ဒီနေ့တော့ ငါးလေးတွေ ဝယ်လာပြီး ချဉ်ငံစပ် ငါးသံပုရာပေါင်း ပေါင်းဖြစ်ပါတယ် စားလို့ကောင်းလွန်းတဲံ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ငါးပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ငါးပေါင်းနေတုန်းမှာ ငါးပေါင်းချဉ်ငံစပ် အရသာ သွင်းရန်အတွက် ဆော့စ်ကိုအဆင်သင့် ပြင်ထားပေးဖို့ကိုလဲ မှာလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ငါးပေါင်းရန်အတွက်
- ငါး - 500 g
- ရှမ်းနံနံ - အနေတော် နှစ်ပင်
- စပါးလင် - နှစ်ပင်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ငါးပေါင်းပြီး ဟင်းပွဲအရသာစပ်ရပ်အတွက်
- Fish Sauce - ထမင်းစားဇွန်း တစ်ဝက်
- ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ခွန်နှစ်မွှာခန့်
- နံနံပင် - နှစ်ပင်ခန့်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- သံပုရာသီး - အနေတော် နှစ်လုံး
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာ
ငါးအပေါ်ဆမ်းရန် အရသာစပ်ရန်
- သံပုရာသီး တစ်လုံးကို ရေဆးကာ အကွင်းလိုက် ခပ်ပါးပါးလေးတွေ လှီးထားပါ
- နောက်ထပ် သံပုရာသီး တစ်လုံးကို အရည်ညှစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါး ခပ်နုတ်နုတ် လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ဇောက်နက်သော အိုးသေးသေး တစ်လုံးမှာ ဆား သကြား သံပုရာရည် ငံပြာရည် ပဲငံပြာရည်အကြည်နှင့် ရေတို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ
ပြင်ဆင်ပုံ
- ငါးကို အရည်ခွံနှင့်အတူ မလိုတာတွေဖယ်ပြီး ရေဆေးကာ ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ နနွင်းမှုန့် ဆား အရသာမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ပေးပါ
- စပါးလင်ကို ရေဆေးပြီး အရင်းပိုင်ကို ခပ်ပါးပါး လှီးပေးထားပါ
- ရှမ်းနံနံကို ရေဆေးပြီး မထူမပါး လှီးထားပါ
- ငါးရဲ့ ဗိုက်ထဲမှာ လှီးထားသော ရှမ်းနံနံနှင့် စပါးလင်တို့ကို ထည့်ပေးပါ
- ငါးပါးစပ်ထဲမှ ဗိုက်ထဲအထိ စပါးလင် အဖျားပိုင်းလေးတွေကို ထိုးထည့်ပေးပါ
- ပြီးတာနဲ့ ပေါင်းအိုးအောက်ခံအိုးထဲကို ပေါင်းခံခုံနှင့် ဇကာတို့ကို ထည့်ပေးပြီး ရေတစ်ဝက်နီးပါး ထည့်ပေးပါ
- ပေါင်းခံဇကာ အပေါ်ကို အပူခံသော ကြွေပန်းကန် တစ်ခုထဲမှာ အရသာ နယ်ထားသောငါးကို ထည့်ပြီး တင်ပေးပါ
- ငါးပန်းကန် ထည့်ပြီးတာနဲ့ အိုးအဖုံးကို အုပ်ပေးကာ steam ခလုတ်ကိုနှိပ်ပြီး ဆယ်မိနစ် ပေါင်းပေးပါ
- ဆယ်မိနစ် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပြီးပေးကာ အိုးအဖုံးကို ဖွင့်ပေးပါ
- ပြီးတာနဲ့ ပေါင်းထားသော ငါးပန်းကန်ထဲကို သံပုရာကွင်းများ တင်ပေးထားပါ
- ပွက်ပွက်ဆူအောင် ကျိုထားသော အရသာစပ်ထားသော အရည်ကို ငါးအပေါ် လောင်းချဖို့ ပြင်ပေးပါ
- ပွက်ပွက်ဆူနေသော ဟင်းအရသာ အရည်ကို ပူနေတုန်း ငါးပေါင်းပန်းကန်ထဲကို ဖြည်းဖြည်းချင်း လောင်းချပေးပါ
- ပြီးတာနဲ့ သံပုရာ ငါးပေါင်း မွှေးမွှေးလေးကို ခပ်ပူပူလေး စားသုံရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။မာမာပေါင်းထားသော ပေါင်းအိုးမျိုးနှင့် မပေါင်းဘဲ အိုးအကြီးထဲရေထည့်ကာ ပေါင်းခံဇကာတင်ပေးပြီး ငါးပန်းကန်ပေါ် တင်ပေးပြီး ပေါင်းပါက မိနစ်သုံးဆယ်ခန့ ပေါင်းပေးရင် ရပါတယ်။