ဒီနေ့တော့ ထန်းသီးဆံးဗူးလေး ဝယ်လာပြီး အချိုတည်းဖို့ ထန်းသီးဆံ ကျောက်ကျေောလး လုပ်ပါတယ် စားရတာ စိမ့်စိမ့်လေးနဲ့ စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကျောက်ကျောမှုန့် -25 g အထုတ် ( ရွှေဖလားတံဆိပ်အထုပ် တစ်ဝက်ကိုဘဲ သုံးပါ)
- ထန်းသီးဗူး - 565 g
- သကြား - 25 g
- ထန်းသီးဗူးထဲမှ သကြားရည် - 310 ml
- ရေ - 350 ml (ကျောက်ကျောကျိုရန်)
- ရေ - 100 ml ( ကျောက်ကျောမှုန့် ဖျော်ရန်အတွက်)
- ကျောက်ကျောကျိုပြီးထည့်ရန် အပူခံမည့်ဗူး (သို့) ဗန်း - တစ်ခု
- ဇောက်နက်သော အနေတော်အိုး - တစ်လုံး
- ထန်းသီးဆံဗူးကို ဖောက်ပေးပြီး အရည်များ စစ်ပေးပါ
- ဗူးထဲမှ သကြားရည်ကို ကျောက်ကျိုရာမှာ ပြန်သုံးရန် ဖယ်ထားပါ
- ထန်းသီးဆံကို ခပ်ပါးပါးလေးတွေ လှီးထားပါ
- ဇလုံထဲမှာ သကြား ရေ၁၀၀မီလီနှင့် ကျောက်ကျောမှုန့်တို့ကိုထဲ့ပြီး ကျောက်ကျောမှုန့်များ ပျော်သွားအောင် ဖျော်ထားပါ
- ကျိုပြီးသား ကျောက်ကျောရည်ထည့်ရန် ပလပ်စတစ်ဗူး (သို့မဟုတ်) ဗန်းကို အဆင်သင့် ပြင်ထားပါ
- ဇောက်နက်သော အနေတော် အိုးထဲတွင် ထန်းသီးဆံ ဗူးထဲမှ သကြားရည်နှင့် ကျောက်ကျောဖျော်ရည်တို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
- ကျောက်ကျောရည်များ ပွက်ပွက်ဆူလာပါက မီးကို အလယ်လောက်အထိ လျှော့ပေးပြီး ကျိုပေးပါ
- ကျိုနေသော ကျောက်ကျောရည်များ တော်တော်လေး ပျစ်လာတဲ့အထိ မွှေပေးပါ
- မွှေနေစဉ်မှာ ကျောက်ကျောအရည်များ ပျစ်လာပါက ထန်းသီးဆံများကို ထဲ့မွှေပေးပါ
- တစ်ဆက်ထဲမှာဘဲ ကျောက်ကျောရည်ကို ဇွန်းနှင့်ခပ်ကာ ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ကျောက်ကျောရည် အစက်လေးကို ချပေးပါ
- အစက်ချထားသော ကျောက်ကျောရည်ကို မိနစ်ဝက်လောက်နေရင် လက်ကလေးနဲ့ တွန်းကြည့်ပါ
- ပန်းကန်ပြားထဲမှ ကျောက်ကျောရည် ခဲသွားပါက အဆင်သင့် ပြင်ထားသော ဗူးထဲသို့ ကျောက်ကျောရည်ကို လောင်းထည့်ပါ
- ပြီးတာနဲ့ ခဲသွားတဲ့အထိ အခန်းအပူချိန်အတိုင်း အအေးခံပေးပါ
- ကျောက်ကျောရည်များ ခဲသွားမှ ရေခဲသေတာထဲမှာ ထဲ့ထားပြီး မိမိနှစ်သက်သလို လှီးပေးပါ
- မိမိနှစ်သက်သလို လှီးပေးပြီးတာနဲ့ အချိုပွဲအဖြစ် ထုတ်ထုတ် ထုတ်ထုတ်နဲ့ ဝါးလို့ကောင်းပြီး စားလို့ကောင်းလွန်းတဲ့ ထန်းသီးဆံ ကျောက်ကျောကို စားသုံးဖို့ ပြင်ပေးနိုင်ပါပြီ။