ဒီနေ့တော့ အရင်တစ်ခါက ဖန်ပုလင်းလေးနဲ့ ထည့်ထားတဲ့ ပုဇွန်ချဉ် လုပ်နည်းရယ် ကော်ဗူးနဲ့ ထည့်ထားတဲ့ ပုဇွန်ချဉ် လုပ်နည်းရယ်ကို တင်ပေးဖူးပါတယ်။
အခုတစ်ခါကတော့ ငှက်ပျောရွက်နဲ့ထုတ်ပြီး အချဉ်တည်ထားတဲ့ ပုဇွန်ချဉ် လုပ်နည်းလေး မေးထားတဲ့ သူတွေအတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်တယ်။
ပါဝင်ပစ္စည်းများ
- ပုဇွတ်အကောင်သေး - 600 g ခေါင်းဖြုတ်ပြီးသား
- အအေးခံထားသောထမင်း - လက်ဖက်ရည်အကြမ်း ပန်ကန်လုံး လေးလုံး
- ဆား - လက်ဖက်ရည်ဇွန်း ၄ဇွန်းခန့်
- ငှက်ပျောရွက် - လိုသလောက် သုံးပေးပါ
- ကြိုး - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ပုဇွန်ကို ခေါင်းပိုင်းအကုန်ဖယ်ပြီး ကျောဘက်မှ အမည်းကြောင်းထုတ်ပေးပါ
- ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး ရေခြောက်ပြီး စစ်သွားအောင် ပုဇွန်အပေါ်မှ အလေးတခုခုနှင့် ဖိပေးကာ ရေစစ်ထားပါ
- ထမင်းကို ခပ်မာမာလေး ရအောင်ချက်ကာ အအေးခံထားပါ
- ဆားကြမ်းကို ပြင်ထားပါ
- ပုဇွန်များ ရေစစ်သွားပြီ ဆိုတာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်သော အရာအားလုံးကို ထည့်ပေးပါ
- ပြီးတာနဲ့ ပုဇွန်များကို ဆားအရသာ ဝင်စေရန် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
- အနည်းဆုံး ၅မိနစ်ခန့်ကြာအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
- ပြီးတာနဲ့ ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
- ငှက်ပျောရွက် ရေစစ်သွားတာနဲ့ အဝတ်စ သန့်သန့်နှင့် ရေခြောက်အောင် သုတ်ပေးပါ
- အဆင်သင့် ဖြစ်တာနဲ့ ငှက်ပျောရွက်ကို အနေတော် ပိုင်းဖြတ်ပေးပါ
- ငှက်ပျောရွက်များ ကွဲမထွက်စေရန် အနည်းဆုံး လေးထပ်လောက် ထပ်ပေးပါ
- ထပ်ပြီးစီထားသော ငှက်ပျောရွက်ပေါ်မှာ အရသာ နယ်ထားသော ပုဇွန်များကို ဇွန်းနှင့်ခပ်ပြီး ပုံပေးပါ
- ပြီးတာနဲ့ ငှက်ပျောဖက်ကို လုံနေအောင် ထုတ်ပေးပါ
- ထုတ်ပေးပြီးတာနဲ့ ကြိုးနှင့် ခပ်တင်းတင်း ချည်ပေးပါ
- ပုဇွန်ကုန်တဲ့အထိ အထက်ပါနည်းအတိုင်း ထုတ်ပေးပါ
- အားလုံးထုတ်ပေးပြီးတာနဲ့ ဇလုံတစ်လုံးထဲကို အထုတ်များ စီပြီးထဲ့ပေးပါ
- ထိုအထုတ်များပေါ်မှ အရမ်းလေးသော ပစ္စည်းတစ်ခုခုနှင့် အခန်းအပူချိန် များသော နေရာမှာ အနည်းဆုံး ၃ရက်လောက် ထားပေးပါ
- လေးသောပစ္စည်းနှင့် ဖိထားခြင်းကြောင့် ပုဇွန်ချဉ် ချဉ်သည့်အခါ ပုဇွန်အကောင်မှာ ပျော့ပျော့ကြီး ဖြစ်မနေဘဲ မာနေပါတယ်
- တစ်ခါတလေ ရာသီဥတု အပူရှိန် အနည်းအများပေါ်မှာ မူတည်ပြီး ချဉ်တဲ့အချိန် ကွာခြားတတ်ပါတယ်
- ရာသီဥတု အရမ်းအေးပါက တပါတ်လောက် ထားရပါတယ်
- ရာသီဥတု ပူပါက သုံးရက်လောက်ဆိုရင် ရပါတယ်
- အသုံးပြုသော ပုဇွန်အကောင် အကြီးအသေးပေါ်မှာ မူတည်ပြီးတော့လဲ ချဉ်သည့်ချိန် ကွာခြားတတ်ပါသေးတယ်
- ပုဇွန်အကောင် သေးငယ်ပါက ချဉ်သည့်ချိန် မြန်တတ်ကာ ပုဇွန်အကောင်ကြီးလျှင် ချဉ်သည့်ချိန် အနည်းငယ် ကြာနိုင်ပါတယ်
- ပုဇွန်ချဉ် ချဉ်သွားပြီ ဆိုပါက ချက်ချင်းကြီး သုပ်မစားဖြစ်သေးလျှင် သော်လည်းကောင်း ကြော်မစားဖြစ်သေးလျှင် သော်လည်းကောင်း ပုဇွန်ချဉ်ကို လေလံဗူးလေးထဲ ထည့်ပေးကာ ရေခဲသေတ္တာ မခဲသော အကန့်ထဲမှာ လေးရက်မှ ငါးရက်ခန့်အထိ သိမ်းထားနိုင်ပါတယ်
- ချက်ချင်းသုပ်စားမည် ဆိုပါက ထမင်းများကိုဖယ်ပြီး ကြက်သွန်နီ နံနံပင် ငရုတ်သီးစိမ်း ပဲဆီစိမ်းတို့နှင့် သုပ်စားနိုင်ပါတယ်
- သုပ်မစားဘဲ ကြော်စားမည်ဆိုပါက ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးလုံးခြမ်းကွဲတို့ကို ဆီသပ်ပေးပြီးမှ ကြော်စားနိုင်ပါတယ်။
No comments:
Post a Comment