Thursday 24 October 2019

ငါးပြုပ်ရန် ပြင်ဆင်ပုံ (မုန့်ဟင်းခါးချက်ရန်)













ဒီနေ့တော့ ငါးခူလေးတွေ ရလာတာနဲ့ မုန့်ဟင်းခါး ချက်တဲ့အခါ အဆင်သင့် ရလေအောင် ဆီသတ်ထားဖို့အတွက် ပြင်ဖြစ်ပါတယ် ဆီသတ်ပြီးတဲ့အထိ တစ်ခါထဲ အတွဲလိုက် တင်ရင် ပုံတွေများလွန်းတဲ့အတွက် ဆီသတ်ပြီး သိမ်းတဲ့အထိကို အပိုင်းလေးတွေခွဲပြီး တင်ပေးသွားပါမယ်ရှင်။

တစ်ခါမှ မချက်ဖူးသေးတဲ့ သူတွေလဲ အဆင်ပြေပြေ ချက်နိုင်အောင် တစ်ဆင့်ချင်းဆီကို သေသေချချာ ရှင်းပြပေးပါ့မယ် အစားကောင်းလေး စားချင်ရင်တော့ စိတ်လေးတော့ ရှည်ရပါမယ် ဒါကြောင့်မို့ မာမာ့အမေ ချက်တဲ့နည်းအတိုင်း မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်ရန်ပါဝင်ပစ္စည်းများ

  1. ငါးခူ - တကီလို
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ၈ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ငါးပြုပ်ထဲထဲ့ရန်)
  4. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (ငါးဆေးရန်)
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. စပါးလင် - ၃ပင်
  7. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (ငါးပြုပ်ရန်)
ငါးပြုပ်ရန် ပြင်ဆင်ပုံ
  1. ငါးမှာရှိတဲ့ ဆူးတောင် ခေါင်း ငါးရဲ့ ဆူးတောင်အောက်နား အသားထဲမှာရှိတဲ့ အညှိလုံးနှင့် ဗိုက်ထဲမှ အစာအိတ်များ ဖယ်ပေးပါ
  2. ငါးကို မလိုတာတွေ ဖယ်ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ငါးနှင့်ဆားကို ထဲ့ပေးပြီး ခပ်နာနာ နယ်ပေးပါ
  3. ငါးမှာကပ်နေတဲ့ အကျိအချွဲများ ကုန်သွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ နယ်ပေးပါ
  4. ပြီးတာနဲ့ ငါးမှာကပ်နေတဲ့ အကျိအချွဲများ ကုန်သွားအောင် ရေနိုင်နိုင် ဆေးပေးပါ
  5. စပါးလင်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း ထုပေးကာ ထုံးပေးထားပါ
  6. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးခူ ဆား နနွင်းမှုန့် စပါးလင် ငါးငံပြာရည်နှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  7. ငါးများနူးလာပါက မီးပိတ်ပြီး အအေးခံပေးပါ
  8. ငါးကို အအေးခံထားကာ အေးလာပါက ငါးကို  အရိုးအသား သတ်သတ်စီ ထွင်ထားပေးပါ
  9. ငါးခူရဲ့  အရည်ခွံများကို မသုံးချင်ပါက လွှင့်ပလိုက်ပါ
  10. မာမာကတော့ ငါးခူအရည်ခွံလေးတွေက မုန့်ဟင်းရည်ကို မွှေးစေတဲ့အတွက် ယူထားပါတယ်
  11. ငါးပြုပ်ရည်နှင့် စပါးလင်ကို ပြန်သုံးရန်အတွက် ဖယ်ထားပါ။
မှတ်ချက် ။ ။ ငါးပြုပ်အသား ထွင်ထားပြီးပါက ဆီသတ်ရန်နှင့် ငါးအရိုးပြုပ်ရန်တို့ကို ဆက်ပြီးပြင်ဆင်ဖို့ နောက်တစ်ပိုင်းကို ကြည့်ပေးပါ။

No comments:

Post a Comment