Sunday 12 July 2020

ချဉ်ငံစပ် မန်ကျည်းသီးစိမ်းထောင်း














ဒီနေ့တော့ မန်ကျည်းသီးစိမ်းလေးတွေကို ချဉ်ငံစပ်လေး ထောင်းပါတယ် အရင်ထောင်းနေကျ ပုံစံအတိုင်း ပုဇွန်ခြောက် ပုဇွန်အစိုတွေနဲ့ မထောင်းဘဲ ငါးခူပြုပ်နဲ့ ထောင်းပါတယ် စားလို့ပိုကောင်းတဲ့အတွက် မာမာထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မန်ကျည်းသီးစိမ်း - အတောင့်ကြီးကြီး ဆယ်တောင့်
  2. ငရုတ်သီးစိမ်း  - မိမိနှစ်သက်သလောက်
  3. ငါးခူ - အကောင်ကြီးကြီး နှစ်ကောင်
  4. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  5. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ခွန်နှစ်မွှာ
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - လိုသလောက် သုံးပေးပါ
  9. ဆားကြမ်း - ထမင်းစားဇွန်း နှစ်ဇွန်း (ငါးခူဆေးရန်)

ပြင်ဆင်ပုံ
  1. မန်ကျည်းသီးစိမ်းကို အပေါ်ယံ အခွံမှာ ကပ်နေသော အညိုရောင်အမှုန့်များကို ခြစ်ပေးပါ
  2. ပြီးတာနဲ့ မန်ကျည်းသီးမှ အစေ့နှင့် အကြောများထုတ်၍ ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  3. ငါးခူကို မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့် ပွတ်တိုက်ကာ ရေစင်အောင် ဆေးပေးထားပါ
  4. ပြီးတာနဲ့ အိုးထဲမှာ ငံပြာရည် ငါးခူနှင့် ငါးခူကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  5. ငါးပြုပ်ထားသော ရေခမ်းတာနဲ့ အအေးခံပေးကာ အရိုးအသား သတ်သတ်ဆီ ထွင်ထားပေးပါ
  6. ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာများ ဖြုတ်ထားပါ
  7. ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  8. ငရုတ်သီး အလှော်မှုန့်နှင့် ဆီတို့ကို ပြင်ထားပါ
  9. ငရုတ်ဆုံထဲမှာ မန်ကျည်းသီးစိမ်း ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ တို့ကိုထည့်ပြီး ညက်နေအောင် ထောင်ပေးပါ
  10. ပြီးတာနဲ့ အချိုမှုန့် အသားထွင်ထားသော ငါးခူပြုပ်များနှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ထည့်ထောင်းပေးပါ
  11. အားလုံးညက်သွားပြီ ဆိုတာနဲ့ အရသာ မြည်းပေးပါ
  12. ငါးခူပြုပ်ထဲမှာ အငံအရသာ ပါတဲ့အတွက်အရမ်းအငံ မစားပါက အငံထပ်ထည့်ရန် မလိုပါ
  13. မန်ကျည်းသီးစိမ်းထောင်းကို ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး ဆီမြုပ်အောင် ထည့်ပေးပါ
  14. ထမင်း မြိန်မြိန် သုံးဆောင်နိုင်မဲ့ ချဉ်ငံစပ် မန်ကျည်းသီးစိမ်းထောင်း ချဉ်ငံစပ်လေးကို ရပါပြီ။

No comments:

Post a Comment