ဒီနေ့တော့ မြန်မာပြည်ကလာတဲ့ ငါးရံ့ လေးတွေကို ဗီယက်နမ်ဈေးမှာ ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာပြီး ချိုချဉ်ငံစပ် အရသာလေး ရအောင် ဆီလည်ရေလည်လေး ချက်ထားပါတယ်။
ငါးရံ့ ကို အကွင်းလိုက်ချက်ရင် မစားတဲ့ သမီးငယ်အတွက် အရိုးထွင်ပြီး အသားလွှာကာ ချက်လိုက်တဲ့အတွက် အရိုးထွင်စရာ မလိုဘဲ စားလို့လဲ အရမ်းကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ငါးရံ့ - အကောင်ကြီးကြီး တစ်ကောင်
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- မန်ကျည်းသီးမှည့်အနှစ် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
- ကြက်သွန်မိတ် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် ထည့်ပေးပါ
- ခရမ်းချဉ်သီး - အနေတော် သုံးလုံး
ပြင်ဆင်ပုံ
- ငါးကို အကြေးခွံထိုးပြီး မလိုတာတွေ ဖယ်ပေကာ အသားလွှာပေးကာ အသားလွှာကို အတုံးလေးတွေ တုံးပေးပါ
- အသားလွှာထားသော ငါးတုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
- အားလုံးပြီးပါက ငါးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
- မန်ကျည်းသီးမှည့် အနှစ်ကို အဆင်သင့် ပြင်ထားပေးပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
- ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့်ငရုတ်သီးအရောင်တင်မှုန့်ထောင်းထားတာတို့ကို ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
- ဆီသတ်နံ့မွှေးလာပါက ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အခွံများ လိပ်လာတဲ့အထိ ချက်ပေးပါ
- ခရမ်းချဉ်သီး အခွံများ လိပ်လာတာနဲ့ အရသာနယ်ထားသော ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
- ငါးအသား မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
- ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတခမ်း အချိန်မှာ မန်ကျည်းသီးမှည့် အနှစ်ကို ထည့်မွှေပေးပါ
- ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မိတ်တို့ အုပ်ပေးပါ
- ငါးဟင်း အရသာ ချိုချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment