တက်သွားနိုင်တဲ့အတွက် ဇွန်းသန့်သန့်နှင့် ခပ်ဖို့ သတိထားစေချင်ပါတယ်ရှင်။