Wednesday 27 May 2020

ဗီယက်နမ် ကောက်ညှင်းထုတ်












 ဒီနေ့တော့ ထမင်းစားပြီး အချိုတည်းဖို့အတွက် ဗီယက်နမ် ကောက်ညှင်းထုတ်လေး ထုတ်ပါတယ် ကောက်ညှင်းထုတ်ထဲမှာ မျှစ် ကြက်ဥနဲ့ ကြက်အူချောင်းတို့ထည့်ပြီး ထုတ်ထားတဲ့အတွက် စားရတာ အရသာ တစ်မျိုးလေး ကောင်းပါတယ်။

မာမာကတော့ ဝက်အူချောင်း မစားတဲ့အတွက် ကြက်အူချောင်းကို အစားထိုးပြီး ထည့်ထားပါတယ် ဝက်သားစားတဲ့သူတွေကတော့ ဝက်အူချောင်းထည့်ပြီး ထုတ်နိုင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထုတ်ထားတဲ့ ကောက်ညှင်းထုတ် ထုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. မျှစ်ပြုပ်ပြီးသား - တစ်ဆယ်သားခန့်
  3. ငှက်ပျောရွက် - လိုသလောက်
  4. ကြက်အူချောင်း - သုံးချောင်း
  5. ကြက်ဥ - နှစ်လုံး
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ပုံ
  7. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  8. ကောက်ညှင်းထုတ်ခြည်ရန်ကြိုး - လိုသလောက် ပြင်ထားပါ
ကောက်ညှင်းဆန် ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေတစ်ထပ်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ အနည်းဆုံး ၈နာရီလောက် ရေစိမ်ထားပါ
  • ကောက်ညှင်းထုတ် ထုတ်ခါနီးပြီဆိုပါက ဇကာတစ်ခုထဲ သွန်ချကာ ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ဆားနှင့်သကြားထည့်ပြီး အရသာ သမအောင် နယ်ထားပါ
ထုတ်မည့်အရွက် ပြင်ဆင်ပုံ
  • ငှက်ပျောရွက် တပေပါတ်လည် အရွယ်တူ ဖြတ်ပြီး ရေစင်အောင်ဆေးပြီး ရေသုတ်ထားပါ
  • ပြီးတာနဲ့ မီးနှင့်မထိဘဲ ခပ်ဝေးဝေးကနေ ကင်ပြီး အ၀တ်သန့်သန့်နှင့် သုပ်ထားပါ
ကြက်ဥပြုပ်ရန်
  • ကြက်ဥကို ရေမြုပ်အောင်ထည့်ပြီး ကျက်တဲ့အထိ ပြုပ်ပေးပါ
  • ကျက်ဥကျက်တာနဲ့ အအေးခံပြီး အခွံခွာပေးကာ လေးစိတ်စိတ်ထားပါ
မျှစ် ပြင်ဆင်ရန်
  • အိုးထဲမှာ မျှစ်ကိုရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • မျှစ်နူးတာနဲ့ အအေးခံကာ  အမျှင်လေးများ ရလာအောင် ခြစ်ထားပေးပါ
ကြက်အူချောင်းကြော်ရန်
  • ဇောက်နက်သော ဒယ်အိုးထဲမှာ ကြက်အူချောင်းကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေများခမ်းလာတာနဲ့ အိုးထဲမှာ အနည်းငယ် လှိမ့်ပေးကာ ကြက်အူချောင်းကို ဆယ်ပေးပြီး ခပ်စောင်းစောင်း လှီးထားပါ
ကောက်ညှင်းထုတ်ရန် ပြင်ဆင်ပုံ
  • ကောက်ညှင်းထုတ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ငှက်ပျောရွက်ကို အနည်းဆုံး သုံးထပ်လောက် ထပ်တင်ပေးပါ
  • ထပ်ထားသော ငှက်ရွက်ပေါ်မှာ ကောက်ညှင်းဆန်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့် ဖြန့်ခင်းပေးပါ
