Monday, 7 October 2019

ငါးဗျက် ဆီလည်ရေလည်ဟင်း





















ဒီနေ့တော့ ဗီယက်နမ်ဈေးကနေ ငါးဗျက်လေးတွေ ဝယ်လာတော့ ငါးဗျက်ဟင်း ချက်နည်းလေး ရေးဖြစ်ပြန်ပါပြီ ဒီငါးလေးက အချိုလေးတဲ့အတွက် စားလို့အင်မတန်မှ ကောင်းပါတယ် အရိုးလေးတွေကအစ ဝါးစားလို့ ရတာမို့ နှစ်ကောင် သုံးကောင်လောက် စားရရင်ကိုဘဲ တင်းတိမ်စေပါတယ်။

မြန်မာပြည်မှာတော့ အရမ်းပေါပြီး မာမာနေတဲ့ နိုင်ငံမှာတော့ ၁၇ကောင်လောက်ပါတဲ့ အထုတ်တထုတ်ကို $10.50 လောက်ပေးရပါတယ် ဈေးကြီးမှန်း သိပေမဲ့လဲ ရေချိုငါးလေးဖြစ်လို့ စားချင်တာနဲ့ မျက်စေ့မှိတ်ပြီး ဝယ်လိုက်ပါတယ်။

ဒီငါးက ချဉ်ငံစပ်လေးချက်မှ စားကောင်းသလို ဆီသတ်နာမှလဲ စားလို့ ပိုကောင်းပါတယ် ဆီမသတ်ဘဲ ချက်ရင်တော့ ငါးအသားက ဖုံပွပွကြီးနဲ့ စားလို့မကောင်းပါဘူး။

မရမ်းသီးခြောက်ကို ရေစိမ်ပြီး အရည်ယူကာ ချက်ရင် ပိုပြီးစားလို့ကောင်းပါတယ်အခုတော့ မာမာ့ဆီမှာ  မရမ်းခြောက် မရှိတဲ့အတွက် မန်ကျည်းသီးမှည့်ကို ရေစိမ်ပြီး ချက်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ


  1. ငါး - ၁၂ကောင်ခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  11. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  12. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  13. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  14. မန်ကျည်းသီးမှည့် - အနည်းငယ် (ငါးဆေးရန်)
  15. ဗီနီကာ - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  16. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
ပြင်ဆင်ပုံ

  • ဇလုံတစ်လုံးထဲမှာ ငါးကိုထည့်ပြီး မန်ကျည်းသီးမှည့်နှင့် ဆား ထမင်းစားဇွန်း တစ်ဇွန်းတို့ထည့်ကာ ခပ်နာနာ နယ်ပေးပါ
  • ငါးမှာကပ်နေသော အချွဲများ ကုန်သလောက်ရှိအောင် နယ်ပေးပါ
  • နယ်ပြီးတာနဲ့ အချွဲများ ပြောင်သွားအောင် ရေနှင့် နှစ်ထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ငါးကိုအရင်ဆုံး မလိုသော ရေယက်များ ဘေးတောင်များနှင့် အမြှီးဖျားပိုင်းတို့ကို ခုတ်ပေးပါ
  • ပြီးတာနဲ့ ပုံပါအတိုင်း ခေါင်းကိုဖယ်ပေးကာ ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးပါ
  • အားလုံးပြီးတာနဲ့ ငါးရဲ့ လက်ကျန်အချွဲများ ကုန်သွားအောင် ဗနီကာနဲ့ နယ်ပေးကာ ရေလေးထပ်လောက် ဆေးပေးပါ
  • အားလုံးပြီးပါက ငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေနွေးနှင့် စိမ်ထားပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့်ငရုတ်သီးအရောင်တင်မှုန့်တို့ အတူထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာပါက ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက မန်ကျည်းသီးမှည့် အရည်ကို ငါးထဲမြုပ်အောင် ထည့်ပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်းနှင့် နံနံပင် အုပ်ပေးပါ
  • ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment