Wednesday 27 May 2020

ပုဇွန်ဦးဏှောက် မွှေးမွှေးလေး











ဈေးကအပြန် ပုဇွန်တွေ ဝယ်လာပြီး ခေါင်းတွေ အမြှီးတွေ အခွံတွေခွာပြီး ပြစ်လိုက်ရမှာ သမျှောနေတော့ ကြိတ်စက်ထဲ ထည့်ကြိတ်ကာ ပုဇွန်ဦးဏှောက်လေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ 

  1. ပုဇွန်ခေါင်နှင့် ပုဇွန်အခွံများ - 1500 g
  2. ဆား - လက်ဖက်ရည်ဇွှန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ရေ - သုံးလီတာ

ပြင်ဆင်ပုံ

  1. ပုဇွန်မှ ထွက်လာသော ပုဇွန်အခွံများကို ဇလုံကျယ်ကျယ်ထဲကို ထည့်ပေးပါ
  2. ပြီးတာနဲ့ ရေများများထည့်ပြီး အခွံမှာ ကပ်နေသော သဲများကုန်သွားအောင် ၇ခါလောက် ဆေးပေးပါ
  3. ပုဇွန်ခေါင်းများကိုလဲ အခွံခွာကာ အထဲမှ အစာအိတ်ကို ဒုတ်ချွန်လေးနဲ့ ထိုးထုတ်ကာ ဖယ်ပေးပါ
  4. ခေါင်းထဲမှာ ရှိနေတဲ့ သွားများကိုလဲ ဖယ်ပေးပါ
  5. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး အသားကြိတ်တဲ့ ဘလင်ဒါထဲ ထည့်ပေးကာ အရင်ဆုံး မညက်တစ်ညက် ကြိတ်ပေးပါ
  6. ကြိတ်ထားသော ပုဇွန်ကြိတ်ဖတ်များကို ရေအနည်းငယ်နှင့် အရင်ဆုံး ကျင်ပေးပါ
  7. အရည်ကျင်ထားသော ပုဇွန်အဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
  8. အရည်ညှစ်ချထားသော ပုဇွန်အဖတ်များကို နောက်တစ်ခေါက် ညက်နေအောင် ထပ်ပြီး ကြိတ်ပေးပါ
  9. ဒုတိယ အကြိမ်ကြိတ်ထားသော ပုဇွန်အဖတ်များကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ထားသော အဖတ်များကို ပြစ်လိုက်ပါ
  10. ဘလင်ဒါနဲ့ ကြိတ်တာဖြစ်တဲ့အတွက် နှစ်ခါလောက်ဘဲ ကြိတ်ပြီး အရည်ယူလိုက်ရင် ရပါပြီ 
  11. ပုဇွန်အခွံများကိုလဲ အထက်ပါ နည်းအတိုင်း ကြိတ်ပေးပြီး အရည်ငင်ပေးပါ
  12. ပုဇွန်အခွံ ကြိတ်သားများကို အရည်ကျင်ရာမှာ ရေအများကြီး မထည့်ဘဲ ကျင်ပေးပါ
  13. ပုဇွန်အခွံ အရည်ကျင်ရာမှာ ရေအများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်
  14. အားလုံးအဆင်သင့် ဖြစ်ပါက အရည်ကျင်ထားသော ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံ ကြိတ်ထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ
  15. ပုဇွန်အရည် ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
  16. ပုဇွန်အခွံထောင်း အရည်များ ပြစ်လာပြီး အဖတ်လေးတွေ တက်လာပြီ ဆိုတာနဲ့ မီးကို အနေတော်လောက် လျှော့ပေးပါ
  17. ပုဇွန်အနှစ်များ ဥလာအောင် မီးမျှင်းမျှင်းနဲ့ ဂရုစိုက်ပြီး တည်ထားပေးပါ
  18. ပုဇွန်အနှစ်များ ပြစ်လာပြီး အဖတ်လေးများ ဥလာပြီ ဆိုတာနဲ့ ပုဇွန်ဦးဏှောက်  မွှေးမွှေးလေးကို ရပါပြီ
  19. ပြီးတာနဲ့ မီးပိတ်ပေးပြီး အအေးခံကာ တာရှည်အသုံးခံအောင် ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ
  20. ထမင်းပူပူလေးနဲ့ နယ်ဖတ်စားရင် ရသလို ပုဇွန်ဦးဏှောက် အနှစ်လေးတွေနဲ့ ဟင်းချို ဟင်းခါးတို့လဲ ချက်နိုင်ပါသေးတယ်

No comments:

Post a Comment