  • ကောက်ညှင်းဆန်အပေါ်မှာ မျှစ်အနည်းငယ် ကြက်အူချောင်းနှင့် ကြက်ဥ နှစ်ခြမ်းကို ဖြန့်တင်ပေးပါ
  • ပြီးတာနဲ့ ဘေးနှစ်ဖက်စီမှ အစကို ကောက်ညှင်းအပေါ် ထပ်ပြီးအုပ်ပေးကာ အောက်ဖက်မှ အစကို အပေါ်သို့ ခေါက်ပေးပါ
  • ထိုသို့ ခေါက်ပြီးပါက ခေါက်ထားသော အစကို အောက်ဖက်မှာထားပြီး ကောက်ညှင်းထုတ်ကို ထောင်ကာဖင်ဘက်မှ အောက်ကို သုံးချက်လောက် စောင့်လိုက်ပါ
  • ကောက်ညှင်းများ ပွမနေစေရန် ထိုကဲ့သို့ စောင့်ပြီးပါက အပေါ်ဖက်မှ ဇွန်းရှည်ရှည်နှင့် အသာဟပေးပြီး ကောက်ညှင်းထုတ်ထဲမှာ ပေါ်နေသည့် အစာများကို အုပ်သွားစေရန် ကောက်ညှင်းဆန်ကို ထမင်းစားဇွန်း တစ်ဇွန်းခွဲလောက် ထပ်ထည့်ပေးပါ
  • ကောက်ညှင်းဆန် ထည့်ပြီးတာနဲ့ အောက်ဖက်မှ ခေါက်ထားသော ငှက်ပျောရွက်ထိပ်အစကို ထုတ်လို့ကောင်းစေရန် ခပ်ညီညီလေး ဖြစ်အောင် ကပ်ကြေးနှင့် ညှပ်ပေးပါ
  • နောက်တစ်ဖက်ကိုလဲ အောက်ဖက်မှ ခေါက်ထားသော အရွက်ကို အုပ်မိစေရုံဘဲထားပြီး ပိုနေသောအစကို ညှပ်ထုတ်ပြစ်ပါ
  • ပြီးတာနဲ့ တစ်ခုနှင့်တစ်ခု ထပ်ပြီးအုပ်ကာ ဗန်းတစ်ခုထဲမှာ မှောက်ပြီး တင်ပေးထားပါ
  • ထိုနည်းအတိုင်း ကောက်ညှင်းဆန် ကုန်တဲ့အထိ ထုတ်ပေးထားပါ
  • ကောက်ညှင်းအားလုံး ထုတ်လို့ ပြီးတာနဲ့  ကောက်ညှင်းထုတ်ကို နှစ်လွှာပူးပြီး ကြိုးနှင့် ၃ထပ်လောက် တင်းနေအောင် ပုံပါအတိုင်း အထက်အောက် ၂ချက် ခပ်တင်းတင်း ခြည်ပေးပါ
  • ခြည်သောကြိုးများကို တင်းနိုင်သမျှ တင်းအောင် စည်းပေးပါ
  • ကြိုးခြည်တာ မတင်းပါက ကောက်ညှင်းထုတ်ထဲမှ ကောက်ညှင်းများကက စေးမနေဘဲ ဖွယ်တယ်တယ်ကြီး ဖြစ်နေတတ်ပါတယ်
ကောက်ညှင်းထုတ်ပြုပ်ရန်
  • ပေါင်းအိုးထဲမှာ ကောက်ညှင်းထုတ်ကို စီပြီးထည့်ပါ
  • ကောက်ညှင်းထုတ် ထည့်ပြီးပါက ကောက်ညှင်းထုတ်များ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ပေးပါ
  • အဖုံးအုပ်ပြီးတာနဲ့  steam ခလုတ်ကိုနှိပ်ကာ မိနစ်သုံးဆယ် ချိန်ပေးပြီး ပြုပ်ပေးပါ 
  • ပြုပ်ချိန် နာရီပြည့်တာနဲ့ အိုးထဲမှ လေများကို ကုန်အောင်ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ပြီးတာနဲ့ ရေထဲမှ ဆယ်ပေးပြီး ရေစစ်ပေးပါ
  • မာမာပြထားသော ပေါင်းအိုးမျိုးနှင့် မပြုပ်ဘဲ ရိုးရိုးအိုးနှင့် ပြုပ်ပါက ဇောက်နက်သော အိုးထဲမှာ ကောက်ညှင်းထုတ်များကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းထုတ်များ ရေမြုပ်အောင် ထည့်ပေးပြီး အဖုံးအုပ်ကာ တစ်နာရီလောက် ပြုပ်ပေးပါ
  • တစ်နာရီလောက်ဆို စေးထန်းပြီး ချိုမွှေးနေသော ကောက်ညှင်းထုတ်များကို ရေထဲမှ ဆယ်ပြီး ရေစစ်ပေးပါ 
  • အိအိလေးနဲ့ မွှေးနေတဲ့ ဗီယက်နမ် ကောက်ညှင်းထုတ်ကို အခွံခွာပြီး စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment